မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်းအရုံး၏ နှစ်ချုပ် ငွေစာရင်း ရှင်းတမ်းများကို စိစစ်အရေးယူ ထုတ်ပြန်ပေးပါရန် အဖွဲ့ဝင် ပန်းချီဆရာများက ပြည်သူ့လွှတ်တော်ရုံးသို့ လက်မှတ်ထိုး တိုင်ကြားထား
ကြောင်း တိုင်ကြားရာတွင် ပါဝင်သူ ပန်းချီစံဦးက ပြောသည်။
၁၉၉၂ ခုတွင် စတင်ဖွဲ့စည်းခဲ့သည့် အစည်းအရုံး တာဝန်ရှိသူများက နှစ်ပေါင်း ၂၀ အတွင်း အဖွဲ့ဝင် အများ သိသာရန် ထုတ်ပြန်ခြင်း မရှိခဲ့ကြောင်း ပန်းချီစံဦး က မဇ္ဈိမကို ပြောသည်။
“အကုန်လုံးကို အသိမပေးဘဲ သူတို့ဖာသာသူတို့ ထုတ်ပြန်ကြတာလေ။ ပန်းချီဆရာအများစုက မသိကြဘူး။ အနှစ် ၂၀ ကျော်ပြီဆိုတော့ ငွေပမာဏက ဘယ်လောက်မှန်းကို မသိတော့ဘူး” ဟု ပြောသည်။
အစိုးရနှင့် ပြင်ပ လုပ်ငန်းရှင်များထံမှ ပန်းချီအလုပ် အပ်ထည်များ လက်ခံခြင်း၊ အစည်းအရုံးဝင်ကြေး၊ ဆိုင်ခန်းငှားခ၊
ကော်မရှင်ရငွေ စသည့် အစည်းအရုံး ဝင်ငွေများ ရရှိနေသည်ဟု သိရသည်။
ထို့ပြင် အစည်းအရုံး ဗဟိုအမှုဆောင်အဖွဲ့ကိုလည်း အသစ် ပြင်ဆင်ဖွဲ့စည်းပေးရန် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီသို့ ဇန်နဝါရီလ ၂၃ ရက်နေ့က တောင်ငူ၊ မန္တလေး၊ ရန်ကုန်တို့မှ ပန်းချီဆရာများ၊ ပန်းချီပြခန်းပိုင်ရှင်များ စုစုပေါင်း ၇၀၀ ကျော်က လက်မှတ်ထိုး တိုင်ကြားထားကြောင်း သိရသည်။
ဦးဆောင် လက်မှတ်ထိုး တိုင်ကြားသူ ၁၂ ဦးထဲတွင် ပန်းချီစံဦး အပြင် အစည်းအရုံး နာယက ဦးစတားမြသန်း လည်း ပါဝင်သည်။ လက်မှတ်ထိုးသူ ပန်းချီဆရာ ၇၀၀ ကျော်တွင် နာမည်ရ ပန်းချီစိုးမိုး၊ ပန်းချီမင်းဝေအောင်၊ ပန်းချီအေးကို တို့လည်း ပါဝင်သည်။
ထိုတိုင်ကြားစာအတွင်း၌ “အစည်းအရုံးသည် စနစ်ဟောင်းကာလတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်၍ စတင်ဖွဲ့စည်းသည်မှ ယနေ့အထိ ဗဟိုဦးစီးစနစ်ကိုသာ ကျင့်သုံးခဲ့ပြီး ဗဟိုအလုပ်မှုဆောင်သစ် ရွေးချယ်ခြင်း၊ တာဝန်မှ ရပ်စဲခြင်း၊ အစားထိုးခြင်းများကို အများသဘောဆန္ဒ ရယူခြင်းမရှိဘဲ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ကပင် အစဉ်အဆက်
ဆောင်ရွက်ခဲ့ကြောင်း တွေ့ရပါသည်” ဟု ဖော်ပြပါရှိသည်။
“တနိုင်ငံလုံးကို ကိုယ်စားပြုတယ်သာ ပြောတယ် ရန်ကုန်လူနဲ့ပဲ။ မန္တလေးတို့ ဘာတို့ ဂရုကို မစိုက်ဘူး။ တနိုင်ငံလုံးမှာ အဖွဲ့ဝင် စုစုပေါင်း ၃,၀၀၀ ကျော်မယ်။ အခုဟာက အမြန်ဆိုတော့ လက်လှမ်းမီသလောက်ပဲ ပတ်ပြီးတော့ ထိုးတာပေါ့လေ” ဟု ပန်းချီစံဦး က ပြောသည်။
မကြာမီ မျက်နှာစုံညီ အစည်းအဝေး ကျင်းပရန်ရှိသည့် အစည်းအရုံး၏ အတွင်းရေးမှူး ဦးကြည်ဝင်းကမူ ယင်းတိုင်ကြားစာနှင့် ပတ်သက်ပြီး သိရှိကြောင်း၊ ငွေကြေးကိစ္စများကို စနစ်တကျ ဆောင်ရွက်နေကြောင်း Messenger ဂျာနယ်သို့ တုန့်ပြန်ပြောဆိုသည်။
“ကျနော်တို့ အားလုံးကို စနစ်တကျ လုပ်နေပါတယ်။ အဲဒီငွေရေးကြေးရေးဆိုတာလည်း စနစ်တကျ လုပ်ပါတယ်။ ကျနော်တို့ ဖွဲ့စည်းပုံစည်းမျဉ်း အတိုင်းပဲ စနစ်တကျ အလုပ်အမှုဆောင်အဖွဲ့ အနေနဲ့ ဆောင်ရွက်ပါတယ်” ဟု သူက ပြောသည်။
မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်းအရုံးမှာ ယခင် ပန်းချီပန်းပုကောင်စီအား ပြင်ဆင်၍ ၁၉၉၂ ခုတွင် ပန်းချီ၊ ပန်းပု၊ ပန်းပဲ၊ ပန်းတိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းတမော့၊ ပန်းပွတ်၊ ပန်းရံ၊ ပန်းယွန်းပညာရှင်များဖြင့် စုဖွဲ့ထားပြီး အများစုမှာ ပန်းချီပညာရှင်များ ဖြစ်ကြသည်။
No comments:
Post a Comment