ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများတိုးတက်ရေးပါတီ (ကျားဖြူပါတီ)အနေဖြင့် ကချင်ပြည်နယ်တွင်း လစ်လပ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် သုံးနေရာအနက် တစ်နေရာတွင်သာ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ကျားဖြူပါတီက မိုးကောင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုင်းသန်းတင့်အောင်ကို ရွှေးချယ်ထားသည်။
မိုးကောင်းမြို့နယ်တွင် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ကေအိုင်အို ဒု-ဥက္ကဌဟောင်း ဒေါက်တာတူးဂျာအပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်ခင်ကြည်နှင့် အန်ဒီအက်ဖ်ပါတီမှ ဥိးမြတ်မိုးမြင့်တို့မှလည်း ၀င်ရောက်ရွေးချယ်ခံကြမည်။
‘’ဖားကန့်နဲ့ ဗန်းမော်မှာ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုတာက မိတ်ဆွေပါတီအချင်းချင်းညှိုနှိုင်းထားလို့ပါ”ဟု ကျားဖြူမှ ပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့်က ရှင်းပြသည်။
၎င်းနေရာများတွင် NDF နှင့် တစည ပါတီများမှ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ကြောင်း ဆက်လက် ပြောဆိုသည်။ “ တစညနဲ့က အောက်ခြေအဆင့်ညိုနှိုင်းပြီး ဗန်းမော်နေရာကို ရှောင်ထားတာပါ “ ဟု ဦးစောသန်းမြင့်က ဆက်လက်ရှင်းသည်။
လစ်လပ်သွားသည့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း နေရာများမှာ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ မိုးကောင်းပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဘုန်းဆွေသည် ဒုဝန်ကြီးအဖြစ် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနတွင်လည်းကောင်း၊ ဖားကန့် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးအုန်းမြင့်သည် သမ၀ါယမ၀န်ကြီးအဖြစ်လည်းကောင်း၊ ဗန်းမော်မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးလွန်းမောင်သည် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ်လည်းကောင်း အသီးသီး တာဝန်ယူလိုက်ရသဖြင့် လစ်လပ်သွားခြင်းဖြစ်သည်။
ကချင်ပြည်နယ်အတွင်း လစ်လပ်သွားသည့်နေရာများတွင် NLD, ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ တို့မှ ၃ နေရာလုံးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး NDF ၂ နေရာ , ကျားဖြူပါတီနှင့် တစည တို့က ၁ နေရာစီ ၀င်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ပါတီများမှ ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများအား ရွေးကောက်ပွဲကျင်းပရေးခရိုင်ကော်မတီမှ စိစစ်လျက်ရှိပြီး ဖေဖော်ဝါရီလ ၁၀ ရက်ကျော်မှ စတင်ကာ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နိုင်လိမ့်မည် ယူဆကြောင်း ကျားဖြူပါတီက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး ကချင်ပြည်နယ်တွင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ နေရာ ၃၀၊ တစည မှ ၅ နေရာ၊ ကျားဖြူပါတီမှ ၄ နေရာ၊ အသီးသီးနေရာရရှိထားကြသည်။
No comments:
Post a Comment