Saturday, February 04, 2012

ကျပ်သိန်းတစ်သောင်းကျော် အကုန်ခံ၍ ကိုယ်ထူကိုယ်ထ တံတားဆောက်မည်

အလောင်းတော်ကဿပ ဘုရားဖူး သွားရာလမ်းတစ်လမ်းဖြစ်သည့် ယင်းမာပင် - လည်ငေါက် - ပုထိုးသာ - ကပိုင်လမ်းပေါ်ရှိ မြောက်ယမားချောင်းပေါ်တွင် 'ရွှေမေတ္တာ' အမည်ရှိချောင်းကူးတံတား တစ်စင်းကို ရွှေဆံပင်ဆရာတော်ကကျပ် သိန်းပေါင်း တစ်သောင်းကျော် အကုန် အကျခံတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

 အဆိုပါ ရွှေမေတ္တာ မြောက်ယမား ချောင်းကူးတံတားသည် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ပုလဲမြို့နယ် ပုထိုး သာရွာနှင့် ယင်းမာပင်မြို့နယ် ရင်ပေါင် တိုင်ရွာတို့ကို ဆက်သွယ်ထားမည်ဖြစ်သည်။
အလောင်းတော်ကဿပ ဘုရား ဖူးသွားရာလမ်းပေါ်တွင် အရှည်ဆုံးဖြစ် မည့် အဆိုပါတံတားကို ပေ ၅၄၀ အရှည် နှင့် သံကူ ကွန်ကရစ်တံတားအဖြစ် ယခု နှစ်ဆန်းပိုင်းမှ စတင်၍ ရွှေဆံပင် ဆရာ တော်ဦးဝေပုလ္လဦးဆောင်သော ရွှေဆံပင် တံတားလမ်း ပြုပြင်ထိန်းသိမ်းရေး ဆရာ တော်များအဖွဲ့က ကိုယ်ထူကိုယ်ထ တည်ဆောက်သွားမည် ဖြစ်သည်။
"ဒီတံတား မြောက်ဘက်ခြမ်းမှာ ရွာ ပေါင်း ၃၀ လောက်ရှိတယ်။ မိုးတွင်းကျ ရင် ဒီချောင်းကိုဖြတ်ပြီးသွားလာရတဲ့ အတွက် အခက် အခဲတွေအများကြီးရှိ တယ်။ ပုထိုးသာကနေ ရင်ပေါင်တိုင်ကို ဖြတ်ပြီး အလောင်းတော်ကဿပတောင် တော်ခြေရင်းမှာရှိတဲ့ ကပိုင်ရွာအထိ တန်းဖြတ်ပြီးလမ်းဖောက်မယ်။ ဒီချောင်း ကိုဖြတ်ပြီး တံတားဆောက်ဖို့က တချို့ နေရာတွေမှာ ပေ ၇၀၀ လောက်ရှိတယ်။ အခုအသင့်တော်ဆုံးနေရာကနေ ပေ ၅၄၀ အရှည်တံတားဆောက်မယ်" ဟု ရွှေဆံပင်ဆရာတော် ဆရာတော် ဦးဝေပုလ္လက မိန့်ကြားသည်။
ရွှေဆံပင်ဆရာတော်သည် ၂၀၀၆ ခု နှစ်မှစ၍ ယင်းမာပင်မြို့နယ် လည်ငေါက် ရွာမှ ပုလဲမြို့နယ် ချင်ပြစ်ရွာအထိ ၁၅ မိုင် အရှည်ရှိ လမ်းကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့်ပြုပြင်တည်ဆောက်ခဲ့ပြီး၊ အဆို ပါလမ်းပေါ်တွင် ရွှေဆံပင်တံတား အမည်ရှိ တံတားတစ်စင်းကို ကျပ်သိန်း ပေါင်းတစ်ထောင်ကျော်အကုန်အကျခံ တည်ဆောက်ခဲ့ကြောင်း သိရသည်။
ကျောက်ချောလမ်းအဆင့် တည် ဆောက် ပြီးခဲ့သည့် လည်ငေါက် - ချင်ပြစ်လမ်းသည်ကျပ်သိန်းပေါင်းငါး ထောင်ကျော် ကုန်ကျခဲ့ပြီး ကတ္တရာလမ်း အဆင့်ဆက်လက် တည်ဆောက်သွား မည်ဖြစ်ကြောင်းလည်း သိရသည်။
ရွှေဆံပင်ဆရာတော်သည်၂၀၀၉ ခု နှစ်မှစတင်၍ ရွှေဆံပင်အလှူခံခဲ့ပြီး၊ ရရှိ သည့် အလှူငွေများဖြင့် ရွှေဆံပင်တံတား လမ်းကို ပြုပြင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
မုံရွာ၊ မန္တလေး၊ ရန်ကုန်၊ မိတ္ထီလာ၊ ကချင်ပြည်နယ်၊ မကွေး၊ ကန့်ဘလူ စသော ဒေသများတွင် ရွှေဆံပင် အလှူ တော်တရားပွဲများ ကျင်းပ၍ ဆံပင် အလှူ ခံခဲ့ရာ စုစုပေါင်းဆံပင်ရောင်းရငွေ ကျပ် သိန်းပေါင်း ၇,၀၀၀ ကျော်ရရှိခဲ့ကြောင်း သိရသည်။
ရွှေဆံပင်ဆရာ တော်ဦးဝေ ပုလ္လသည် အစပိုင်းတွင်ရွှေ ဆံနွယ်ဆရာ တော်နှင့်ပူးပေါင်း၍ ရွှေဆံပင်အလှူ တော်တရားပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။
စစ်ကိုင်းဒေသကြီး ယင်းမာပင်မြို့နယ် နှင့်ပုလဲမြို့နယ်များကိုဖြတ်သန်းဖောက် လုပ်ထားသည့် ရွှေဆံပင်တံတားလမ်း ပြုပြင် တည်ဆောက်ရေးအတွက် ကျပ် သိန်း ၄၅၀ တန်လမ်းကြိတ်စက်နှင့် ကျောက် ကားသုံးစီးကို ကျပ်သိန်းငါးရာကျော်အ ကုန်အကျခံ၍ ကိုယ်ပိုင်ဝယ်ယူခဲ့ပြီး ကိုယ်ပိုင်လုပ်သားအဖွဲ့များဖြင့် ကိုယ်ထူကိုယ်ထ ခင်းခဲ့ခြင်းဖြစ်သည်။
"လမ်းပြုပြင်ဖို့အတွက် စက်ယန္တရား တွေငှားရမ်းရတာ အရမ်းခက်တယ်။ ငှားတိုင်းလည်းမရဘူး။ ဒါကြောင့် ကိုယ်ပိုင်ဝယ်ပြီး ကိုယ်ပိုင် အလုပ်သမားအဖွဲ့ တွေနဲ့လမ်းပြုပြင်တည်ဆောက်ခဲ့တာ။ လုပ်ငန်း အတွေ့အကြုံလည်းရတယ်။ အကုန်အကျလည်း သက်သာ တာပေါ့။ တခြား ကားလေးတွေလည်းရှိတယ်။ ဒီနယ်ကလူတွေ ကျန်းမာရေးအရေးပေါ် ဖြစ်ရင် မုံရွာ၊ မန္တလေးကိုဆေးရုံတင်နိုင် ဖို့အခမဲ့လိုက်ပို့ပေးတယ်။ နှစ်နှစ်အတွင်း လူနာပေါင်းသုံးရာကျော် ပို့ပေးခဲ့တယ်။ ဒါကတော့ ကျန်းမာရေးကုသိုလ်ပေါ့။ ကျန်တာ ကတော့ လမ်းပြင်တယ်။ ဒီလမ်း ပြီးရင် တခြားလမ်းတွေလည်းဆက်ပြီး ပြုပြင်တည်ဆောက်သွားမှာပါ" ဟု ရွှေဆံပင်ဆရာတော်က မိန့်ကြားသည်။
ရွှေဆံပင်တံတားလမ်းကို အမှီပြုနေရသည့် ကျေးရွာပေါင်း ၆၀ ကျော်နှင့် လူဦးရေ ၅၀,၀၀၀ ကျော်ရှိပြီး ရွှေဆံပင် အလှူစတင်ခဲ့သည့် ပုလဲမြို့နယ်၊ ပုထိုးသာ ရွာတွင် လာမည့်တပို့တွဲ လပြည့်နေ့၌ ဒုတိယအကြိမ် ဆံပင်အလှူပွဲနှင့် တရားပွဲများကျင်းပသွားမည်ဖြစ် ကြောင်းလည်း သိရသည်။

No comments: