မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြုပြင်ပြောင်းလဲမှုများကို သမိုင်းဝင် လုပ်ရပ်အဖြစ် ကြိုဆိုလိုက်ပြီး လူ့ အခွင့်အရေး အခြေအနေများ တိုးတက်လာရေး အတွက် အရေးတကြီးလုပ်ဆောင်ရန် လိုအပ်နေကြောင်း ပြောဆိုသည်။
“စစ်တပ်အပါအ၀င် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေမှာ ပြည်သူတွေကို ကာကွယ်မှုတွေလုပ်ဖို့ အရမ်းအရေးကြီးပါတယ်”ဟု မစ္စတာ ကင်တာနာ က ပြောသည်။
မစ္စတာ ကင်တာနာ သည် ၅ ကြိမ်မြောက် ၆ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အပြီး ယမန်နေ့က ရန်ကုန် လေဆိပ်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေမှာ စိုးရိမ်ရသော အခြေအနေတွင်ပင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း၊ အထူးသဖြင့် တိုက်ပွဲများဖြစ်ပွားနေသည့် တိုင်းရင်းသားဒေသများတွင် အရပ်သားများကိုတိုက်ခိုက်ခြင်း၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်းများ ရှိနေကြောင်း မစ္စတာ ကင်တာနာ က ကြေညာချက်တွင် ထောက်ပြထားသည်။
ထို့အပြင် လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခြင်း၊ အဓမ္မ နေရပ်ရွှေ့ပြောင်းခြင်း၊ လယ်ယာမြေ မတရားသိမ်းပိုက်ခြင်း၊ စစ်ပွဲများတွင် လူသားဒိုင်း အသုံးပြုခြင်း၊ ကလေးစစ်သား အသုံးပြုခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေ သေးကြောင်း၊ ထို ချိုးဖောက်မှုများကို စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ကျုးလွန် နေကြကြောင်းလည်း ကြေ ညာချက်၌ ပါရှိသည်။
မြန်မာနိုင်ငံ တရားစီရင်ရေး စနစ်ကိုလည်း လွတ်လပ်မှုမရှိကြောင်း ကင်တာနာက ထောက်ပြ ပြောဆို ထားသည်။
“ဥပဒေ ပြုပြင်ပြောင်းလဲမှုတွေ ရှိနေပေမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြဌာန်းချက်တွေနဲ့အညီ လွတ်လပ်မှု၊ အခြေခံ လူ့ အခွင့် အရေးတွေကို အာမခံတဲ့၊ လွတ်လပ်ပြီး ဘက်မလိုက်ဘဲ ထိရောက်တဲ့ တရားရေးစနစ်တခု ဖြစ်ဖို့ လိုပါတယ်”ဟု က ဆိုသည်။
နိုင်ငံတော် ကာကွယ်ရေး ဥပဒေ၊ အီလက်ထရွန်နစ် အက်ဥပဒေ၊ တရားမ၀င် အသင်းအဖွဲ့ ဥပဒေ စသည့် ဥပဒေများ သည် ယခုအထိ ပြန်လည်သုံးသပ် ပြုပြင်ပြဌာန်းခြင်း မရှိသေးဘဲ အဆိုပါ ဥပဒေများကို ယုံကြည်ချက်ကြောင့် အကျဉ်း ချခံရသူများကို ပြစ်ဒဏ်ပေးရာတွင် အသုံးပြုနေသည်မှာ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် မညီညွတ်ကြောင်းလည်း သူက ပြောသည်။
နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် လျော်ညီသည့် တရားရေးစနစ် ဖြစ်ပေါ်လာရေးအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ နည်းလမ်းရယူရန် တိုက်တွန်းကြောင်း မစ္စတာ ကင်တာနာက ဆက်လက် ပြောဆိုသည်။
ထို့အပြင် မစ္စတာ ကင်တာနာက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် လွတ်လပ်ပြီး အမှီအခို ကင်းရန် လို အပ်ကြောင်းလည်း ပြောဆိုသည်။
“လူ့အခွင့်အရေး ကော်မရှင်က အစိုးရရဲ့ ထိန်းချုပ်မှုအောက်က ကင်းလွတ်မှု မရှိဘူးဆိုတဲ့ အချက်ကို ပြနေတယ်။ နောက်ပြီး အကျဉ်းထောင်တွေကို သွားရောက်စစ်ဆေးတာတွေကလည်း သမ္မတရဲ့ ညွှန်ကြားချက်နဲ့ စစ်ဆေးတယ်လို့ သိခဲ့ရတယ်၊ ဒါ့အပြင် တိုင်းရင်းသား လူမျိုးစုတွေကို ကိုယ်စားပြုပါတယ်ဆိုပြီး သမ္မတခန့်အပ်ထားတဲ့ ကော်မရှင် အဖွဲ့ဝင် အများစုကလည်း အစိုးရ ၀န်ထမ်းဟောင်းတွေ ဖြစ်နေတယ်”ဟု မစ္စတာ ကင်တာနာက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
မစ္စတာ ကင်တာနာသည် နိုင်ငံရေးအကျဉ်းသားအများစု ကျန်ရှိနေခြင်းနှင့်ပတ်သက်ပြီး အမြန်ဆုံး ပြန်လွှတ်ပေးရန် လည်း တိုက်တွန်း ပြောဆိုခဲ့သည်။
“နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခြင်းဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်အရေးပါသလို သိပ်ကိုလိုအပ်တဲ့ ခြေလှမ်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူး ပြောင်းရေးမှာ အများကြီး အထောက်အကူပြုမှာပါ”ဟု သူက ဆိုသည်။
မစ္စတာ ကင်တာနာသည် ရွေးကောက်ပွဲ ကော်မရှင်နှင့်တွေ့ဆုံစဉ် လာမည့် ဧပြီလ ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုရှိရန် လိုပြီး မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးအတွက် အဓိက စမ်းသပ်မည့် စစ်ဆေးချက် တခုဖြစ်၍ အရေးကြီးကြောင်း ပြောဆိုခဲ့သေးသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့များကို ဖိတ်ခေါ်ရန် စဉ်းစားနေကြောင်း ပြောဆိုသည်ဟုလည်း ကင်တာနာက ဆိုသည်။
မစ္စတာ ကင်တာနာသည် သူ၏ ခရီးစဉ်အတွင်း မြန်မာအစိုးရ၏ ပြည်ထဲရေး ၀န်ကြီး၊ ကာကွယ်ရေး ၀န်ကြီး၊ နယ်စပ် ရေးရာ ၀န်ကြီး၊ ရှေ့နေချုပ်၊ တရားသူကြီးချုပ်၊ ရွေးကောက်ပွဲ ကော်မရှင်၊ ပညာရေးဝန်ကြီး၊ ဒု နိုင်ငံခြားရေးဝန်ကြီး၊ ဒု အလုပ်သမားဝန်ကြီး၊ ပြည့်သူ့လွှတ်တော်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ကင်တာနာသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း၂ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့သည်။
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဇိုမီးအမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန် တို့နှင့်လည်း တွေ့ဆုံခဲ့သည်။
မကြာခင်က ပြန်လည်လွတ်မြောက်လာကြသော ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိသည့် ၈၈ မျိုးဆက်ကျောင်းသားများ၊ ၂၀၀၇ ခုနှစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ၊ အင်းစိန်အကျဉ်းထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသား တချို့နှင့်လည်း ခရီးစဉ်အတွင်း တွေ့ဆုံခဲ့သည်။
မစ္စတာ ကင်တာနာသည် ငြိမ်းချမ်းရေး စကားပြောနေကြသော မွန်၊ ကရင်စသည့် တိုင်းရင်းသား အဖွဲ့များနှင့်လည်း မွန်ပြည် နယ် မော်လမြိုင်မြို့တွင် ယမန်နေ့ နံနက်ပိုင်းက တွေ့ဆုံခဲ့သေးသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများကြား အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေမှုများကို ကြို ဆို ကြောင်းလည်း မစ္စတာ ကင်တာနာက ထုတ်ဖော်ပြောဆိုခဲ့သည်။
လာမည့် အောက်တိုဘာလ ကျင်းပမည့် ၁၉ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေး မတိုင်မီ မစ္စတာ ကင်တာနာသည် မြန်မာနိုင်ငံသို့ ထပ်မံ လာရောက်ရန် ရှိသည်ဟုလည်း ဆိုသည်။
မစ္စတာ ကင်တာနာသည် ၂၀၀၈ ခုနှစ်က ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီး ယခင်က မြန်မာ စစ်အစိုးရ၏ လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ(Crime against humanity)၊ စစ်ရာဇ၀တ်မှုများ (War Crime) အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရေး( CoI)ကိုတောင်းဆို ခဲ့သူလည်းဖြစ်သည်။ အဆိုပါ CoI ဖွဲ့ရေးအတွက် အမေရိကန် အပါအ၀င် နိုင်ငံပေါင်း ၁၆ နိုင်ငံက ထောက်ခံထားသည်။
No comments:
Post a Comment