
၂၀၁၁ ခုနှစ် ဧပြီလက နေပြည်တော်တွင် တရုတ်နိုင်ငံ ပေါလစ်ဗျူရို အကြီးတန်းအဖွဲ့ဝင် Jia Qinglin နှင့် ဦးရွှေမန်းတို့ကို တွေ့ရစဉ် (Photo: Xinhua)
“တိုင်းရင်းသားတွေနဲ့ ပြန်လည်သင့်မြတ်ရေး အဖြေရှာတဲ့နေရာမှာ ငြိမ်းချမ်းတဲ့ နည်းလမ်းကို မြန်မာအနေနဲ့ ရှာဖွေနိုင်မယ်လို့ တရုတ်နိုင်ငံအနေနဲ့ ယုံကြည်စွာ မျှော်လင့်တယ်။ ဒါဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသရဲ့ ရေရှည်တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို အကာအကွယ်ပေးနိုင်လိမ့်မယ်” ဟု Jia Qinglin က ပြောကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြသည်။
မြန်မာအစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ယမန်နှစ် ဇွန်လမှစတင်၍ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထောင်နှင့်ချီသည့် ဒုက္ခသည်များ တရုတ်-မြန်မာနယ်စပ်တလျှောက်သို့ ထွက်ပြေးခဲ့ရသည်။
KIA ထိန်းချုပ်ရာ လိုင်ဇာဒေသ တ၀ိုက်ရှိ ဒုက္ခသည်စခန်းများ၌ စစ်ပြေး ဒုက္ခသည် ၃ သောင်းကျော်နှင့် မန်စီ၊ ၀ိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မိုင်ဂျာယန် စသည်တို့တွင်လည်း ဒုက္ခသည်များရှိပြီး စုစုပေါင်း ၅ သောင်းဝန်းကျင် ရှိကြောင်း ဒုက္ခသည် ကူညီကယ်ဆယ်ရေး အဖွဲ့များက ပြောသည်။
သူရဦးရွှေမန်းနှင့် အဖွဲ့သည် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ Wu Bangguo ၏ ဖိတ်ကြားမှုဖြင့် သွားရောက်ခြင်းဖြစ်သည်။
သူရဦးရွှေမန်း၏ တရုတ်ခရီးစဉ်သည် စစ်အစိုးရလက်ထက် ခရီးစဉ်များနှင့်ပါဆိုလျှင် ၇ ကြိမ်မြောက်ဖြစ်ကြောင်း တရုတ်သံရုံးနှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းကဆိုသည်။
“မိမိတို့ နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို တိုးမြင့်စေရေးအတွက် ရည်ရွယ်ပါတယ်” ဟု တရုတ်ပြည်သို့ မထွက်ခွာမီ သတင်းထောက်များကို သူရ ဦးရွှေမန်းက ပြောခဲ့ကြောင်း သိရသည်။
No comments:
Post a Comment