Saturday, February 04, 2012

ပြည်သူ့ဘဏ္ဍာကို ပြည်သူနှင့်အညီ အကျိုးရှိစွာသုံးစွဲဖို့ ဘက်စုံကတွက်ဆပါ

ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်း လာသည့် နှစ်တို နှစ်ရှည် အမျိုးသား စီမံကိန်းများနှင့် ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေကြမ်းများကို ပြည်သူ့ ဆန္ဒနှင့်အညီ ပြည်သူ့ဘဏ္ဍာငွေကို အကျိုးရှိစွာ ခွဲဝေသုံးစွဲနိုင်ရန် ဘက်စုံ ထောင့်စုံက ချင့်ချိန်တွက်ဆ ကြစေလို ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက 'ဘတ်ဂျက်လွှတ်တော်'သို့ တက်ရောက်လာသော ကိုယ်စားလှယ် များအား ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးပထမနေ့ တွင် တိုက်တွန်းပြောကြားခဲ့သည်။


ပြည်ထောင်စုလွှတ်တော် နာယကဦးခင်အောင်မြင့်
"ယနေ့ဆိုရင် ၂၀၁၁-၁၂ နဲ့ ၂၀၁၂- ၁၃ အမျိုးသားစီမံကိန်းဥပဒေကြမ်းများ၊ ၂၀၁၁-၁၂ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနဲ့ ၂၀၁၂-၁၃ ပြည်ထောင်စုဘဏ္ဍာငွေအရ အသုံးဆိုင် ရာ ဥပဒေကြမ်းတို့ကို သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက လွှတ်တော်ကို တင်သွင်း ကြတော့မှာ ဖြစ်ပါတယ်။ "ပထမပိုင်းအနေနဲ့ ဥပဒေကြမ်းများ အပေါ် ဆွေးနွေးသုံးသပ်အတည်ပြုကြရမှာ ဖြစ်ပါတယ်။ ဒုတိယပိုင်းအနေနဲ့ အမျိုးသားစီမံကိန်းများအပေါ် မူတည် ပြီး ၂၀၁၂ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေး ဥပဒေကြမ်းနဲ့ တတိယပိုင်း အနေနဲ့ ၂၀၁၂-၁၃ ခုနှစ် ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ ကြမ်းတို့ကို ဆွေးနွေးဝေဖန်ကြရမှာ ဖြစ်ပါတယ်။
"ယနေ့ခေတ်ကာလသည် ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ ဒီမိုကရေစီ လူ့ဘောင်ရှင်သန်ခိုင်မာစေ ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြတဲ့ကာလ ဖြစ်ပါတယ်။ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဟာ ပြည်သူ့အုပ်ချုပ် ရေးစနစ် ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့ ဘဏ္ဍာငွေဖြစ်တဲ့ ရငွေများ တိကျမှန်ကန် စွာ ရရှိရေးနဲ့ အကျိုးရှိစွာ ခွဲဝေသုံးစွဲရေးတို့ဟာ ပြည်သူ့ဆန္ဒနဲ့ ညီညွတ်ဖို့လိုပါတယ်။ ပြည်သူတွေက ကျေနပ်ပျော်ရွှင်ကြဖို့ လိုပါတယ်။ "ဒီဥပဒေကြမ်းတွေနဲ့ပတ်သက်လို့ ပကတိအခြေအနေမှန်ပေါ် မူတည်ပြီး အမျိုးသား ရေးလိုအပ်ချက်တွေအတွက် ပါ အကောင်းဆုံဖြစ်နိုင်ခြေတွေကို ဘက်စုံက ချင့်ချိန်တွက်ဆ ဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြား လိုက်ပါ တယ်"ဟု ဦးခင်အောင်မြင့်က ပြည် ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ သို့ ပြောကြားခဲ့သည်။
ပြည်ထောင်စုလွှတ်တော် သက်တမ်း တစ်နှစ်ပြည့်ရက်နှင့် တိုက်ဆိုင်နေသော ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ သို့ တက်ရောက်ခွင့်ရ လွှတ်တော်ကိုယ် စားလှယ် ၆၁၂ ဦးရှိသည့် အနက် ၅၈၈ ဦးတို့ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတို့က တင်သွင်း လာသည့် အမျိုးသားစီမံကိန်းဆိုင်ရာ ဥပဒေကြမ်းနှစ်ခုနှင့် ဘတ်ဂျက်ဆိုင်ရာ ဥပဒေကြမ်းနှစ်ခုတို့ကို နာကြားလေ့လာခွင့် စတင်ရ ရှိခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် နိုင်ငံတော်စီမံကိန်း ဆိုင်ရာ အခြေခံမူများ၊ ဘတ်ဂျက်ဆိုင်ရာ အခြေခံဗဟု သုတများတို့ကို လွန်ခဲ့ သည့်နှစ်လက ကျင်းပပြီးခဲ့သော ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးရက်များ၌ ထိတွေ့ လေ့လာခွင့်ရရှိခဲ့ကြပြီးဖြစ်သည်။
ထို့ပြင် ယခု တတိယပုံမှန်အစည်းအဝေး၊ သို့မဟုတ် ဘတ်ဂျက်လွှတ်တော်၌ စိစစ် ဆုံးဖြတ်ကြရမည့် ပြည်ထောင်စုဝန်ကြီး ဌာနအသီးသီးက တင်သွင်းလာကြမည့် ငွေကြေးရသုံး ဥပဒေကြမ်းများနှင့် သက်ဆိုင်သော စာအုပ်ပေါင်းများစွာတို့ကို ပြီးခဲ့သည့် သီတင်းပတ်အဆုံး၌ တစ်ပြိုင် တည်း ကိုယ်စီ ရရှိခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်၌သာ ဆွေး နွေး ဆုံးဖြတ်ကြရမည့် ဥပဒေကြမ်းများ နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေး ခြင်းမပြုမီ အသေးစိတ် လေ့လာစိစစ်နိုင်ရေးအတွက် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ မှ ကိုယ်စားလှယ်ဦးရေ တူညီစွာ ပါဝင်ကြသည့် ဥပဒေကြမ်းပူးပေါင်း ကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတို့ကို အဆိုပါ ဘတ်ဂျက်လွှတ်တော် ပထမနေ့မှာပင် ဖွဲ့စည်းခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးမြညိမ်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော အဖွဲ့ဝင် ၃၀ ပါဝင်သည့် ဥပဒေကြမ်းပူးပေါင်း ကော်မတီဝင်များအား ခန့်အပ်တာဝန်ပေးရန် လွှတ်တော်ကိုယ်စားလှယ်တို့က သဘောတူ အတည်ပြုခဲ့ကြသည်။

No comments: