ကျမတို့ တာချီလိတ်မြို့မှာ ဘိုးဘွားရိပ်သာနဲ့ မိဘမဲ့ဂေဟာ တခု ရှိပါတယ်။ အဆိုပါ ဘိုးဘွားရိပ်သာနဲ့ မိဘမဲ့ဂေဟာကို တာချီလိတ်မြို့ခံများမှ ဆရာတော်ကြီး တစ်ပါး၏ဦးဆောင်မှုဖြင့် စုပေါင်းကာ ပ့ံပိုးတည်ထောင်ထားခြင်းဖြစ်ပါတယ်။ ဘိုးဘွားရိပ်သာမှာ အဘိုး 4 ဦး၊ အဘွား 11 ဦး ပေါင်း 15 ဦး ရှိပါတယ်ရှင့်။ မိဘမဲ့ဂေဟာမှာ စုစုပေါင်း ကလေးငယ် 24 ဦးခန့်ရှိပါတယ်။
ဘိုးဘွားများနဲ့ ကလေးသူငယ်များအတွက် အများပြည်သူက သဒ္ဒါတရား ထက်သန်စွာဖြင့် အစဉ်သဖြင့် လှူဒါန်း ပ့ံပိုး ပေး နေခဲ့ပါတယ်ရှင့်။ အလှူခံရရှိငွေတွေကို ဘိုးဘွားနဲ့ ကလေးငယ်တွေ စားဝတ်နေရေးအတွက် သီလရှင် ဆရာလေးတပါးက စီမံခန့်ခွဲ၍နေလာခဲ့ပါသည်။ ထိုသီလရှင်ဆရာလေးမှာ ဤဘိုးဘွားရိပ်သာနှင့် မိဘ မဲ့ဂေဟာ စတင်တည်ထောင် ကတည်း က ရောက်ရှိသီတင်းသုံးပြီး ဘိုးဘွားများနှင့် ကလေးသူငယ်များကို ပြုစုစောင့်ရှောက်နေသူဖြစ်ပါတယ်။ စားဝတ်နေရေး သာမက ကလေးသူငယ်များ ပညာရေးအတွက်လည်း စာသင်စာပြ ကိစ္စများပါ လုပ်ပေးနေသော စေတနာရှင် သီလရှင် ဆရာလေးတစ်ပါး ဖြစ်ပါတယ်ရှင့်။
ယခုအခါ တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသက်လွင်မှအလှူခံရရှိငွေများနှင့် အသုံးစရိတ် စာရင်းဇယား များကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးရုံးသို့ လာရောက်အပ်နှံရန် သီလရှင်ဆရာလေးအား ညွှန်ကြားလာခဲ့ပါတယ်။ နောက်နောင်လဲ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ ဂေဟာကို ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးကနေ စီမံခန့်ခွဲတော့မှာဖြစ်တဲ့ အတွက်ကြောင့် သီလရှင်ဆရာလေးကို ဘိုးဘွားရိပ်သာမှာ သီတင်းသုံးဖို့ မလိုတော့ဘူးဆိုပြီး နှင်ထုတ်လိုက်ပါတယ်။
ဘိုးဘွားများနဲ့ ကလေးသူငယ်တွေအပေါ် စိတ်ရောကိုယ်ပါ စေတနာထားစီမံနေတဲ့ သီလရှင် ဆရာလေးကိုဘာကြောင့် နှင်ထုတ်ရတာကို ကျမတို့အလှူရှင်တွေက နားမလည်နိုင်အောင်ဖြစ်ရပါတယ်။ ဘိုးဘွားများနဲ့ ကလေးသူငယ်တွေ အတွက်လည်း များစွာ စိတ်မကောင်းဖြစ်မိပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီးကျမတို့တာချီလိတ်မှာ နာမည်ကြီးကျောင်းတိုက်က ဆရာတော်ကြီးတပါးနဲ့လည်း ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသက်လွင်တို့ အဆင်မပြေ ဖြစ်ကြောင်းကြားရပါတယ်။ ယခုရက်ပိုင်းမှာတော့ ဆရာတော်ကြီး ရဲ့တားမြစ် မှုကြောင့် သီလရှင်ဆရာလေးကိုနှင်ထုတ်မယ့်ကိစ္စ ရပ်ဆိုင်းထားတယ်လို့သိရပါတယ်။
ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသက်လွင်ဟာ စီးပွါးရေးလုပ်ငန်းရှင်တွေကိုနှောင့်ယှက်တာတင် အားမရ၊ ပရဟိတ လုပ်ငန်းတွေမှာရော အစိုးရဝန်ထမ်းတွေကိုပါ နှောင့်ယှက်နေသူဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရှင့်
ဘိုးဘွားများနှင့် ကလေးသူငယ်များ၏ အကျိုးကို ရှေ့ရှု၍သော်လည်းကောင်းအလှူရှင်များ၏ စေတနာ သဒ္ဒါတရားတို့အား အသိအမှတ်ပြုသောအနေဖြင့် သော်လည်းကောင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသက်လွင်အား နောက်နောင်တွင် ပရဟိတ လုပ်ငန်းများတွင် ၀င်ရောက်နှောင့်ယှက်ခြင်းမပြုရန် တားဆီး၊ ဆုံးမ ပေးပါရန် အနူးအညွတ်တောင်း ဆိုအပ်ပါ တယ်ရှင့်။
သမ္မတကြီး နိုင်ငံတော်အကျိုးအများပြည်သူအကျိုး ဆထက်ထမ်းပိုး သယ်ဆောင်နိုင်ပါစေ။
တာချီလိတ်မှ အလှူရှင်များ
No comments:
Post a Comment