Thursday, March 22, 2012

ပုသိမ်သူရေပေါ်ရှပ်ပြေးယာဉ် နစ်မြုပ်

ပုသိမ်၊ မတ်လ ၂၂ ရက်
၂၀၁၂ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က ပုသိမ်- ငပုတော- သရက်တော ပြေးဆွဲသော ပုသိမ်သူ ၁၁ ကမ်းရိုးတန်းရှပ်ပြေးယာဉ်သည် ပုသိမ်မြို့မှ ထွက်ခွာလာရာ ငပုတောမြို့နယ် ကံဆိပ်ကျေးရွာဆိပ်ကမ်းတွင် ဆိုက်ကပ်ရန် ရေယာဉ်ဦးအား လှည့်စဉ်တိမ်းမှောက်ခဲ့ပါသည်။ ရေယာဉ်ပိုင်ရှင်မှာ သရက်တောကျေးရွာတွင်နေထိုင်သူ ဦးမြင့်နိုင်ဖြစ်ပြီး ၎င်းကိုယ်တိုင်မောင်းနှင်ကြောင်း သိရပါသည်။ ခရီးသည် စာရင်းအရ ရေယာဉ်ပေါ်တွင် ခရီးသည် ကျား ( ၄၃ ) ဦး၊ မ ( ၄၂ ) ဦး၊ စုစုပေါင်း ( ၈၅ ) ဦး လိုက်ပါလာခဲ့ ကြောင်း သိရပါသည်။

၎င်းခရီးသည်များအနက် ကျား (၄၁)ဦး၊ မ (၃၀)ဦး၊ စုစုပေါင်း (၇၁)ဦးအား အသက်ရှင်လျှက် ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး ၂၁ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ထိ ကျား(၂)ဦး၊ မ(၁၂)ဦး၏ အလောင်းများကို ပြန်လည်ဆည်ယူနိုင်ခဲ့ပါသည်။  အသက်ရှင်ကျန်ခဲ့သော ခရီးသည်များမှ အမျိုးသမီး (၁၀) ဦးအား ငပုတော ဆေးရုံသို့ ပို့ဆောင်ကုသပေးလျှက်ရှိပါသည်။ နစ်မြုပ်နေသောရေယာဉ်အား ပုသိမ်သင်္ဘောကျင်း ရေယာဉ် ဆယ်ယူရေးအဖွဲ့က၂၁ ရက်နေ့ နံနက် ၇ နာရီခန့်မှ စတင်ကာ ဖော်ယူရေးလုပ်ငန်းများကို ဆောင်ရွက်လျှက် ရှိပါသည်။
ရေယာဉ်နစ်မြုပ်ရာ ကံဆိပ်ကျေးရွာသို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ သွားရောက်ခဲ့ပြီး၊ သေဆုံးသူများအတွက် ဧရာဝတီတိုင်းဝန်ကြီးချုပ်မှ တစ်ဦးလျှင် ကျပ် တစ်သိန်းနှင့် တိုင်းမှူးမှ တစ်ဦးလျှင် ကျပ် သုံးသောင်းစီ ကျန်ရစ်သူမိသားစုများအား ပေးအပ်ခဲ့ပါကြောင်း သိရပါသည်။

No comments: