မြိုင်ကြီးငူဆရာတော်အား ကလို့ထူးဘောအဖွဲ့မှ သတ်ဖြတ်ရန် ဆောင်ရွက်
မြ၀တီ၊ မတ်လ ၁၄ ရက်
မြိုင်ကြီးငူဆရာတော်သည် ကရင်ပြည်နယ်အတွင်းတွင် သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်နေသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က ဆရာတော် သွားမယ့်လမ်းဖြစ်တဲ့ မဲသဝေါရွာနားက လမ်းကွေ့မှာ နှစ်ဆင့်ကွဲ တရုတ်မိုင်းတစ်လုံးနဲ့ ၅ ရက်နေ့က အမေရိကန်လုပ် ကားမိုင်းတစ်လုံး တွေ့ခဲ့ပါတယ်။ မိုင်းထောင်တဲ့လူကတော့ ကလိုထူးဘောအဖွဲ့မှ ဗိုလ်ပိရဲ့ တပည့်တစ်ယောက်ဖြစ်တဲ့ စောသန်းဦး ဖြစ်ပါတယ်။
မြိုင်ကြီးငူဆရာတော် ဦးသုဇန
ဗိုလ်ပိဟာ မြိုင်ကြီးငူတ၀ိုက်မှာ လှုပ်ရှားနေသူဖြစ်ပြီး မြိုင်ကြီးငူဒေသဟာ ဆရာတော်ရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ ရှိနေတာကြောင့် ဗိုလ်ပိဟာ သြဇာမရှိဘူး ဖြစ်နေပါတယ်။ ကလိုထူးဘော အဖွဲ့ဟာ ယခင်က DKBA မှ ဖြစ်ပြီး၊ ယခုခွဲထွက်လာတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ ဗိုလ်ပိဟာ သူ့ရဲ့နယ်မြေအတွင်းမှာ DKBA တွေ ၀င်ရောက်နေတာကို လက်မခံနိုင်ပါဘူး။ DKBA တွေက မြိုင်ကြီးငူဆရာတော်ကို လာဝတ်ပြုရင်းနဲ့ ဗိုလ်ပိနယ်မြေအတွင်းမှာ သွားလာနေတာဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ပိဟာ DKBA ကို နယ်မြေအတွင်းက ရှင်းထုတ်ဖို့ စဉ်းစားတဲ့ အခါမှာ ဆရာတော်ကို ဖယ်ထုတ်နိုင်မှာသာ အလွယ်တကူ ရှင်းနိုင်မှာဖြစ်တယ်လို့ တွေးမိပါတယ်။ ဆရာတော်ကို ဖယ်ထုတ်နိုင်ရင် KNU နဲ့ DKBA လည်း ပြဿနာတတ်ပြီး နှစ်ဘက်စလုံး အင်အားနည်းသွားမယ်။ ကလိုထူးဘောအဖွဲ့လည်း အင်အားတောင့်တင်းလာမယ်ဆိုတဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ကလိုထူးဘော အဖွဲ့ဝင်များ
ဒါပေမယ့် ဗိုလ်ပိဟာ မတ်လ ၁၁ ရက်နေ့က ဆရာတော် ဘားအံသွားစဉ်က လိုက်ပါသွားပြီး သူ့အမှားကို ဆရာတော်ဆီမှာ ၀န်ခံခဲ့ပါတယ်။ ဆရာတော်ဟာ မေတ္တာတရားကြီးမားလို့ ဗိုလ်ပိကို ဘာမှ အပြစ်မပေးပဲ နယ်မြေတိုးတက်ရေးကို လုပ်ဆောင်ဖို့ မိန့်ကြားခဲ့ပါတယ်။ မိုင်းထောင်တဲ့ စောသန်းဦးကိုတော့ ဆရာတော်က သာသနာ့ဘောင်ကို ၀င်ခိုင်းပြီး တရားအလုပ်ကို လုပ်စေခဲ့ပါတယ်။ ဖားအံမှာ ဆရာတော်ကို ဗိုလ်ပိတောင်းပန်တာကို မြင်တွေ့ခဲ့သူတစ်ဦးက “ ဗိုလ်ပိက ဆရာတော်ကို တောင်းပန်နေတုန်းက သူ့မျက်နှာပေါ်မှာ ဘာမှ ထူးခြားမှုမရှိဘူးဗျာ။ သူကသာမန်အမှားတစ်ခုကို တောင်းပန်သလိုပဲ အကြောင်းစုံပြောပြီး တောင်းပန်သွားတာ။ ဒါပေမယ့် ဆရာတော်က မေတ္တာတရားကြီးမားလွန်းပါတယ်။ ဗိုလ်ပိကို ဘာမှ မပြောပဲ ဒေသတိုးတက်အောင်လုပ်ဖို့ပဲ ဆုံးမလိုက်တယ် ” လို့ ပြောကြားခဲ့ပါတယ်။
မြိုင်ကြီးငူဆရာတော်သည် နယ်မြေအတွင်း သြဇာသက်ရောကမှုရှိခြင်း၊ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းထားတဲ့ အဖွဲ့များနှင့် DKBA တို့က ကိုးကွယ်ခြင်းတို့ကြောင့် မြန်မာစစ်တပ်ကပါ အလေးထားနေရသော ဆရာတော် တစ်ပါးပင်ဖြစ်ပါတယ်။ ဒါကြောင့် ဆရာတော် ပျံလွန်တော်မူသွားမှာကို မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်များနှင့် DKBA တို့က စိုးရိမ်နေကြတယ်လို့ DKBA မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
No comments:
Post a Comment