Thursday, April 19, 2012

ၾသစေၾတးလ်၊ နော်ဝေ၊ အမေရိကန် ပိတ်ဆို့မှုများ လျှော့ချလာ

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများ အား လျှော့ချတော့ မည် ဖြစ်ကြောင်း သြစတြေးလျနှင့် နော်ဝေနိုင်ငံ အစိုးရများက ပြောကြားလိုက်ကြသည်။
ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကမရွန်း မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ပိတ်ဆို့မှုများအား ဆိုင်းငံ့ထားသင့်ကြောင်း
သောကြာနေ့က ပြောဆိုလိုက်ပြီးနောက် ယခုကဲ့သို့ ဆက်တိုက် ပြောကြားလာကြခြင်း ဖြစ်သည်။

“ကျနော်တို့ ဒီပိတ်ဆို့မှုတွေ လျှော့ချတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားအတိုက်အခံတွေနဲ့ရော၊ အစိုးရနဲ့ရော၊ တခြားနိုင်ငံတွေနဲ့ပါ ပြောဆိုဆွေးနွေးပြီးမှ  လုပ်တာပါ” ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေစဉ် တနင်္လာနေ့က ပြောကြားလိုက်သည်။ထိုသို့လျှော့ချ လိုက်ခြင်းအားဖြင့် မြန်မာအစိုးရပိုင်းမှ သြစတြေးလျနိုင်ငံနှင့် ငွေကြေးဆက်သွယ်မှုအရ လည်းကောင်း ၊ ပြည်ဝင်ခွင့် ဗီဇာအရလည်းကောင်း ပိတ်ပင်တားမြစ်ထားသည့် ၃၉၂ ဦးအနက်  ၁၃၀ ခန့်သာ ဆက်လက် ကန့်သတ် ထားမည် ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်အပါအဝင် အစိုးရဝန်ကြီးများအပေါ် တားမြစ်ချက်များ ရုတ်သိမ်းလိုက်သော်လည်း
စစ်ဘက်  ထိပ်သိန်းခေါင်းဆောင်အချို့နှင့် လူ့အခွင့်အရေး ချိုးဖောက်သူဟု သံသယထားရှိသူတချို့အား ဆက်လက် ပိတ်ဆို့ထားမည် ဖြစ်သည်။အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသည့် အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell ကလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးအား အမေရိကန်သို့ ဖိတ်ကြားထားကြောင်း အင်္ဂါနေ့က သတင်းထောက်များအား ပြောကြားလိုက်သည်။

“ကျနော်တို့လည်း ခရီးသွားလာခွင့် ပိတ်ပင်ထားမှုတွေ ရုတ်သိမ်းတော့မှာပါ။ နိုင်ငံခြားရေးဝန်ကြီးကိုတောင် အမေရိကန် ပြည်ထောင်စုကို လာလည်ဖို့ ဖိတ်မန္တက ပြုထားပါပြီ” ဟု ပြောဆိုလိုက်သည်။

မြန်မာအစိုးရ၏ ရဲရင့်ပြီး မလုပ်မဖြစ်ခြေလှမ်းများအား လှမ်းခဲ့ပြီးကြောင်း ယုံကြည်ပြီး ဆက်လက် လုပ်ဆောင်သွားဖို့ လည်း အားပေးသွားမည်ဟု မစ္စတာကမ်းဘဲလ် က ဆိုသည်။ ထို့ပြင် အမေရိကန်၏ USAID အကူအညီများလည်းစေလွှတ်သွားမည် ဖြစ်သည်ဟုဆိုသည်။

အာရှပစိတ်ဖိတ် ဒေသဆိုင်ရာ ငါးကြိမ်မြောက် အိန္ဒိယ-အမေရိကန်ဆွေးနွေးပွဲ တက်ရောက်နေသော မစ္စတာ ကမ်းဘဲလ်က “လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ အိန္ဒိယဆီကနေ အလွန်ကောင်းတဲ့
အကြံဉာဏ်တွေ၊  ဆွေးနွေးချက်တွေ ရရှိခဲ့ပါတယ်။ ဒီအကြံဉာဏ်တွေဟာ ဒီကနေ့ ကျနော်တို့တွေ့နေရတဲ့ အခွင့်အရေးတွေကို ဘယ်လို ချဉ်းကပ်သင့်သလဲ ဆိုတာအတွက် အလွန်ကောင်းတဲ့ အကြံတွေပါပဲ” ဟု အိန္ဒိယအစိုးရပိုင်းအား ချီးကျူးပြောဆိုသွားခဲ့သေးသည်။

နော်ဝေ နိုင်ငံခြားရေးဝန်ကြီးJonasGahrStoereကလည်း မြန်မာအစိုးရမှာ  ပြုပြင်ပြောင်းလဲရေးအပေါ် လေးနက်မှုရှိသည်ကို တွေ့ရပြီး ကြိုဆိုရ မည်ဖြစ်ကြောင်း တနင်္ဂနွေနေ့က ပြောကြားလိုက်သည်။

“အခု မြန်မာနိုင်ငံ လိုအပ်နေတာက ကမ္ဘာကြီးနဲ့ ဆက်သွယ်ဖို့၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ နိုင်ငံတကာ အကူအညီတွေ ပဲ ဖြစ်ပါတယ်” ဟုပြောပြီး စီးပွားရေး ပိတ်ဆို့ အရေးယူထားမှုများ ရပ်ဆိုင်းထားမည်ဖြစ်ပြီး စစ်လက်နက် ရောင်းဝယ်မှုနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်ခြင်းများ ကိုမူ ဆက်လက်ပိတ်ပင်ထားမည်ဟု ဆိုသည်။ထိုသို့ နော်ဝေးနိုင်ငံ၏ ဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ထံ တယ်လီဖုန်းဖြင့် ဆက်သွယ် အကြောင်းပြီးဖြစ်သည်ဟု ဆိုသည်။

“တချိန်တည်းမှာပဲ ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်သူတွေကို ပြောလိုတာက အရေးယူ ပိတ်ဆို့ မှုတွေဟာ ပြန်လည် အသက်ဝင်လာနိုင်တယ်၊ တကယ်တမ်းက ကျနော်တို့ဟာ ဒီအရေးယူပိတ်ဆို့မှုတွေကို ဆိုင်းငံ့ထားတာသာ ဖြစ်တယ်” ဟု နော်ဝေ နိုင်ငံခြားရေးဝန်ကြီးက သတိပေးပြောဆိုလိုက်သည်။

ထို့ပြင် သြစတြေးလျ အနေနှင့်လည်း ပိတ်ဆို့မှုများ လျှော့ချပေးလိုက်သော်လည်း အချိန် မရွေး ပြန်လည်ပိတ်ဆို့နိုင်ကြောင်း “သမ္မတကြီးဟာ ရိုးသားမှန်ကန်ပါတယ်။  သူဟာ ဒီဆုလာဘ်နဲ့ ထိုက်တန် ပါတယ်။ဒါပေမယ့် ဒီပိတ်ဆို့မှုတွေ ဟာအချိန်မရွေး ပြန်ဖြစ်လာနိုင်ပါသေးတယ်” ဟု သြစတြေးလျ  နိုင်ငံခြားရေးဝန်ကြီး Bob Carr က ပြောဆိုလိုက် သည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့်လည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများဆိုင်းငံ့ထားမည်ဆိုသည့်အပေါ်သဘောတူကြောင်း  ပြောဆိုလိုက်ပြီး ပြုပြင်ပြောင်းလဲရေးသမားများ၏ လက်တံအား ပိုမိုဆန့်ထုတ်ပေး လိုက်ခြင်းဖြစ်ကြောင်း သောကြာနေ့က ပြောဆိုလိုက်သည်။

“ပြုပြင်ပြောင်းလဲရေးတွေ ချောချောမွေ့မွေ့ ဆောင်ရွက်ခွင့် မရဘူးဆိုရင်တော့ အေရးယူပိတ် ဆို့မှုတွေဟာ ပြန်လာဖို့ အမြဲတမ်းပဲ ဖြစ်နိုင်ခြေ ရှိနေပါတယ်” ဟုလည်း သတိပေး ပြောဆိုထားသည်။

No comments: