ကျောက်ပန်းတောင်းမြို့ရှိ ဆောက်လက်စ ဗလီ ဖျက်ဆီးခံရ
မန္တလေးတိုင်း၊ ကျောင်းပန်းတောင်းမြို့၊ ပြည်တော်သာရပ်ကွက်၊ ရွှေတန်ဆာလမ်း၊ မဟာသယဗ္ဘူဘုရားအနီးရှိ ဦးနေထွန်းဆိုသူ၏ ခြံဝင်းအတွင်းရှိ ဆောက်လက်စ ဗလီအဆောက်အဦသည် ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ညတွင် ဖြိုချဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။မတ်လ ၃၀ ရက်နေ့ည (၇) နာရီဝန်းကျင်တွင် ရာပေါင်းများစွာသော မြို့ခံလူအုပ်ကြီးက ဗလီကိုဖြိုချဖျက်ဆီး ရန်ရောက်လာခဲ့သည်။“ရာပေါင်းများစွာသော လူအုပ်ကြီးက ဗလီကို ဖျက်ဆီးဖို့ ဝိုင်းလာကြတယ်။ ဒီချိန်မှာ သံဃာတော်များကလဲ ကား ၇ စီးနဲ့ ရောက်လာတယ်။ ရောက်လာပြီးတော့ လူတွေကို မဖျက်ဆီးဖို့ တားသေးတယ်” ဟု မျက်မြင်သက်သေ တစ်ဦးက ပြောသည်။သံဃာတော်များကဖျောင်းဖျ တားဆီးသော် လည်းလူထုကဗလီကိုဖျက်ဆီးရန်စိတ်အားထက် သန်နေသောကြောင့် သံဃာတော်များမှ တားမြစ် စည်းတစည်း၊ မြို့နယ်အာဏာပိုင်များပါဝင်သော မြို့နယ် စည်ပင်မှ တားမြစ်စည်းတစ် စည်းတို့ဖြင့် လူထုအား တားဆီးထားကာ ဘူဒိုဇာဖြင့် ဗလီကို ဖြိုချဖျက်ဆီးပေး ခဲ့ကြောင်း သူက ဆက်ပြောသည်။ထိုသို့ ဖြိုချဖျက်ဆီးမှုသည် ည (၁၁) နာရီခန့်တွင် ပြီးဆုံးသွားပြီး ဗလီဖျက်ဆီးရန် လာရောက်သော လူထုသည်လည်း ၎င်းအချိန်မှစ၍ ပြန်လည်ထွက်ခွါသွားကြကြောင်း သူက ဆက်လက်ပြောဆိုသည်။ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်တွင် အရင်က ဗလီမရှိခဲ့ကြောင်း၊ ဗလီဆောက်လုပ်သော အခါတိုင်းတွင်လည်း ယခုကဲ့သို့ ဖြိုချဖျက်ဆီးခြင်းခံရကြောင်း ထိုမြို့မှ သိမှီသူတစ်ဦး ၏ ပြောပြချက်အရ သိရသည်။
မဲပေးရတဲ့ စာရင်းတွင် မပါသော ပြည်သူများ မဲရုံရှေ့တွင် ဆန္ဒပြ
ရှမ်းပြည်နယ်၊ ကလောမြို့တွင် မဲပေးခွင့်စာရင်းထဲမပါတဲ့ မဲပေးရမယ့်သူ ၁၀၀ ကျော် မဲပေးခွင့်မရသလို ကြံ့ခိုင်ရေးပါတီက မဲရုံနဲ့ ကိုက် ၅၀၀ အတွင်းမှာ မဲဆွယ်စည်းရုံးကာ ဥပဒေချိုးဖောက်မှုတွေ ပြုလုပ်နေသည်။
ဒီနေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၂ နေရာအတွက် မဲပေးရာ တနင်္သာရီ တိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်နှင့် ကျွန်းစုမြို့နယ် နှစ်မြို့နယ်ပေါင်းရှိ မဲပေးခွင့်ရှိသူ လူ ၅၀၀၀ လောက် မဲပေးခွင့်စာရင်းမှာကျန်ခဲ့လို့မဲပေးခွင့်မရခဲ့ဘူးလို့ သိရသည်။မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်မြို့ သပြေသာရပ်ကွက်က မဲရုံမှာ မဲစာရင်းမပါတဲ့ပြည်သူနဲ့ ကော်မီရှင်ဥက္ကဌ ပြဿနာတက်ပြီး မဲဆန္ဒရှင် (၁၀၀) ကျော်လောက်က မဲရုံရှေ့မှာ ဆန္ဒပြသလို့ ရုတ်ရင်းဆန်ခက်ဖြစ်ပွားခဲ့ပြီး ကော်မရှင်ဥက္ကဌက အရက် မူးနေသောကြောင့် မဲဆန္ဒရှင်တွေကို ပြေလည်အောင်မရှင်းနိုင်ပဲ ရဲနဲ့ ကျောက်ပန်းတောင်းမြို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးတာဝန်ရှိသူတွေက တောင်းပန်ခဲ့ရတယ်လို့ သိရသည်။
မဲရုံပေါင်း ၂၁ ရုံရှိပြီး မဲပေးနိုင်သူအားလုံးပေါင်း ၁၂၁၂၃ ယောက်ရှိတဲ့ စစ်တပ်မြို့ဖြစ်တဲ့ မိတ္ထီလာမြို့မှာ အင်န်အယ်လ်ဒီ အမှတ်တံဆိပ်နေရာကို ခြစ်လို့မရအောင် ဖယောင်းတွေသုတ်ထားသလို မဲပေးခွင့်မရတဲ့ သူတွေ လည်း ရာချီရှိနေတယ်လို့ စုံစမ်းသိရပါတယ်။အလားတူ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့အမှတ် ၉ မဲရုံမှာလည်း ပယ်မဲတွေများနေသလို အင်န်အယ်လ်ဒီ အမှတ်တံဆိပ်နေရာကို ဖယောင်းသုတ်ထားတာတွေ့ရတယ်လို့ မဲဆန္ဒရှင်တွေက မဲလက်မှတ်တွေ အစုတ်တွေ (၂၀၀) ကျော်ကို ပယ်မဲလုပ်မယ်လို့ မဲရုံမှူးနဲ့ မဲရုံစောင့်တွေက ပြောကြောင်း မဲဆန္ဒရှင်တဦးက ရှင်းပြခဲ့သည်။ မဲရုံတာဝန်ရှိ သူတွေ ပေးတဲ့ မဲအုပ်က စုတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။စစ်ကိုင်းမြို့မှာ ကြိုတင်မဲပြဿနာတွေ တက်လို့ ကန့်ဘလူ၊ ရေဦးတန့်ဆည်၊ ကျွန်းလှ မဲဆန္ဒနယ် အမှတ် (၃) မှာလဲ မဲလက်မှတ်မှာ တံဆိပ် တုံးတွေမပါတဲ့ မဲမသမာမှုတွေရှိနေကြောင်းနဲ့ ပုလဲမြို့နယ်က ဆန္ဒမဲခြစ်ရမယ့် မဲလက်မှတ်တွေမှာလည်း အင်န်အယ်လ်ဒီကို မဲပေးရမယ့် နေရာမှာ ဖယောင်းတွေသုတ်ထားပြီး အာဏာပိုင်တွေကိုယ်တိုင် မဲရုံထဲဝင်ပြီး မဲထည့်တဲ့လူတွေကို နှောက်ယှက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စုံစမ်းသိရသည်။ ဧရာဝတီ တိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်က ဆပ်ပြာကုန်း၊ ထောက်ကြံ့ စတဲ့ကျေးရွာစုတွေမှာ ရွာ ၅ ရွာမှာ ၄ ရွာလောက်က မဲစာရင်မှားနေကာ၂၀၁၀ ရွေးကောက်ပွဲတုန်းက စာရင်းအတိုင်း ပြန်လည်ထုတ်ပြန် တာကြောင့် မဲပေးခွင့်ရှိပြီး စာရင်းမှာ မပါတာတွေနဲ့ သေဆုံးသွားသူတွေ မဲစာရင်းမှာ ပြန်ပါနေ တာတွေဖြစ်နေတယ်လို့ NLD အဖွဲ့ဝင်တွေက ပြောပါသည်။
NLD ရဲ့ ထိပ်တန်းကိစ္စသုံးရပ်နဲ့ ကာကွယ်ဦးစီးချုပ်ရဲ့အဓိကတာဝန်
“(၆၇) နှစ်မြောက် တပ်မတော်နေ့” မှာ ပြောတဲ့ ဗိုလ်မင်းအောင်လှိုင်ရဲ့မိန့်ခွန်းထဲက အောက်ပါ အချက် ၂ ချက်ကို သတိပြုမိပါတယ်။တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ကို တပ်မတော်ကို ခေတ်ကာလနဲ့အညီ တည်ဆောက်ပေးခဲ့လို့ ကျေးဇူးတင်ထိုက်သူများအဖြစ် တစ်တန်းတည်းထားပြီး ရည်ညွန်းပြောကြားတဲ့အချက်နဲ့ လွှတ်တော်ထဲမှာ စစ်သား အမတ် ၂၅% ဘာကြောင့်ပါဝင်နေရ သလဲ ဆိုတဲ့အချက်တွေပဲ ဖြစ်ပါတယ်။တပ်မတော်ဖခင်လို့ ဗိုလ်ချုပ်အောင်ဆန်းကို ရည်ညွန်းသော်လည်း ယခင်က “အောင်ဆန်းစစ်ကြောင်း” ဆိုတာ ရှိခဲ့ပြီး (နဝတ-နအဖ) ခေတ် မှာ ဖြုတ်ပယ်ခဲ့ပါတယ်။အခုလည်းဖြုတ်ပယ်ထားဆဲပါ။ထားပါတော့။နောက်တစ်ချက်ကဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေးလုပ်တော့ စစ်တပ်ကနေပြတ်ပြတ်သားသားထွက်ပြီး နိုင်ငံရေးကို ခြေစုံပစ်ပြီး လုပ်ခဲ့သူဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ “ကိုအောင်ဆန်း- သခင်အောင်ဆန်း- ဗိုလ်အောင်ဆန်း- ဦးအောင်ဆန်း” စသဖြင့် ကျောင်းသား၊ နိုင်ငံရေးသမားဘဝကနေ တော်လှန်ရေးတပ်မတော်သား၊ တော်လှန်ရေး တပ်မတော်သားဘဝကနေ နိုင်ငံရေးသမားဘဝကို အဆင့်ဆင့်ပြောင်းလဲခဲ့တာပါ။ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်နေဝင်းကို တစ်တန်းထဲထားဖေါ်ပြစရာဆိုလို့ “ရဲဘော်သုံးကျိပ်” စာရင်းကို ရေးသားဖေါ်ပြရာ မှာပဲ ဖြစ်တယ်။ ဒါတောင် ဒို့ဗမာအစည်းအရုံးဆိုတဲ့ ရှုဒေါင့်ကနေ ကြည့်ရင် “သခင်ကိုယ်တော်မှိုင်း” အုပ်စုဝင် သခင်အောင်ဆန်းနဲ့ “သခင်ထွန်းအုပ် – သခင်ဗစိန်” အုပ်စုဝင် သခင်ရှုမောင်အဖြစ် ကွဲပြားနေသေးတယ်။
ဗိုလ်နေဝင်းဟာ စစ်တပ်ကိုတစ်လက်ကိုင်တပ်အဖြစ် အုပ်စီးခဲ့ပြီး စစ်အာဏာရှင်စနစ်ကို စတင်အခြေချခဲ့သူ အကောင်အထည် ဖော်ခဲ့သူဖြစ်တယ်။ ဒါကြောင့် ဗိုလ်နေဝင်းဟာ လက်ရှိစစ်အုပ်စုနဲ့စစ်အာဏာရှင် စနစ်ရဲ့ ဂေါ့ဖားသားဖြစ်တယ်။ ဗိုလ်နေဝင်းဟာ “တော်လှန်ရေးကောင်စီ” ဆိုပြီး ၁၂ နှစ် အုပ်စိုးခဲ့ပြီး စစ်အာဏာရှင်စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄) စိတ်ကြိုက်ရေးဆွဲကာ (မဆလ) တစ်ပါတီ အာဏာရှင် စနစ်နဲ့ (၁၄) နှစ် (၁၉၇၄- ၁၉၈၈) ကြာ ဖိနှိပ်ခဲ့တယ်။ဗိုလ်သန်းရွှေကတော့ (နဝတ-နအဖ) စစ်ကောင်စီက ၂၁ နှစ် (၁၉၈၈ -၂၀၁၀) ဖိနှိပ်အုပ်စိုးခဲ့ပြီး၊ စစ်အာဏာရှင်စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) စိတ်ကြိုက်ရေးဆွဲပြီး “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” ဆိုတဲ့ မျက်နှာဖုံး စွပ်ပေးခဲ့တယ်။
စစ်အုပ်စုဖွဲ့ပြီး စစ်တပ်ကို တစ်လက်ကိုင်လုပ်တဲ့အစဉ်အလာဟာ ဗိုလ်နေဝင်းလုပ်နည်းဖြစ်တယ်။ ဒီနည်းကို ဗိုလ်သန်းရွှေက ဆက်ခံခဲ့တာဖြစ်တယ်။ ဒါကြောင့် ဗိုလ်မင်းအောင်လှိုင်တို့ လက်ရှိစစ်အုပ်စုဟာ ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေတို့ရဲ့ စစ်အာဏာရှင်နစ် အမွေခံတွေသာ ဖြစ်တယ်။ လက်ရှိစစ်အုပ်စုဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးအစဉ်အလာကို ဆက်ခံသူတွေ မဟုတ်ဘူး။ဗိုလ်ချုပ်အောင်ဆန်းက တပ်ကိုအသုံးချပြီး နိုင်ငံရေး မလုပ်ခဲ့ဘူး၊ ကိုယ်ကျိုးစီးပွား မစုဆောင်းခဲ့ဘူး။ ဗိုလ်နေဝင်းတို့ ဗိုလ်သန်းရွှေတို့က စစ်တပ်ကို ခါးပိုက်ဆောင် တပ်အဖြစ် တစ်လက်ကိုင်ပြုကာ စစ်အာဏာရှင်စနစ်ဖန်တီးပြီး ကိုယ်ကျိုးစီးပွားစု ဆောင်းခဲ့ကြတာ ဖြစ် တယ်။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေတို့ အရင်းခံခြားနားချက်ဖြစ်ပါတယ်။ ထပ်တူနှိုင်းယှဉ် လို့မရတဲ့ မတူညီတဲ့ အစဉ်အလာဖြစ်တယ်။ဒီနေ့စစ်အုပ်စုဟာ စစ်တပ်နဲ့ရှင်းရှင်းပြတ်ပြတ် ခွဲခြားပြီး နိုင်ငံရေးလုပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအစဉ်အလာနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဆန့်ကျင်ပြီး ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေတို့ရဲ့စစ်တပ်ကို ခါးပိုက်ဆောင်တပ်အဖြစ်ထားပြီး နိုင်ငံရေးလုပ်ကာ ကိုယ်ကျိုး စီးပွားရှာတဲ့ လုပ်ဟန်ကို အမွေဆက်ခံထားသူတွေဖြစ်ပါတယ်။ “အမျိုးသားနိုင်ငံရေး” ဆိုတာကို ဗန်းပြအရေခြုံထားတယ်။ ဗိုလ်မင်းအောင်လှိုင်က “လွှတ်တော်အသီးသီးမှာ စစ်သားအမတ်တွေ ပါဝင်နေ တယ်ဆိုတာ သမိုင်းကြောင်းအရ ပါဝင်နေတာဖြစ်ပြီး၊ အမျိုးသားနိုင်ငံရေးတာဝန်တစ်ရပ်ကို ထမ်းဆောင်နေ တာဖြစ်တယ်” လို့ သူ့မိန့်ခွန်းထဲမှာ ထည့်ပြောထားတယ်။ စစ်မှုထမ်းဥပဒေနဲ့ စစ်သားလုပ်နေသူတွေ မဟုတ်ဘူး၊ ခံယူချက်နဲ့စစ်ထဲဝင်ခဲ့ကြသူတွေဖြစ်တယ်လို့လည်းဆိုတယ်။(လပခ) တိုင်းမှူးဟောင်း (နဝတ) ဗိုလ်ထွန်းကြည်ရဲ့ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိမှာပါတဲ့ (ဝင်းဦးကိုအားကျတဲ့) ခံယူချက်မျိုးလား မသိပါ။ ဒါအပြင် “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)” ထဲက ပုဒ်မ ၂၀၊ ပုဒ်မခွဲ (စ) ကို ကိုးကားပြီး “စစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကတာဝန်တစ်ရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်သွားမယ်” လို့ အခိုင်အမာထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒီပြောကြားချက်ဟာ ရေဒီယိုနဲ့ရုပ်မြင်သံကြားကနေ မတ်လ ၁၄ ရက်နေ့က ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ကို တုန့်ပြန်တာလို့ ယူဆနိုင်ပါတယ်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိကရည်ရွယ်ချက်တွေအနက် ထိပ်တန်းတင်ထားတဲ့ ကိစ္စသုံးရပ်ကတော့ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ ဖြစ်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည်က သူ့ဟောပြောချက်ထဲမှာ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈) ထဲက ဒီမိုကရေ စီစံနှုန်းနဲ့ မကိုက်ညီတာတွေထဲက ထင်ရှားတဲ့ဥပမာတစ်ခုအဖြစ် “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ ရွေးကောက်ခံမဟုတ်တဲ့ (စစ်တပ်) လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေတာ ကို ပြည်သူတွေအသိဖြစ်ပါတယ်” ဆိုပြီး ထည့်သွင်းပြောကြားခဲ့ပါတယ်။“အခြေခံဥပဒေကို အဓိက တာဝန်တစ်ရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်သွားမယ်” လို့ ဆိုရာမှာ အခြေခံဥပဒေနဲ့အညီ အာဏာသိမ်းနိုင်တဲ့တာဝန်နဲ့လွှတ်တော်အသီးသီးအတွင်းမှာရှိတဲ့စစ်သားအမတ်တွေရဲ့တာဝန်လို့ပေါင်းပြီး ပြောတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီတာဝန်တွေကို ကာကွယ်ရေးဦးစီးချုပ်ကသာ အမိန့်ပေးညွန်ကြားဆောင် ရွက်မှာ ဖြစ်ပါတယ်။ လွှတ်တော် အသီးသီးမှာရှိတဲ့ ၂၅% စစ်သားအမတ်တွေကို ကာကွယ်ရေးဦးစီးချုပ်က စိတ်ကြိုက်ခန့်နိုင်/ဖြုတ်နိုင်/ လဲလှယ် နိုင်ပါတယ်။ စစ်သားအမတ်ဆိုတာမှာလည်း အမြင့်ဆုံးအဆင့်က “ဗိုလ်မှူးကြီး” အထိပဲပါတာပါ။ ဒါကလည်းအနည်းစုပါ။ ကျန်တဲ့အများစုက ဗိုလ်မှူးအဆင့်နဲ့ ဗိုလ်ကြီးအဆင့် ဂျူနီယာလေးတွေဖြစ်ပါတယ်။ သူတို့ခမျာလည်း “စစ်စည်းကမ်း” ဆိုတာနဲ့ အသေချည်တုတ်ခံထား ရသူ တွေဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ်ကို ဆန့်ကျင်တဲ့မဲ စစ်သားအမတ်တွေမပေးဝံ့ပါဘူး။
ဒါကြောင့် “ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကတာဝန်တစ်ရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်သွားမယ့်” ဗိုလ်မင်းအောင်လှိုင်နဲ့ NLD က ထိပ်တန်းတင်ထားတဲ့ ကိစ္စသုံးရပ် (တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး) ကတော့ ရှောင်လွှဲလို့မရအောင် ထိပ်တိုက်တွေ့နေပါပြီ။
“၁ ဧပြီကြားဖြတ်ရွေးကောက်ပွဲ” မှာ အနိုင်ရရုံနဲ့ “NLD ရဲ့ထိပ်တန်းကိစ္စသုံးရပ်” ဖြစ်မြောက် မလာနိုင်ဘူးဆိုတာ NLD ကလည်း နားလည်သလို၊ လက်ရှိ ဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရကလည်း သိပါတယ်။ NLD ရဲ့ ထိပ်တန်းတင်ထားတဲ့ကိစ္စသုံးရပ်ဆိုတာဟာ စစ်တပ်နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြုပြင်ပြောင်းလဲ၊ ပြင်ဆင်နိုင်မှသာ ဖြစ်မြောက်ပါလိမ့်မယ်။ဒီလိုပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် NLD အနေနဲ့ လွှတ်တော်အဆင့်ဆင့် (ပြည်သူ့လွှတ်တော်+ အမျိုးသားလွှတ်တော်) ထဲမှာ ၇၅% ကျော်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆန္ဒမဲတွေလိုပါတယ်။ ပြည်သူ့ဆန္ဒခံယူပွဲမှာလည်း ထက်ဝက်ကျော် မဲဆန္ဒရဖို့လိုပါတယ်။ လောလောဆယ်မှာတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ အဆင့်ဆင့်သော အာဏာ ပိုင်တွေရဲ့ ညစ်ပတ်ကောက်ကျစ်မှုတွေကို NLD ရင်ဆိုင်နေရပါတယ်။
No comments:
Post a Comment