Thursday, April 05, 2012

မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် မြင့်မြတ်ကျော် (ဆော်လမွန်ဆောက်လုပ်ရေး) တို့ အကျိုးတူ ပူးပေါင်း၍ လိမ်လည်ခြင်း (ပေးစာ)

နဝရတ်စင်တာကွန်ဒို အဆောက်အဦးအား မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် မြင့်မြတ်ကျော် (ဆော်လမွန်ဆောက်လုပ်ရေး) တို့ အကျိုးတူ ပူးပေါင်း၍ နိုင်ငံတကာအဆင့်မီဆိုပြီး ဆောက်လုပ်ခဲ့ကြတာပါ။ ရောင်းချစဉ်ကတော့ မြေအောက်ထပ် ကားပါကင်ပါတယ်ဆိုပြီး မြင့်မြတ်ကျော် ဆောက်လုပ်ရေးကုမ္ပဏီနဲ့ မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနက အတူတကွ ပူးပေါင်းကြော်ငြာ ရောင်းချခဲ့တာကတော့ သေချာပါတယ်။


မြန်မာ့အလင်းသတင်းစာတွင် ၂၆-၈-၂၀၀၅ နေ့စွဲဖြင့် စာမျက်နှာ ၁၈ တွင် ကြော်ငြာရောင်းချခဲ့စဉ်က

နဝရတ်စင်တာကွန်ဒို ဆောက်လုပ်စဉ်က ကြော်ငြာထားသော ဆိုင်းဘုတ်ကြီး

ပြီးတော့ အဲဒီ့ နဝရတ်စင်တာကွန်ဒို ဆောက်လုပ်စဉ်က ကြော်ငြာထားသော ဆိုင်းဘုတ်ကြီးမှာလည်း 60' x 50' RCC လေးခန်းတွဲ ၈ ထပ်တိုက်၊ မြေအောက်ထပ် ကားရပ်နားရန်နေရာ၊ နိုင်ငံတကာအဆင့်မီဆိုပြီး ကြော်ငြာရောင်းချခဲ့တာလည်း သေချာပါတယ်။

အခန်းပေး အခန်းယူစနစ်နဲ့ ဆောက်လုပ်တာကြောင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနပိုင် အခန်းများကို အိုးအိမ်က ရောင်းချခဲ့ပြီး ကန်ထရိုက်တာပိုင် အခန်းများကို ကန်ထရိုက်က ရောင်းချခဲ့တာပါ။

ယခုအခါ နိုင်ငံတော်က ပြည်သူပြည်သားများအား ကားဟောင်းအပ်၍ ကားသစ်များ စီးခွင့်ပြုထားသော အချိန်မှာ လမ်းတိုင်းမှာ ကားသစ်၊ ကားဟောင်းများနဲ့ ပြည့်နေပါတယ်။ ကားရပ်စရာနေရာ တော်တော့်ကို ရှားပါးနေချိန်ပါဗျာ။ ဒါပေမယ့် မြေအောက်ထပ် ကားရပ်နားရန် နေရာကတော့ ဟောင်းလောင်းကြီးပါဗျာ။ ကားအစီး ၄၀ ခန့် ဆံ့ပါတယ်ဗျာ။

ထို့အပြင် နိုင်ငံတကာအဆင့်မီဆိုတဲ့ စကားလုံးကို သုံးနှုန်းထားပါတယ်။ ဘယ်လိုနေရာက နိုင်ငံတကာအဆင့်မီနေလည်းတော့ မသိပါဘူးဗျာ။ မြေအောက်ထပ် ကားရပ်နားရန် နေရာမှာ ကားရပ်ခွင့်မရပါ။

ပြီးတော့ လေးခန်းတွဲ ၈ ထပ်တိုက်လို့ ကြော်ငြာထားတာကို ၉ ထပ် ဆောက်ပြီး အဲဒီ ၉ ထပ် တခုလုံးကို ကန်ထရိုက်က ရတယ်တဲ့ဗျာ။ (ဘယ်လိုခွဲဝေလည်းတော့ မသိပါဘူးဗျာ၊ လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးအောင်ဝင်းပဲ သိမယ်ထင်ပါတယ်ဗျာ။ အေးဗျာ ... ခင်ဗျား အရမ်းသဘောကောင်းတာပဲနော်။ ခင်ဗျားပိုင်တဲ့ မြေမှာ ကန်ထရိုက်တိုက်ဆောက်တဲ့အခါ အဲဒီလိုမျိုး လုပ်ပေးနော် လွှတ်တော်ကိုယ်စားလှယ်ကြီး)

ဒါကြောင့် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာနှင့် ဆောက်လုပ်စဉ်က ကြော်ငြာထားသော ဆိုင်းဘုတ်ကြီးတို့တွင် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် မြင့်မြတ်ကျော် (ဆော်လမွန်ဆောက်လုပ်ရေး) တို့ အကျိုးတူ ပူးပေါင်း၍ အတိအလင်း ရေးသားကြော်ငြာထားသော စာသားများဟာ “တိတ်ဆိတ်သော ပဋိညာဉ်နှင့် သက်မဲ့သက်သေ” များ ဖြစ်ပါသော်လည်း အခက်ကြုံနေရပါတယ်ခင်ဗျာ။

အထက်ပါ အကြောင်းအရာနဲ့ပတ်သက်၍ အမှတ် ၁၈၆၊ မဟာဗန္ဓုလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းထောင့်၊ ပုဇွန်တောင်မြို့နယ်တွင် တည်ရှိသော “မူလဘူတ န၀ရတ်စင်တာ အဆောက်အဦပုံစံ” ကို ပြန်လည် စစ်ဆေးပေးပါရန် သက်ဆိုင်ရာအစိုးရဋ္ဌာနမှ လူကြီးများ သိရှိအောင် ကျေးဇူးပြု၍ ကူညီဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ။

န၀ရတ်စင်တာမိသားစု

No comments: