Thursday, April 05, 2012

မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့မှုများကို ရုပ်သိမ်းရန် အာဆီယံ ခေါင်းဆောင်များ တိုက်တွန်း


ဖနွန်ပင် ။         ။ မြန်မာနိုင်ငံရှိ ကြားဖြတ် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပ အပြီးတွင် အနောက် နိုင်ငံများ အနေဖြင့်  မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့
အရေးယူမှုများနှင့် ပတ်သက်ပြီး ရုပ်သိမ်းပေးရန် အတွက် အာဆီယံ ခေါင်းဆောင်များမှ အင်္ဂါနေ့က တောင်းဆိုလိုက်ကြောင်း သိရကာ အဆိုပါ ဆွေးနွေးပွဲ အတွင်း မြောက်ကိုရီးယား အရေးနှင့် တောင်တရုတ် ပင်လယ် ရေပိုင်နက် ကိစ္စများနှင့် ပတ်သက်ပြီး ဆွေးနွေး သွားခဲ့ကြကြောင်း channelnewsasia သတင်းတွင် ဖော်ပြသွားခဲ့သည်။ ယခုလို တောင်းဆိုမှုမှာ လွန်ခဲ့သည့် တနင်္ဂနွေနေ့က မြန်မာနိုင်ငံတွင် ကျင်းပသော ကြားဖြတ် ရွေးကောက်ပွဲကို တရားမျှတစွာဖြင့် ပြုလုပ် သွားခဲ့သဖြင့် နိုင်ငံတကာမှ ထုတ်ဖော် ချီးကျူး အပြီးတွင် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့မှ ခေါင်းဆောင်များမှာ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမှု အားလုံးကို ရုပ်သိမ်းပေးရန် အတွက် တောင်းဆိုလိုက်ကြောင်း ကမ္ဘောဒီးယား နိုင်ငံ မှ အတွင်းဝန် ဖြစ်သူ Kao Kim Hourn  က ဖနွန်ပင်ရှိ ဆွေးနွေးပွဲတွင် သတင်းသမားများသို့ ပြောကြားခဲ့သည်။ ယခုလို ပိတ်ဆို့မှုများကို ရုပ်သိမ်းခြင်းမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုနှင့် အထူးသဖြင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု တို့ကို အပေါင်း လက္ခဏာ ဆောင်သော နည်းလမ်းဖြင့် ကူညီပေးခြင်း ဖြစ်ကြောင်းလည်း ၎င်းမှ ဆွေးနွေးပွဲ အတွင်း ပြောကြား သွားခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အာဆီယံ အဖွဲ့၏ အလှည့်ကျ ခေါင်းဆောင်အဖြစ် တာဝန် ယူထားသည့် ကမ္ဘောဒီးယား နိုင်ငံ အနေဖြင့်  မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲမှာ တရားမျှတပြီး လွတ်လပ်သည့် ရွေးကောက်ပွဲ တစ်ခု ဖြစ်ခဲ့ကြောင်း စောင့်ကြည့် သူများ၏ ဆုံးဖြတ်ချက်ဖြင့် အတည်ပြုပေးခဲ့ပြီးလည်း ဖြစ်သည်။

No comments: