Tuesday, August 21, 2012

ကျူးကျော် နေထိုင်သူများနှင့် ရဲတပ်ဖွဲ့ အချင်းများရာမှ ခုနှစ်ဦး ထိခိုက် ဒဏ်ရာရ


မန္တလေးမြို့ အရှေ့တောင်ပိုင်းရှိ မြရည်နန္ဒ ရပ်ကွက် ကျုးကျော်သူများ နေထိုင်ရာ ဝင်းအတွင်းသို့ အောင်ပင်လယ် ရဲစခန်းမှ စခန်းမှူး ဦးဆောင်သော ရဲအင်အား လေးဆယ်ခန့်က ကျုးကျော်သူများ အရေး ဦးဆောင် လှုပ်ရှားသူ ဦးဝင်းမြင့်ထွန်းကို ဝင်ရောက်ဖမ်းဆီးရာမှ အမျိုးသမီး ခြောက်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း အခင်းဖြစ်ပွားရာတွင် ရောက်ရှိနေသူများက ပြောကြားသည်။
(ရဲတပ်ဖွဲ့ဝင်များ နှင့် အချင်းများမှု ဖြစ်ပွားခဲ့ သော  မြရည်နန္ဒာရပ်ကွက် ရှိ ကျုးကျော် နေထိုင်သူများ၏ အိမ်များကို တွေ့ရစဉ်။)

(ရဲတပ်ဖွဲ့ဝင်များ နှင့် အချင်းများမှု ဖြစ်ပွားခဲ့ သော မြရည်နန္ဒာရပ်ကွက် ရှိ ကျုးကျော် နေထိုင်သူများ၏ အိမ်များကို တွေ့ရစဉ်။)




အောင်ပင်လယ်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့ များနှင့် မန္တလေး ခရိုင် ရဲတပ်ဖွဲ့ မှူးက ၁၅ ဧက ခန့်ကျယ်သော မန္တလေးမြို့  ချမ်းမြသာစည်မြို့ နယ် မြရည်နန္ဒာ ရပ်ကွက် ကွင်းအမှတ် (၅၃၇) မြေနေရာတွင် ကျူးကျော် နေထိုင်သူ အိမ်ထောင်စု ၅၀
ခန့်(လူ၂၀၀၀ ၀န်းကျင်ခန့် )ကို သြဂုတ်လ ၂၁ရက်နေ့ (ယနေ့)နံနက် (၇)နာရီက လာရောက် ဖယ်ရှား ခိုင်းခဲ့ရာမှ ယင်းသို့ ပြဿနာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ မြေဧကတွင် ၀င်ရောက် ကျူးကျော် နေထိုင်နေကြသော ဒေသခံများက The Voice Weekly သို့ ပြောကြားသည်။
“ လယ်မြေတွေ တရုတ်တွေကို အကွက်ရိုက် ရောင်းနေတာ သိရလို့ စိုက်ပျိုး လုပ်ကိုင်နိုင်တဲ့ လယ်ယာမြေ ဆုံးရှုံးမှာစိုးလို့ ဝင်ရောက် ကျူးကျော် နေထိုင်ကြတာပါ” ဟု ၎င်းတို့က ဆိုသည်။
ယနေ့ နံနက်ပိုင်းက ယူနီဖောင်း ၀တ်ဆင် မထားသော ရဲ (၇)ဦး ဆိုင်ကယ်ဖြင့် ဦးစွာ ရောက်ရှိလာပြီး မန္တလေးခရိုင်ရှိ အောင်ပင်လယ်မြို့နယ်၊ ချမ်းမြသာစည်မြို့ နယ် ရဲတပ်ဖွဲ့ ဝင်များ၊မန္တလေး ခရိုင် ရဲတပ်ဖွဲ့ မှူး တို့  ရောက်ရှိ လာကြောင်း၊ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း အင်အား (၄၀)ခန့်ရှိကြောင်း၊ အဆိုပါ ရဲတပ်ဖွဲ့ များက ကျူးကျော် နေထိုင်သူများ ၏ ခေါင်းဆောင်ဟု ဆိုသူု ဦးဝင်းမြင့်ထွန်းကို လာရောက် ဖမ်းဆီး ခေါ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ဦးဝင်းမြင့်ထွန်းက အသာတကြည် လိုက်ပါမည် ပြုသည်ကို ကျူးကျော် နေထိုင်သူ အမျိုးသမီးများက ၀ိုင်းဖက် ကာကွယ်ခဲ့ကြပြီး အမျိုးသားများက ၀ိုင်းဝန်း ကာကွယ် ခဲ့ကြသဖြင့် ရဲတပ်ဖွဲ့ ဝင်များက အကြမ်းဖက်မှု များ ပြုလုပ်ရာမှ အချင်းဖြစ်ပွား ခဲ့ကြခြင်း ဖြစ်ကြောင်း၊ နံနက် ၁၀ နာရီခွဲ ခန့်တွင် သတင်းထောက်များ ယင်းနေရာသို့  ရောက်လာချိန်တွင် ရဲတပ်ဖွဲ့ ဝင်များ ပြန်လည် ထွက်ခွာသွားခဲ့ ကြခြင်း ဖြစ်ကြောင်း အခင်းဖြစ်ပွားရာတွင် ရောက်ရှိနေသည့် မျက်မြင်သက်သေများက ဆိုသည်။
ယင်းအချင်း ဖြစ်ပွားမှုကြောင့် ဦးဝင်းမြင့်ထွန်း၏ ဒူးခေါင်းတွင် ဒဏ်ရာ ရရှိခဲ့ပြီး အခြား ထိခိုက်မှု တစ်စုံတစ်ရာ မဖြစ်ကြောင်း၊ ကျူးကျော် နေထိုင်သူ အမျိုးသမီး(၆)ဦး အမျိုးသား တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထိခိုက် ဒဏ်ရာ ရရှိသူများမှာ မခိုင်(ကိုယ်ဝန် ၄လ)နှင့် မစိမ်း(ကိုယ်ဝန် ၈လ)၊ ဒေါ်ခင်အုန်းမြင့်၊ ဒေါ်ရှိ၊ ကိုချစ်မိုး၊ ဒေါ်လဲ့ ၊ မဘေဘီတို့  ဖြစ်ပြီး အမျိုးသမီး သုံးဦးမှာ မန္တလေးမြို့ ဆေးရုံကြီးတွင် တက်ရောက် ကုသ နေကြောင်း ၎င်းတို့က ဆိုကြသည်။
သို့သော်မန္တလေး ဆေးရုံကြီးသို့  The Voice Weekly က သွားရောက် သတင်း ရယူရာ အဆိုပါ ကိစ္စနှင့် ဆေးရုံ တက်ရောက်နေသူ မရှိကြောင်း ပြင်ပ လူနာဆောင် ဌာနရှိ တာဝန်ကျ ဆရာ၏ လက်ရှိ ဆေးမှတ်တမ်း အရ သိရသည်။
“ဆေးရုံကို ကျူးကျော် ကိစ္စနဲ့ ၆ယောက် လာပြတာတွေ့တယ်၊ လာပြပြီး ပြန်သွားကြ တာပါ၊ ဆေးရုံမှာ လက်ရှိ တက်ရောက်နေတာ မတွေ့ မိပါဘူး” ဟု ဆေးရုံရှိ တာဝန်ကျ ရဲတပ်ကြပ် အစောင့်ထံမှ သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ အောင်ပင်လယ် ရဲစခန်းသို့  ဆက်သွယ် မေးမြန်းရာ ယနေ့ အဆိုပါ ကိစ္စနှင့် ပတ်သတ်ပြီး ပြောပိုင်ခွင့် မရှိကြောင်း၊ မနက်ဖြန်မှ ပြန်လည် ပြောဆိုနိုင်မည် ဖြစ်ကြောင်း တာဝန်ကျ ရဲဝန်ထမ်းက ပြန်လည်ပြောဆိုသည် ယင်းအား လာရောက် ဖမ်းဆီးပါက အသာတကြည် လိုက်ပါမည်ဖြစ်ပြီး ကျူးကျော်နေ ထိုင်သူ တို့ကို လက်နက် အင်အားဖြင့် ဖယ်ရှားခြိမ်းခြောက်ခြင်း တစ်စုံတစ်ရာ မလုပ်ရန် အောင်ပင်လယ် ရဲစခန်းမှူးသို့ ဖုန်းဆက်ပြောကြား ပြီးဖြစ်ကြောင်း၊ အဆိုပါ ကျူးကျော် မြေနေရာမှ ချက်ချင်း ဖယ်ရှားပေးနိုင်မည် မဟုတ်ကြောင်း၊ ထိုနေရာ အတွက် သက်ဆိုင်ရာ သို့ အသနားခံ စာတင်ခြင်း၊ စီတန်း လှည့်လည်ခြင်း များဖြင့် တောင်းဆိုရန် စီစဉ်လျက်ရှိကြောင်း၊ ၎င်းတို့ကို ယင်းနေရာမှ ဖယ်ရှားပြီး အခြား တစ်နေရာတွင် နေထိုင်ခွင့် ပေးမည်ဆိုပါက ဖယ်ရှားပေးရန် အသင့်ရှိကြောင်း ဦးဝင်းမြင့်ထွန်းက ဆိုသည်။
အဆိုပါ ကျူးကျော် နေထိုင်သူများက ရဲတပ်ဖွဲ့ ဝင်နှင့် ဒေသခံများကို ပြန်လည် ခုခံခြင်း တစ်စုံတစ်ရာ မပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ ကျူးကျော်နေ လူဦးရေ ၂၀၀၀ မှာ မန္တလေးမြို့ စည်ပင် နယ်နိမိတ် အတွင်းရှိ ဒေသ အသီးသီးမှ ကျူးကျော်များဖြစ်ပြီး ယင်းနေရာတွင် လာရောက် စုစည်း နေထိုင်ကြခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
ယနေ့ည ခုနှစ်နာရီ မိနစ် သုံးဆယ်ခန့်အချိန်ထိ နောက်ဆုံး ရရှိသော သတင်းများအရ ထိခိုက် ဒါဏ်ရာ ရရှိသူများတွင် ပါဝင်သော ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးမှာ ကလေး ပျက်ကျခဲ့ရသဖြင့် မန္တလေး ဗဟို အမျိုးသမီး ဆေးရုံတွင် ခွဲစိတ်ကုသမှု ခံယူနေရကြောင်း မန္တလေး မြို့ခံ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
from-the voice weekly

No comments: