မင်းကိုနိုင် အပါအ၀င် ၈၈မျိုးဆက်ကျောင်းသားများသည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်၌ သြဂုတ်လ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲသို့ တက်ရောက်ရန်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မြို့/ရွာ များတွင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဆိုင်ရာများကို ဆွေးနွေးပြီး ဒေသခံများ၏ လက်ရှိခံစားနေကြရသည့် အခက်အခဲနှင့် တင်ပြချက်များကို မှတ်တမ်းယူနိုင်ရန်အတွက် သြဂုတ်လ ၆ ရက်မှ သြဂုတ်လ ၁၆ ရက် အထိ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့သို့ခရီးထွက်ခွာခဲ့ကြသည်။ ထိုသို့ ခရီးထွက်ခဲ့ကြရာတွင် မြို့ပေါင်း ၂၀ နှင့် ကျေးရွာ ၉ ရွာသို့ သွားရောက်ခဲ့ကြသည်။
၈၈မျိုးဆက်ကျောင်းသား ၅၄ ဦးသည် သြဂုတ်လ ၆ ရက်၊ နံနက် ၉း၃၀ နာရီက ရန်ကုန်မြို့မှ ထွက်ခွာလာခဲ့ကြပြီး ထိုနေ့ ည ၇း၁၀ နာရီတွင် မန္တလေးမြို့သို့ ရောက်ရှိလာခဲ့ကြသည်။
သြဂုတ်လ ၇ ရက် ၊ နံနက် ၈း၀၀ နာရီက ၈၈၈၈ ငွေရတုအကြို ၂၄ နှစ်မြောက် အခမ်းအနားကျင်းပရေး
ကော်မတီတွင် ပါဝင်သော ၈၈ မျိုးဆက်ကျောင်းသားများက မန္တလေးရှိကော်မတီဝင်များနှင့် အခမ်းအနားဖြစ်မြောက်ရေးကိစ္စရပ်များကို နောက်ဆုံးအဆင့်အဖြစ် ဆွေးနွေးခဲ့ကြသည်။
ကော်မတီတွင် ပါဝင်သော ၈၈ မျိုးဆက်ကျောင်းသားများက မန္တလေးရှိကော်မတီဝင်များနှင့် အခမ်းအနားဖြစ်မြောက်ရေးကိစ္စရပ်များကို နောက်ဆုံးအဆင့်အဖြစ် ဆွေးနွေးခဲ့ကြသည်။
သြဂုတ်လ ၇ ရက်၊ ညနေ ၄း၃၀ နာရီက ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားအတွက် ပြင်ဆင်နေချိန်တွင် ပြည်ထောင်စုဝန်ကြီးနှစ်ဦးဖြစ်ကြသော စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသိန်းနှင့် မီးရထားပို့ဆောင်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်မင်းတို့သည် အခမ်းအနားကျင်းပမည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်သို့ ရောက်ရှိလာကြကာ ကျောင်းထိုင်ဆရာတော်များကို ဂါရ၀ပြုပြီးနောက် ၈၈မျိုးဆက်ကျောင်းသားများနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် မနက်ဖြန်ပြုလုပ်မည့် ရှစ်လေးလုံးအခမ်းအနားအတွက် ၎င်းတို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း၊ ထိုသို့ လာရောက်ရန် နိုင်ငံတော်သမ္မတကြီးထံ ခွင့်တောင်းပြီးနောက် သမ္မတ၏ ခွင့်ပြုချက်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒါကြောင့် မနက်ဖြန် ပြုလုပ်မည့် ရှစ်လေးလုံးနေ့အခမ်းအနားကို ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့က ခွင့်ပြုလိုက်ခြင်းအား ပေါ်လွင်စေလိုသောကြောင့် ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း တို့ကို ၀န်ကြီးဦးစိုးသိန်းက ပြောကြားသွားပြီး ဆရာတော်ကြီးများအတွက် န၀ကမ္မ အလှူငွေ ကျပ်နှစ်သိန်းနှင့် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့သို့ အလှူငွေကျပ် ဆယ်သိန်းကို ၀န်ကြီး နှစ်ဦးမှ ပေးအပ်သွားခဲ့ကြသည်။ အဆိုပါ လက်ခံရရှိငွေ ဆယ်သိန်းကို ၈၈မျိုးဆက်ကျောင်းသားများမှ ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနား ကျင်းပရေးကော်မတီသို့ ဆက်လက်လွှဲပြောင်း ပေးအပ်ခဲ့သည်။ ညနေ ၅း၂၀ ခန့်တွင် ၀န်ကြီး နှစ်ဦးသည် ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်မှ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်
။
သြဂုတ်လ ၈ ရက် ၊ ၈၈၈၈ နှစ်ပတ်လည် (၂၄ နှစ်မြောက်) ငွေရတုအကြို အခမ်းအနားကို နံနက် ၇း၀၀ နာရီမှ မွန်းလွဲ ၁၂း၃၀ နာရီအထိ ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးပါတီအသီးသီးမှ ပုဂ္ဂိုလ်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။
ထိုနေ့ ညနေ ၄း၀၀ နာရီတွင် မင်းကိုနိုင်ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသား ၁၀ဦးသည် မြစ်သားမြို့သို့ ထွက်ခွာခဲ့ပြီး ညနေ ၅း၄၅ နာရီတွင် မြစ်သားမြို့သို့ရောက်ရှိရာ ဒေသခံမိဘပြည်သူများမှ လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။ ထိုနေ့ည ၆း၃၀ နာရီအချိန်တွင် မြစ်သားမြို့ဝေဇယန္တာလမ်းရှိ ပညာဒါန ကျောင်းခန်း၌ စမာဆည် တည်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာ၊ အရေးကိစ္စများနှင့်ပတ်သက်၍ ဒေသခံများက မြေပုံများဖြင့် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး ၈၈မျိုးဆက်ကျောင်းသားများက မှတ်တမ်းများရယူခဲ့ကြသည်။
သြဂုတ်လ ၉ ရက် ၊ နံနက် ၈း၀၀ နာရီတွင် မြစ်သားမြို့နယ် အမျိးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးသို့ ရောက်ရှိပြီး အဖွဲ့ချုပ် အဖွဲ့သားများနှင့် တရင်းတနှီးတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နံနက် ၉း၀၀ နာရီတွင် မြစ်သားမြို့လုပ်အားကြေးမုံခန်းမ၌ ပွင့်လင်းလူ့အဖွဲ့အစည်းဆွေးနွေးပွဲစတင်ခဲ့ပြီး မွန်းလွဲ ၁၂း၃၀ နာရီတွင် အခမ်းအနားပြီးဆုံးခဲ့သည်။
ထို့နောက် မြစ်သားမြို့မှ ၁း၄၅ နာရီတွင် ထွက်ခွာခဲ့ပြီး ကူမဲမြို့သို့ ၂း၁၅ နာရီတွင် ရောက်ရှိခဲ့သည်။ ကူမဲမြို့ မိဘကျေးဇူး ကေသီဦးသာသနာ့ဗိမာန်ခန်းမတွင် ပွင့်လင်းလူ့အဖွဲ့အစည်းဆွေးနွေးပွဲကို မွန်းလွဲ ၂း၁၀ အချိန်မှ ၃း၁၅ နာရီအချိန်အထိ ကျင်းပခဲ့သည်။
၈၈မျိုးဆက်ကျောင်းသားများသည် စစ်ကိုင်းမြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ ညနေ ၄း၃၀ နာရီတွင် စစ်ကိုင်းမြို့ စူဠာမဏိ ကောင်းမှုတော်ဘုရားသို့ ရောက်ရှိခဲ့ကြပြီး ၁၉၈၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က စစ်ကိုင်းမြို့၌ ကျဆုံးသွားခဲ့ကြသူများအတွက် ၂၄ နှစ်မြောက် ၀တ်ပြုဆုတောင်းပွဲကို စစ်ကိုင်းမြို့သူ မြို့သားများနှင့်အတူ အခမ်းအနားတစ်ရပ် ပြုလုပ်ခဲ့ကြသည်။ ဆုတောင်းပွဲ အခမ်းအနားကို ၅း၃၀ နာရီတွင် ရုတ်သိမ်းပြီးဆုံးခဲ့သည်။
ထို့နောက် စစ်ကိုင်းမြို့မှ မြင်းမူမြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ ညနေ ၆း၃၀အချိန်တွင်ရောက်ရှိခဲ့ကြသည်။ မြင်းမူမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ မြို့ခံလူထုနှင့် တွေ့ဆုံနှုတ်ဆက်စကား ပြောကြားခဲ့ပြီးနောက် ည ၇း၀၀ နာရီတွင် မုံရွာမြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြသည်။
မုံရွာမြို့သို့အသွား လမ်းခရီးရှိ အာလာကပ္ပရွာသို့ သို့ ည ၉း၂၀ နာရီတွင် ရောက်ရှိပြီး မြို့ခံလူထုနှင့် တွေ့ဆုံပြီး နှုတ်ဆက်စကားပြောကြားခဲ့ကြသည်။ ထို့နောက် ည ၉း၄၅ နာရီတွင် ဆက်လက်ထွက်ခွာခဲ့ကြရာ ည ၁၁း၃၀ နာရီတွင် မုံရွာမြို့သို့ရောက်ရှိခဲ့ကြသည်။ ရောက်လျှင်ရောက်ချင်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းရှိ ရာပြည့်ခန်းမသို့ ခေတ္တ၀င်ရောက်ပြီး လာရောက်ကြိုဆိုကြသော မြို့လူထုကို နှုတ်ဆက်စကားပြောကြားခဲ့ကြသည်။
သြဂုတ်လ ၁၀ ရက် ၊ နံနက် ၇း၃၀ နာရီတွင် မုံရွာမြို့နယ်၊ အလုံမြို့ ချမ်းသာကြီးကျောင်းတိုက်တွင် ၀ါဆိုသင်္ကန်းကပ်လှူခဲ့ပြီး ကျောင်းဝန်းအတွင်းသို့ ရောက်ရှိလာကြသော မြို့ခံလူထုကို နှုတ်ဆက်စကား ပြောကြားခဲ့ကြသည်။ ထို့နောက် မုံရွာမြို့ ဗိုလ်ချုပ်လမ်းရှိ ရာပြည့်ခန်းမတွင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဆိုင်ရာ ဆွေးနွေးပွဲများကို နံနက် ၉း၀၀ နာရီမှ မွန်းလွဲ ၁၂း၃၀ နာရီအထိ ကျင်းပခဲ့ကြသည်။ နေ့လည်စာစားပြီးနောက် မွန်းလွဲ ၁း၀၀ နာရီတွင် မုံရွာမြို့နယ် အမျိုးသားဒီမိုကရေစီရုံးသို့သွားရောက်ပြီး အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ပြည်သူများအား တွေ့ဆုံနှုတ်ဆက်စကားပြောကြားခဲ့ကြသည်။
ထို့နောက် မွန်းလွဲ ၁း၄၀ နာရီတွင် မုံရွာတစ်ဖက်ကမ်းရှိ ကြေးနီတောင်၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရှိရာ ၀က်မှေးကျေးရွာသို့ထွက်ခွာခဲ့ကြသည်။ လမ်းခရီးတွင် ကြေးနီစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးရပြီး မြေ၊ ရေ၊ ဒုက္ခများနှင့်ကြုံတွေ့နေရကြသည့် ရွာသူရွာသားများနှင့် ကံကုန်းရွာ သင်္ချိုင်းရှိ ဇရပ်အနီးတွင် တွေ့ဆုံမေးမြန်းဆွေးနွေးခဲ့ကြသည်။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ရွှေ့ပြောင်းခံရမည့် ၀က်မှေးကျေးရွာအုပ်စုသို့ မွန်းလွဲ ၂း၄၀တွင် ရောက်ရှိခဲ့ပြီး ပွင့်လင်းလူ့အဖွဲ့အစည်းဆွေးနွေးပွဲများ ကျင်းပခဲ့သည်။ ထို့နောက် ညနေ ၆း၀၀ နာရီခန့်တွင် အခမ်းအနားပြီးဆုံးပြီး မုံရွာမြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။
သြဂုတ်လ ၁၁ ရက် ၊ နံနက် ၇း၃၀နာရီအချိန်တွင် မုံရွာမြို့မှ ကြေးမုံ -မုံရွေး စာကြည့်တိုက်သို့ ထွက်ခွာခဲ့ကြပြီး စာကြည့်တိုက်တွင် မြို့ခံလူထုကို နှုတ်ဆက်စကားပြောကြားခဲ့ကြသည်။
ထို့နောက် ၈း၃၀ နာရီတွင် ရေစကြိုမြို့သို့ ဆက်လက်ထွက်ခွာလာခဲ့ရာ လမ်းခရီးရှိ မင်းခေါင်ရွာသို့ နံနက် ၈း၄၅ နာရီတွင် ရောက်ရှိပြီး ကျေးရွာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ နှုတ်ဆက်စကားပြောကြားခဲ့ကြသည်။
မင်းခေါင်ရွာမှ နံနက် ၉း၁၀နာရီတွင် ဆက်လက် ထွက်ခွာခဲ့ကြပြီး ရေစကြိုမြို့သို့ နံနက် ၁၀း၁၅ နာရီတွင် ရောက်ရှိခဲ့ကြသည်။ နံနက် ၁၀း၃၀နာရီတွင် ရေစကြိုမြို့ရှိ ဂူကြီးကျောင်းဓမ္မာရုံ၌ ပွင့်လင်းလူ့အဖွဲ့အစည်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။ နေ့လယ် ၁း၂၀ နာရီတွင် အခမ်းအနားပြီးဆုံးပြီး ပခုက္ကူမြို့သို့ဆက်လက်ထွက်ခွာလာခဲ့ကြသည်။
မွန်းလွဲ ၃း၀၀ ခန့်၌ ပခုက္ကူမြို့သို့ရောက်ရှိခဲ့ကြပြီး ပခုက္ကူမြို့ ဗောဓိမဏ္ဍိုင် စာသင်တိုက် တွင် ဆွေးနွေးပွဲကျင်းပခဲ့သည်။
သြဂုတ်လ ၁၂ ရက်၊ နံနက် ၇း၁၀ နာရီတွင် ပခုက္ကူမြို့ မဟာဝိသုဒ္ဒာရာမ (အလယ်တိုက်) တွင် ဆရာတော်ဦးဝိဇယအား ၀ါဆိုသင်္ကန်းကပ်လှူခဲ့ကြသည်။ ပခုက္ကူမြို့၊ အမှတ် ၆ ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်ရုံးတွင် ဖွင့်လှစ်ထားသော အမေ့အိမ်ပညာဒါနကျောင်းသို့ သွားရောက်ခဲ့ပြီး ကျောင်းရှိ တက္ကသိုလ်ဝင်တန်းကျောင်းသား ၃၆၈ဦးကို မိတ်ဆက်စကားပြောကြားခဲ့ကြသည်။
နံနက် ၇း၄၅ နာရီတွင် ပခုက္ကူမြို့မှ ဆက်လက်ထွက်ခွာလာခဲ့ရာ နံနက် ၈း၄၀နာရီတွင် မြိုင်မြို့သို့ ရောက်ရှိခဲ့ကြသည်။ ရောက်ရှိလျှင်ရောက်ရှိချင်း ပွင့်လင်းလူ့အဖွဲ့အစည်းဆိုင်ရာ ဆွေးနွေးပွဲကိုကျင်းပခဲ့ကြရာ နံနက် ၁၀း၃၀ နာရီတွင် အခမ်းအနားပြီးဆုံးခဲ့သည်။ မြိုင်မြို့မှ အထွက်တွင် ၈၈ မျိုးဆက်ကျောင်းသား ၁၀ဦးသည် ၅ ဦးဆီခွဲ၍ မင်းကိုနိုင်ဦးဆောင်သောအဖွဲ့က လက်ယက်မ ကျေးရွာအုပ်စုသို့လည်းကောင်း၊ ကိုဂျင်မီဦးဆောင်သော အဖွဲ့က ကမ္မမြို့သို့လည်းကောင်း လူခွဲ သွားရောက်ကြပြီး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် မွန်းလွဲ ၁း၄၅ နာရီတွင် ပခုက္ကူမြို့သို့ပြန်လည်ရောက်ရှိကြပြီး ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ မိတ်ဆက်စကားပြောကြားခဲ့ကြသည်။
မွန်းလွဲ ၃း၀၀ နာရီတွင် ပခုက္ကူမြို့မှထွက်ခွာလာခဲ့ကြပြီး ညနေ ၄း၁၀ နာရီတွင် ညောင်ဦးမြို့သို့ရောက်ရှိခဲ့ကြသည်။ ညောင်ဦးမြို့၊ သန်လျက်ချောင်းကျောင်း ဆရာတော်ကို ၀ါဆိုသင်္ကန်းကပ်လှူပြီး ကျောင်းဝန်းအတွင်းရှိ ကွင်းပြင်တွင် ဒေသခံမြို့သူမြို့သားများ၊ အနီးအနားရှိ ကျေးရွာများမှ ပြည်သူများနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဆိုင်ရာများကို ဟောပြောဆွေးနွေးခဲ့ကြရာ ညနေ ၇း၁၀ အချိန်တွင် အခမ်းအနားပြီးဆုံးခဲ့ပြီး ပုဂံမြို့သစ်သို့ ည ၇း၄၀ နာရီတွင် ရောက်ရှိခဲ့ကြသည်။
သြဂုတ်လ ၁၃ ရက် ၊ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းများတွင် ပုဂံမြို့ရှိ ဘုရား၊ ပုထိုး၊ စေတီများကို ဖူးမျှော်ခဲ့ကြပြီး ည ၇း၁၅ နာရီတွင် ပုဂံမြို့၊ မြို့လယ် အောင်ချမ်းသာ ရှစ်မျက်နှာဘုရား ဓမ္မာရုံ ၌ ငြိမ်းချမ်းရေးနှင့်ပွင့်လင
်းလူ့အဖွဲ့အစည်းဆိုင်ရာ ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး ည ၉း၄၅ နာရီတွင် အခမ်းအနားပြီးဆုံးခဲ့သည်။
သြဂုတ်လ၊ ၁၄ ရက်၊ နံနက် ၇း၃၀နာရီတွင် ပုဂံမြို့သစ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ သွားရောက် နှုတ်ဆက်ခဲ့ကြပြီးနောက် ပုဂံမြို့သစ်ရှိ ယွန်းထည်လုပ်ငန်းများကို သွားရောက်လေ့လာခဲ့ကြသည်။ မွန်းလွဲ ၁း၃၀ နာရီတွင် ပုဂံမြို့သစ်မှ ထွက်ခွာလာခဲ့ကြပြီး မွန်းလွဲ ၂း၀၀နာရီတွင် ကျောက်ပန်းတောင်းမြို့သို့ ရောက်ရှိခဲ့ကြသည်။ ကျောက်ပန်းတောင်းမြို့ရှိ သာသနာ့ဗိမ္မာန်ခန်းမတွင် ပွင့်လင်းလူ့အဖွဲ့အစည်းဆိုင်ရာ ဆွေးနွေးပွဲကို မွန်းလွဲ ၂း၄၅နာရီမှ ညနေ ၅း၃၀နာရီအထိကျင်းပခဲ့ကြသည်။
ထို့နောက် ည ၇း၀၀နာရီတွင် ကျောက်ပန်းတောင်းမှ ဆင်ဖြူကျွန်းသို့ ဆက်လက်ထွက်ခွာခဲ့ကြရာ ဆင်ဖြူကျွန်းမြို့သို့ ည ၁၀း၅၀ နာရီတွင် ရောက်ရှိခဲ့ကြသည်။
သြဂုတ်လ ၁၅ ရက် - နံနက် ၇း၀၀နာရီတွင် ကိုမင်းဇေယျ ၊ကိုဌေးကြွယ်အပါအ၀င်ငါးဦးသည် ဆင်ဖြူကျွန်းမြို့သို့ ရောက်ရှိလာကြပြီး ယမန်နေ့ညက ရောက်ရှိနေကြသော မင်းကိုနိုင်ဦးဆောင်သည့် ၈၈မျိုးဆက်ကျောင်းသားများနှင့်ပူးပေါင်းကာ ဆင်ဖြူကျွန်းမြို့မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ နံနက် ၉း၀၀နာရီတွင် မြို့နယ်အဖွဲ့ချုပ်ရုံးရှိရာ ကွင်းပြင်တွင် ပွင့်လင်းလူ့အဖွဲ့အစည်းဆွေးနွေးပွဲကို စတင်ကျင်းပခဲ့ပြီး မွန်းလွဲ ၁၂း၃၀နာရီတွင် အခမ်းအနားပြီးဆုံးခဲ့သည်။
မွန်းလွဲ ၁း၂၀ နာရီတွင် ဆင်ဖြူကျွန်းမြို့မှ စလင်းမြို့သို့ ထွက်ခွာလာကြပြီး စလင်းမြို့၊ ရဲစွမ်း မင်္ဂလာခန်းမ၌ မွန်းလွဲ ၂း၃၀ နာရီတွင် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။ ဆွေးနွေးပွဲ ပြီးဆုံးသည့်နောက် စလင်းမြို့မှ ထင်ရှားသော ရုပ်စုံကျောင်းသို့ သွားရောက် လေ့လာခဲ့ကြသည်။ ညနေ ၄း၂၀နာရီတွင် စလင်းမြို့မှ ထွက်ခွာလာခဲ့ကြပြီးနောက် ပွင့်ဖြူမြို့သို့ မရောက်ခင် လမ်းမတစ်နေရာတွင် တောင်သူ အလုပ်သမများက ၀မ်းသာ အဲလဲကြိုဆိုခဲ့ကြပြီး ပွင့်ဖြူမြို့တွင် ပွင့်လင်းလူ့အဖွဲ့အစည်းဆိုင်ရာ ဆွေးနွေးပွဲကို ညနေ ၄း၅၀ နာရီမှ ၆း၀၀ နာရီထိ ကျင်းပ ပြုလုပ်ခဲ့ကြသည်။ ၄င်းနောက် စကုမြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြပြီး စကုမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ည ၇း၀၀ နာရီမှ ၉း၄၀ နာရီအထိ ဟောပြောဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်။ စကုမြို့မှ ထွက်ခွာခဲ့ကြပြီး မကင်းဘူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ည ၁၀း၀၀ နာရီတွင် ရောက်ရှိခဲ့ကြပြီး ဒေသခံများအား တွေ့ဆုံနှုတ်ဆက်စကားပြောကြားခဲ့သည်။ မင်းဘူးမြို့မှ မကွေးမြို့သို့ ည ၁၀း၅၀ နာရီတွင် ရောက်ရှိခဲ့ကြသည်။ မကွေးမြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ မြို့ခံပြည်သူများ၊ ကျောင်းသားလူငယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မကွေးမြို့မှ ည ၁၁း၄၀တွင် ထွက်ခွာခဲ့ကြပြီး ရန်ကုန်မြို့သို့ သြဂုတ်လ ၁၆ ရက် နံနက် ၁၀း၃၀ နာရီတွင် ပြန်လည်ရောက်ရှိခဲ့ကြသည်။
၈၈မျိုးဆက်ကျောင်းသားများ၏ မြန်မာနိုင်ငံအလယ်ပိုင်း ခရီးစဉ်တွင်သက်ဆိုင်ရာဒေသခံများ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည်ဖြေကြား၊ မှတ်တမ်းရယူခဲ့ရာ တောင်သူလယ်သမားဆိုင်ရာ ကိစ္စရပ်များ၊ မြေယာသိမ်းဆည်းခံရမှုပြဿနာများ၊ ဆည်မြောင်းဖောက်လုပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဘေးထွက်ပြဿနာများ၊ ဒေသဆိုင်ရာတာဝန်ရှိ အောက်ခြေ၀န်ထမ်းများ၏ လာဘ်စားမှု၊ သြဇာအာဏာ အလွဲသုံးမှု ပြဿနာများ၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ၊ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး ကိစ္စရပ်များကို အလေးပေးဆွေးနွေး ဖြေကြားခဲ့ကြသည်။
from Sabai Phyu
from Sabai Phyu
No comments:
Post a Comment