Wednesday, August 22, 2012

အမတ်လောင်း ထွက်ဖို့ ရော်မနီ ဖိအားပေး


အမေရိကန် နိုင်ငံမှာ မုဒိမ်းကျင့်မှုနဲ့ ပတ် သက်ပြီး အငြင်းပွား ဒေါသဖြစ်စရာ အပြော တခုကြောင့် ရီပတ်ဗလစ်ကန် အမတ်လောင်း တယောက် အမတ် ရွေးပွဲက နှုတ်ထွက်ဖို့ ဖိအားပေး ခံနေရပါတယ်။
မစ်ဇူရီ ပြည်နယ်မှာ အထက် လွှတ်တော်အတွက် ဝင်အရွေးခံမယ့် ရီပတ်ဗလစ်ကန် ပါတီက အမတ် လောင်း တော့ဒ အက်တကင်က သူ့အခေါ် တရားဝင်တဲ့ မုဒိမ်းကျင့်မှု legitimate rape တွေမှာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ဟာ ကိုယ်ဝန် မရအောင်
ဟန့်တားနိုင်တယ်ဆိုပြီး ပြောခဲ့ပါတယ်။တော့ဒ အက်တကင်ရဲ့ မှတ်ချက်ကို ဝိုင်းဝန်း ရှုံ့ချခဲ့ကြပြီး အခုနောက်ဆုံး သူ့ရဲ့ ရီပတ်ဗလစ်ကန် ပါတီ ခေါင်းဆောင် သမ္မတလောင်း မစ်ရော်မနီ ကိုယ်တိုင်က သူ့ကို အမတ်ရွေးပွဲက နှုတ်ထွက်သင့်တယ်လို့ ပြောလာပါတယ်။
မုဒိမ်းမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ ပြောကြားချက်ဟာ အတော်ကြီးကို ရုန့်ရင်း ကြမ်းတမ်းပါတယ်၊ ဒီအပြောကို ဘယ်လိုမှ ကာကွယ်ပြီး ပြောပေးလို့မရပါဘူး၊ သူ့ဘက်က ကာပြီး ပြောပေးလို့ မရပါဘူးလို့ မစ်ရော်မနီက ပြောပါတယ်။
ကာယကံရှင် အမတ်လောင်း အက်တကင်ကတော့ သူ့ပါတီက နှုတ်ထွက်ဖို့ ပြောနေတာတောင် နှုတ်ထွက်ပေးဖို့ ငြင်းဆန်နေပါတယ်။
ဒါပေမယ့် သူမှားသွားတယ် ဆိုတာကိုတော့ ဝန်ခံခဲ့ပြီး အဲဒိအတွက် ခွင့်လွှတ်ဖို့ ရုပ်မြင်သံကြားကနေ ကြော်ငြာရိုက်ပြီး တောင်းပန်ခဲ့ပါတယ်။
အခု မှတ်ချက် မတိုင်ခင် ပြီးခဲ့တဲ့ အပတ်က မစ်ဇူရီ ပြည်နယ်က ရွေးကောက်ပွဲ သဘောထား စစ်တမ်း ကောက်ယူရာမှာ သူဟာ ပြိုင်ဘက် ဒီမိုကရက်တစ် ပါတီက လက်ရှိ အမတ် Claire McCaskill ထက် လူကြိုက် များနေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အခု ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ရေဒီယို အစီအစဉ်တခုနဲ့ မေးမြန်းခန်းမှာ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချခွင့်ကို ထောက်ခံလားလို့ မေး ရာမှာ သူက မုဒိမ်းမှုမှာ ကိုယ်ဝန်ရတာမျိုးက ရှားတယ်လို့ ပြန်ဖြေခဲ့ပါတယ်။
သူ့ရဲ့ မှတ်ချက်ကို ပြိုင်ဘက် ဒီမိုကရက်တစ် ပါတီက အခွင့်ကောင်း ယူပြီး ထိုးနှက်ခဲ့တာ ဖြစ်ပါတယ်။
အက်တကင် ပြောပြီးနောက်မှာ ဒီမိုကရက်တစ် ပါတီက သမ္မတ အိုဘားမားက မုဒိမ်းမှုဟာ မုဒိမ်းမှုပဲ၊ မုဒိမ်းမှုကို ဘယ်လို မုဒိမ်းမှုမျိုးဆိုပြီး သရုပ်ခွဲနေတာ အဓိပ္ပါယ် မရှိဘူးလို့ ဝင်ပြီး အမှတ်ယူခဲ့ပါတယ်။
အဲဒိနောက်မှာ ရီပတ်ဗလစ်ကန် ခေါင်းဆောင်ပိုင်းက သူတို့ အမတ်လောင်းကို နှုတ်ထွက်ဖို့ ဖိအားပေးတာ ဖြစ်ပါတယ်။
တကယ်တော့ ရီပတ်ဗလစ်ကန်တွေက သူတို့လူက နှုတ်ထွက်ခိုင်းပေမယ့် ရီ ပတ်ဗလစ်ကန်တွေ အာဏာရရင် အမျိုးသမီးတွေ ကိုယ်ဝန် ဖျက်ချခွင့်ကို မုဒိမ်းမှုကနေ ရလာတဲ့ ကိုယ်ဝန်ဖြစ်ဖြစ်၊ မိသားစုဝင် အချင်းချင်း လိင်ဆက်ဆံပြီး ရလာတဲ့ ကိုယ်ဝန်ဖြစ်ဖြစ် ဘယ်လို ကိုယ်ဝန် ဖျက်ချမှုမျိုးကိုမဆို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ချည်ပြီး ပိတ်ပင်မှာ ဖြစ်တာမို့ သက်သက် အသံကောင်း ဟစ်နေတာသာ ဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။
from-BBC

No comments: