Wednesday, August 22, 2012

လူဦးရေ သန်းခြောက်ဆယ်မှာ သုံးသန်းခန့်သာ မိုဘိုင်းဖုန်းသုံးနိုင်သေး


ယခုလက်ရှိအချိန်တွင် မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းများ တဖြည်းဖြည်းချင်း ကျဆင်းလာခြင်းကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် မိုဘိုင်းဖုန်းအသုံးပြုနိုင်သည့် လူဦးရေ ၂ ဒသမ ၅ သန်းနီးပါး ရှိလာပြီးဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက 7 Day News သို့ ပြောသည်။

ယခုကဲ့သို့ ပြည်တွင်း၏ မိုဘိုင်းဖုန်းအသုံးပြုနိုင်သည့် ပမာဏသည် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်ဖြစ်သော ၂၀၁၀-၁၁ ထက် သိသိသာသာ တိုးတက်လာမှုမှာ
ယခုလက်ရှိ ဈေးကွက်အတွင်း ရောင်းချနေသည့် ကျပ်နှစ်သိန်းဝန်းကျင်တန် မိုဘိုင်းဖုန်းများကြောင့် အဓိကဖြစ်လာသည်ဟု ရန်ကုန်မိုဘိုင်းဈေးကွက်မှ စုံစမ်းသိရှိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် မိုဘိုင်းအသုံးပြုသူဦးရေမှာ ၂ ဒသမ ၅ သန်းကျော်ရှိလာပြီး ဖြစ်သည့်အချိန်တွင် အဓိက အသုံးပြုသည့် ရန်ကုန်မြို့တွင်လည်း သုံးစွဲသူ ၆ သိန်းကျော် ရှိပြီဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောသည်။
၂၀၀၈ ခုနှစ်မှ စတင်ကာ တဖြည်းဖြည်းချင်း တိုးတက်လာခဲ့သည့် ပြည်တွင်း၏ မိုဘိုင်းဖုန်း အသုံးပြုမှုနှုန်းသည် ယခုနှစ်အနည်းငယ်တွင်းတွင် သိသိသာသာ တစ်ဟုန်ထိုး တိုးတက်လာခဲ့ခြင်းဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေး၏ တရားဝင်စာရင်းဇယားများအရ သိရသည်။
ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းက ဂျီအက်စ်အမ်ဖုန်းအသုံးပြုသူမှာ တစ်နိုင်ငံလုံးတွင် အလုံးရေငါးသိန်းကျော်သာ ရှိခဲ့ရာမှ ယခုအချိန်တွင် သန်းဂဏန်းအထိ တိုးတက်လာခြင်းဖြစ်သည်။
တဖြည်းဖြည်းချင်း ကျဆင်းလာသည့် မိုဘိုင်းဖုန်းဈေးနှုန်းများကြောင့် နိုင်ငံ၏ မိုဘိုင်းဖုန်းသုံးစွဲသူဦးရေ တစ်ဟုန်ထိုး တိုးတက်လာနေခြင်းနှင့် တစ်ချိန်တည်းမှာပင် ပြည်တွင်းဆက်သွယ်ရေး ၀န်ဆောင်မှုကဏ္ဍတွင် ၀ယ်ယူသုံးစွဲသူများအတွက် အခက်အခဲအချို့ ရှိနေသေးသည်ဟု သိရသည်။
အစိုးရသတ်မှတ်ဈေးနှုန်းများအတိုင်း ဆက်သွယ်ရေး၏ ၀န်ဆောင်မှုများကို မ၀ယ်ယူနိုင်ကြသေးခြင်း၊ ဂျီအက်စ်အမ်ဖုန်းများ၏ ဆက်သွယ်မှုများ တစ်ခါတစ်ရံ လိုင်းကျပ်ခြင်းများ ရှိနေဆဲဖြစ်ခြင်းများက လက်ရှိအချိန်ထိ သုံးစွဲသူများ ကြုံတွေ့နေရသည့် အခက်အခဲအချို့ဖြစ်သည်။
“အရင်ကတော့ မိုဘိုင်းဖုန်းဆိုတာ အိပ်မက်ထဲလောက်ပဲ ရှိခဲ့တာ။ ဆယ့်ငါးသိန်းခေတ်လောက်ကပေါ့။ အခုနှစ်သိန်းအထိ ကျလာတော့ လက်တွေ့ကိုင်နိုင်ပြီ။ ဒါပေမဲ့ အခက်အခဲက အစိုးရက သတ်မှတ်ဈေးအတိုင်း မ၀ယ်နိုင်ကြတာ။ ပြီးတော့ တစ်နေရာနဲ့တစ်နေရာ ၀န်ဆောင်မှုတွေ မတူညီကြတာ။ ဂျီအက်စ်အမ်ဖုန်းလိုင်းတွေ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကအထိ တော်တော်ကျပ်နေခဲ့တာ။ အဲဒီအခက်အခဲတွေတော့ ရှိသေးတယ်”ဟု ရန်ကုန်မြို့တွင်း နေထိုင်သော ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်းတစ်ဦးက ဆိုသည်။
မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူများကမူ ပြည်တွင်း၏ မိုဘိုင်းဖုန်းဆက်သွယ်ရေးကဏ္ဍကို တဖြည်းဖြည်းချင်း ကောင်းမွန်လာအောင် ပြုပြင်ပြောင်းလဲပေးသွားမည်ဟု ပြည်တွင်းပြည်ပ မီဒီယာများသို့ ပြောဆိုထားသည်။
from-7daynewsjournal

No comments: