ထိုက်တန်သော လုပ်ခလစာရရှိရေးအတွက် စောင့်ဆိုင်းနေကြသော အလုပ်သမများ (Photo: YPI)
မိုးရာသီ ၀င်ရောက်စပြုနေပြီဖြစ်တဲ့ မေလ နေ့လယ်ခင်း။ ရန်ကုန်မြို့ဆင်ခြေဖုံးမြို့နယ်တွေအနက် စက်မှုဇုန်မြို့နယ်အဖြစ်လူသိများတဲ့ လှိုင်သာယာမြို့နယ် စက်ရုံအချို့ရဲ့ အ၀င်ပေါက်ဝမှာ အလုပ်သမားတွေ စုရုံးစုရုံးနဲ့လုပ်နေကြပါတယ်။ နေသာလိုက်၊ မိုးရွာလိုက်အခြေအနေမှာ ထီးပါသူကပါ၊ မပါသူ ကလည်း သစ်ပင်ရိပ်အောက်မှာ စတီးထမင်းချိုင့်ချပြီး နေ့လယ်စာ
စားနေကြတဲ့မြင်ကွင်းက နေ့စဉ်တွေ့မြင်နေကျ မြင်ကွင်း တော့ မဟုတ်ပါဘူး။ အဲဒီမြင်ကွင်းကိုမြင်တွေ့ရတဲ့ ဘတ်စ်ကားစီးခရီးသည် အဒေါ်ကြီးတစ်ယောက်က အရင်ကကျောင်းသားကစတာ၊ အခု တော့ အလုပ်သမားပေါ့လို့ ဝေဖန်ပါတယ်။ “ကောင်းကောင်း ကိုင်တွယ်တတ်ရင် ကိစ္စမရှိဘူး၊ မကိုင်တွယ်တတ်ရင်တော့” လို့ စိုးရိမ်သံနဲ့ ပြောပါတယ်။ လှိုင်သာယာ၊ ရွှေလင်ဗန်း၊ ရွှေပြည်သာ ဆက်နေတဲ့ ဘတ်စ်ကားလမ်းတလျှောက် ဆန္ဒပြနေတဲ့စက်ရုံ လေး၊ ငါး နေရာထက်မနည်း တွေ့မြင်ရပါတယ်။ စက်ရုံလုပ်သားတွေ ဘာအတွက်ဆန္ဒပြကြတာပါလဲ၊ ယခင်က မြင်တွေ့ရလေ့မရှိတဲ့ မြင်ကွင်းတွေ အခုမှဘာလို့မြင်တွေ့ရတာလဲ။ ဒီစက်ရုံတွေ လှိုင်သာယာ၊ ရွှေပြည်သာမှာ ယခုမှပေါ်လာတာမဟုတ်၊ ဆယ်စုနှစ် တစ်စုကျော်မက လုပ်ကိုင်လာပြီးမှ ယခုမှဘာလို့ လုပ်သားဆန္ဒပြမှုတွေက ဖြစ်ပေါ်လာရတာလဲ။ စက်ရုံပိုင်ရှင်တွေကရော ဘာအတွက် ဆန္ဒပြသူတွေကို လွယ်လွယ်ကူကူ မလိုက်လျောနိုင်တာလဲ။ ဒီမြင်ကွင်းတွေကို မြင်တွေ့ပြီးတဲ့နောက်မှာ စတဲ့မေးခွန်းတွေက ဆက်တိုက်ဆိုသလို ခေါင်းထဲမှာ ပေါ်ထွက်လာပါတယ်။ အလုပ်သမား ဆန္ဒပြမှုရဲ့ဇာစ်မြစ် ၁၉၈၉ ခုနှစ်နောက်ပိုင်း ဈေးကွက်စီးပွားရေးစနစ် ပြောင်းလဲလာပြီးနောက်မှာ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံတွေ ထင်ထင် ရှားရှား ပေါ်ထွက်လာပါတယ်။ အထူးသဖြင့် လုပ်သားအားပြုပြီးလည်ပတ်တဲ့ အထည်ချုပ်၊ ဖိနပ်ချုပ်၊ ရေထွက်ပစ္စည်း အစရှိတဲ့ စက်ရုံအလုပ်ရုံတွေဟာ သီးခြားသတ်မှတ်ပေးထားတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း၊ မင်္ဂလာဒုံ အစရှိတဲ့ စက်မှု ဇုန်တွေမှာ ထွက်ပေါ်လာပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေ ပိုင်ဆိုင်တာရှိသလို နိုင်ငံခြားသားပိုင် အထည်ချုပ်၊ ဖိနပ်ချုပ် စက်ရုံတွေလည်း အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။ ရှစ်မိုင်လမ်းဆုံအနီးရှိ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတွင် ယခုနှစ် မေလအတွင်းက အလုပ်သမားအခွင့်အရေးတောင်းဆိုနေကြသော Hi Mo ဆံပင်တုစက်ရုံမှအလုပ်သမားများ (Photo: YPI) မဆလ ဆိုရှယ်လစ် စီးပွားရေးခေတ်တုန်းက စက်ရုံအလုပ်သမားဆို အစိုးရပိုင်စက်ရုံလုပ်သားတွေသာရှိရာက ၁၉၉၀ ခုနှစ် အစပိုင်းတွေကစလို့ လုပ်သားလေး၊ ငါးရာကနေ တစ်ထောင်ကျော်၊ နှစ်ထောင်နီးပါးထိရှိတဲ့ ပုဂ္ဂလိကပိုင်စက်ရုံတွေ အသီးသီး ထွက်ပေါ်လာပါတယ်။ လှိုင်သာယာမြို့နယ်မှာတော့ စက်ရုံတွေတန်းစီနေတာကြောင့် အလုပ်သမားအများဆုံး စုဝေးနေတဲ့နေရာလို့ ဆိုနိုင်ပါတယ်။ အလုပ်သမားတွေများလာပေမယ်လို့ ဆယ်စုနှစ် နှစ်စုကျော် အလုပ်သမားအခွင့်အရေး၊ အဖွဲ့အစည်းတွေကို ကျယ် ကျယ်လောင်လောင် ပြောဆိုခွင့်မရှိလို့ အလုပ်သမားဆန္ဒပြတာတွေ၊ အလုပ်သမားအဖွဲ့အစည်းတွေ ထင်ထင်ရှားရှား မတွေ့မြင်ခဲ့ရပါဘူး။ တိတ်တိတ်ဆိတ်ဆိတ် စက်ရုံထဲ အလုပ်မလုပ်ဘဲ လုပ်ခတိုးတောင်းတာမျိုး တစ်ခါတစ်ရံ ကြားမိပေမယ့် ဘယ်လိုဖြေရှင်းလိုက်တယ်၊ ပြဿနာကို ဘယ်လိုကိုင်တွယ်ကြလဲဆိုတာ သဲသဲကွဲကွဲ မကြားသိကြရပါဘူး။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကျင်းပပြီးနောက် နိုင်ငံတော်မှာ ဦးသိန်းစိန်သမ္မတဖြစ်လာပြီး တစ်နှစ်ကျော်အကြာ ယခုနှစ် ဆန်း ဖေဖော်ဝါရီလမှာ တိုင်ရီဖိနပ်စက်ရုံက ရက်ပေါင်း ၂၀ ကျော်ကြာတဲ့ အလုပ်သမားဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။ စက်ရုံရှေ့မှာ ရာနဲ့ချီတဲ့လုပ်သားတွေ နေ့စဉ် နံနက်တိုင်းလာပြီး ဆန္ဒပြကြ၊ မွန်းလွဲပိုင်း၊ ညနေပိုင်းမှ ပြန်သွားကြတာ၊ အလုပ်သမားအရေး ဆောင်ရွက်သူတွေ ကြားဝင်ညှိနှိုင်းတာတွေ ပထမဆုံးလူသိရှင်ကြား ဖြစ်လာပါတယ်။ ၁၆ ရက်၊ ၁၇ ရက်ကြာတဲ့အထိ အလုပ်သမားတောင်းဆိုချက်တွေ ညှိနှိုင်းရာမှာ ပြေလည်မှုမရနိုင်ဘဲ ၀ါဏိဇ္ဇပဋိပက္ခ ခုံရုံးတင်ပြတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။ တိုင်ရီဖိနပ် စက်ရုံအလုပ်သမား ဆန္ဒပြတဲ့သတင်းဟာ အပတ်စဉ် ဂျာနယ်တိုင်းလောက်မှာ ဖော်ပြခဲ့ကြသလို လူထုကလည်း စိတ်ဝင်စားခဲ့ ကြပါတယ်။ အခုလို အလုပ်သမားအရေးတွေ တောင်းဆိုလာကြတာ၊ တောင်းဆိုခွင့်အနည်းငယ်ရလာတာဟာ လတ်တလော မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးဖော်ဆောင်မှုရဲ့ အကျိုးဆက်လို့ ဆိုနိုင်ပါတယ်။ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခွင့်ဥပဒေ အတည်ပြု ထုတ်ပြန်လိုက်ပြီးနောက် မကြာခင်လပိုင်းမှာ အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေးဥပဒေနဲ့ နည်းဥပဒေတွေပါ ဆက်တိုက် အတည်ပြုခဲ့တာလည်း တွေ့ရပါတယ်။ အလုပ်သမားတွေရဲ့ အခွင့်အရေးကို အသိအမှတ်ပြုလိုက်တာကြောင့် တစ်ဖက်မှာလည်း အလုပ်ရှင်တွေ နစ်နာစရာ တွေရှိလာမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတချို့လည်း ထွက်ပေါ်လာပါတယ်။ စက်ရုံအလုပ်ရုံပိုင်ရှင်တွေဘက်က လက်ရှိအနေအထား မှာ အကျိုးအမြတ်များစွာမရလို့ အလုပ်သမားတွေကို လုပ်ခလစာတိုးမြှင့်ပေးဖို့ရာ အခက်အခဲရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ကြားနေရကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ အလုပ်ရှင်တွေဘက်က အဓိကကြုံတွေ့ရတဲ့ အခက်အခဲကတော့ ၃ ချက်ရှိတယ်လို့ ပြောပါတယ်။ ပထမအချက်က လျှပ်စစ်ဓာတ်အားမရလို့ မီးစက်သုံးရတဲ့အတွက် ထုတ်လုပ်မှုစရိတ် မြင့်တက်သွားရတယ်ဆိုတဲ့ အချက်ပါ။ ဒုတိယအချက်က တော့ စီးပွားရေးပိတ်ဆို့မှုကြောင့် ဈေးကွက်ရှာရခက်ခဲတဲ့ အခြေအနေ ဖြစ်ပါတယ်။ ကြားခံနိုင်ငံမှတစ်ဆင့် အခြားနိုင်ငံတွေကို ပို့ရတဲ့အတွက် အပိုကုန်ကျစရိတ် (Transactional Cost) ပိုလာတဲ့ အချက်ဖြစ်ပါတယ်။ တတိယအချက်ကတော့ ပို့ကုန် သွင်းကုန် လုပ်ဆောင်ရာမှာ ဌာနဆိုင်ရာဝန်ထမ်းတွေကို စားပွဲအောက်မှ ပေးရတဲ့စရိတ်ကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်တက် လာစေတယ်လို့ဆိုတဲ့ အချက်တွေပါပဲ။ လျှပ်စစ်ဓာတ်အားမလုံလောက်တဲ့ ပြဿနာကတော့ တိုင်းပြည်နဲ့အ၀ှမ်း ဖြစ်နေတဲ့ကိစ္စဖြစ်တာမို့ နေ့ချင်းညချင်း ဖြေ ရှင်းဖို့ မပြေလည်နိုင်သေးတဲ့ကိစ္စဖြစ်ပါတယ်။ မိုးရာသီနဲ့ ဆောင်းရာသီတွေမှာ ဆိုးဆိုးရွားရွားမဖြစ်သော်လည်း နွေရာသီမှာတော့ နှစ်စဉ်လိုလို ဖြစ်ပေါ်နေတဲ့ ပြဿနာတစ်ရပ်ပါ။ စီးပွားရေးပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံကထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို တိုက်ရိုက်တင်သွင်းမှု ပိတ်ပင်ထားတဲ့ နိုင်ငံ တွေရှိနေတဲ့ ပြဿနာကတော့ သက်ဆိုင်ရာနိုင်ငံတွေက ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးမှ ပြေလည်နိုင်မှာဖြစ်ပါတယ်။ ပို့ကုန်သွင်းကုန်လုပ်ဆောင်ရာမှာ အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်း ရှုပ်ထွေးမှုတွေ၊ အချက်အလက် တစ်ချက်မှ အမှားမခံတာတွေကြောင့် ဆိပ်ကမ်းက ကုန်သေတ္တာစက်ရုံ ရောက်ဖို့ရာမှာ ငွေကုန်ကြေးကျများတဲ့ အခြေအနေတွေကိုတော့ အလုပ်သမား၊ အလုပ်ရှင်နဲ့ အစိုးရ၀န်ကြီးဌာန သုံးပွင့်ဆိုင်ညှိနှိုင်းကြစဉ်မှာ စက်ရုံလုပ်ငန်းရှင်တွေက တင်ပြလာတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူက ပြောပါတယ်။ သွင်းကုန်ပါမစ်မှာ ဖော်ပြထားတဲ့ရက်စွဲထက် အမှန်တကယ် ကုန်သေတ္တာတင်တဲ့ရက်စွဲက တစ်ရက်လောက် နောက်ကျတာ၊ ဒါမှမဟုတ် စောခဲ့ရင် ကုန်သေတ္တာ ရန်ကုန်ဆိပ်ကမ်းရောက်တဲ့အခါ ထုတ်ဖို့အခက်ကြုံရတယ်လို့ စက်ရုံလုပ်ငန်းရှင်တွေက ပြောပါတယ်။ စက်ရုံပိုင်ရှင်တွေကပြောရာမှာ ဆိပ်ကမ်းကကုန်သေတ္တာ စက်ရုံထဲရောက်ဖို့အတွက် အတော်လေး ငွေကုန်ရတဲ့ အဖြစ်ကို လုပ်ငန်းရှင်၊ အလုပ်သမားနဲ့ အစိုးရအရာရှိတွေ သုံးပွင့်ဆိုင်တွေ့ဆုံစဉ်မှာ ထုတ်ဖော်ပြောဆိုကြတာပါ။ ဒီလို အကောက်ခွန်ဆိုင်ရာ၊ အစိုးရဌာနဆိုင်ရာ အခက်အခဲတွေကို အဲဒီတွေ့ဆုံမှုနောက်ပိုင်း အစိုးရဘက်က ဖြေရှင်းပေးခဲ့လို့ အတော်လေး ပြေလည်သွားတယ်လို့လည်း ကြားသိရပါတယ်။ အခုအဖြစ်အပျက်ကို သုံးသပ်ကြည့်တဲ့အခါ အလုပ်ရှင်တွေဘက်က လုပ်ငန်းနဲ့ပတ်သက်တဲ့ အပိုကုန်ကျစရိတ် တွေကြောင့် အလုပ်သမားလစာတိုးပေးဖို့ အခက်အခဲရှိတယ်ဆိုတဲ့အချက်ပါ။ တစ်နည်းအားဖြင့်ပြောရရင် အလုပ်သမားတွေ ဘက်က လစာတိုးဖို့ တောင်းဆိုခွင့်မသာတဲ့အခြေအနေမှာ အဲဒီအပိုကုန်ကျစရိတ်တွေအတွက် အလုပ်သမားတွေရဲ့ ခံစားခွင့်ထဲက နစ်နာခံပေးနေခဲ့ရတဲ့ အဓိပ္ပာယ်လည်း သက်ရောက်နေပါတယ်။ ယခင်က အလုပ်ရှင်နဲ့အလုပ်သမားခွဲဝေမှုမှာ အလုပ်သမားဘက်ကပြောဆိုဖို့ အခွင့်မသာခဲ့သလို အလုပ်ရှင်တွေဘက် ကလည်း သူတို့ရင်ဆိုင်နေရတဲ့အခက်အခဲကို အစိုးရ၀န်ကြီးဌာနတွေဆီပြောဆိုဖို့ အခွင့်မသာခဲ့တဲ့ အခြေအနေမှာ ၀န်ထုပ်ဝန်ပိုး က အလုပ်သမားတွေအပေါ် ပိနေခဲ့တာပါ။ ဆယ်စုနှစ်သုံးလေးခုကြာ လွတ်လပ်တဲ့အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခွင့်မရှိခဲ့တဲ့ အခြေအနေ၊ အလုပ်သမားအခွင့် အရေးဆိုတာကို နိုင်ငံရေးလှုံ့ဆော်မှုတစ်ရပ် အဖြစ်သာ မှတ်ယူလာခဲ့တဲ့အခြေအနေကနေ ဒီနေ့ကာလလို အနည်းငယ် ပြောဆို ခွင့်ရလာတဲ့အခြေအနေဟာ အရင်က ချိန်ခွင်လျှာကို ပြောင်းလဲသွားစေတာလည်း ဖြစ်ပါတယ်။ ယခင်က အစိုးရရဲ့အာဏာနဲ့ ချိန်ခွင်လျှာမကစားအောင် ချုပ်ကိုင်ထားတာကို လွှတ်လိုက်တဲ့အခါ ချိန်ခွင်ရဲ့ဘယ်နဲ့ ညာက တစ်လှည့်စီ မြင့်လိုက်နိမ့်လိုက် ကစားနေတဲ့သဘောလို့ လတ်တလော အခြေအနေကိုတင်စားရင် မှားမယ်မထင်ပါ။

အလုပ်သမားအဖွဲ့အစည်းနဲ့ အလုပ်သမားတွေရဲ့ လိုလားချက်နှစ်ပေါင်း ၅၀ နီးပါးအတွင်း လွတ်လပ်တဲ့ အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်ရလာတာ ယခုအကြိမ်ဟာ ပထမဆုံးဖြစ်ပါတယ်။ လွတ်လပ်တဲ့ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခွင့်ရလာတာကြောင့် အလုပ်သမားအခွင့်အရေးကိစ္စတွေကို အလုပ်သမားတွေကိုယ်တိုင် အဖွဲ့အစည်းနဲ့ ပြောဆိုခွင့်ရ လာမယ့် အခြေအနေ ရောက်ရှိလာတာဟာ တိုးတက်မှုတစ်ခုပါ။ အတည်ပြုပြီးဖြစ်တဲ့ ဥပဒေတွေလက်တွေ့ကျင့်သုံးလာနိုင်ဖို့ အလုပ်သမားတွေကိုယ်တိုင် တိုက်တွန်းတောင်း ဆိုကြရမှာဖြစ်သလို အလုပ်ရှင်တွေဘက်ကလည်း ပြောင်းလဲလာတဲ့ အခြေအနေနဲ့အညီလိုက်ညှိကာ လုပ်ဆောင်ကြရမယ့် အနေအထားလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ အချို့သောအလုပ်ရှင်တွေက အလုပ်သမားအဖွဲ့အစည်းတွေကို ရန်ဘက်တွေ အလား မှတ်ယူနေကြတာမျိုးရှိနေတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောဆိုပါတယ်။ အလုပ်သမားအဖွဲ့အစည်းတွေဟာ လစာတိုးမြှင့်ရေး တောင်းဆိုဖို့ အလုပ်ခွင်အခြေအနေနဲ့ ပတ်သက်ပြီး တောင်းဆို ချက်တွေ တောင်းဖို့ဆိုတဲ့အမြင်မျိုး မြင်နေတာကြောင့် ရန်ဘက်အဖွဲ့ အစည်းအဖြစ် ရှုမြင်နေတာလည်း ဖြစ်ပါတယ်။ အလုပ်သမားတွေဘက်က လုပ်ခလစာတိုးမြှင့်ရေး တောင်းဆိုပြီးတဲ့နောက် ဒုတိယအနေနဲ့ ပြောစရာရှိတာက အလုပ်ခွင်ထဲက ဆက်ဆံရေး အခြေအနေဖြစ်ပါတယ်။ အလုပ်ခွင်မှာ မန်နေဂျာတွေ၊ အလုပ်ကြပ်တွေကနှိမ်တာ၊ ဆဲဆိုတာ တွေကြောင့်ခံစားနေ ရတဲ့ခံစားချက်တွေလည်း အခုလိုမကျေနပ်မှုတွေကို ဆန္ဒပြတဲ့အခါမှာ တစ်ပါတည်း ထုတ်ဖော်ပြောဆို လာကြပါတယ်။ ဒီဆက်ဆံရေးပြဿနာက လုပ်ခလစာကိစ္စပြီးရင် ဒုတိယအရေးကြီးတဲ့ ပြဿနာတစ်ခုဖြစ်တယ်လို့ အလုပ်သမား အရေးဆောင်ရွက်သူတွေက ပြောကြပါတယ်။ အလုပ်ရှင်၊ အလုပ်သမား၊ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေ တွေ့ဆုံညှိနှိုင်းတဲ့အခါ အလုပ်သမားတွေဘက်က ဆက်ဆံရေးပြဿနာကိုလည်း တင်ပြကြပါတယ်။ အလုပ်ခွင်မှာ အိမ်သာသွားတဲ့အခါ တစ်ဦးထက်ပိုမသွားရ၊ ၁၀ မိနစ်ထက်မပိုရ၊ အိမ်သာသွားကတ်ကို တစ်ကတ် သာပေးထားတာ စတဲ့စည်းကမ်းသတ်မှတ်ချက်တွေကို အလုပ်ရှင်အတော်များများက ချမှတ်ထားတာကို အလုပ်သမားတွေ အနေနဲ့ မကျေမနပ်ဖြစ်နေခဲ့တာတွေကို လတ်တလောဆန္ဒပြတဲ့အခါ တင်ပြလာကြပါတယ်။ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ခြင်း မြန်မာနိုင်ငံအနေနဲ့ ဆိုရှယ်လစ်စီးပွားရေးစနစ်အောက်မှာ ၂၆ နှစ်နေခဲ့ပြီး ဈေးကွက်စီးပွားရေးသို့ ကူးပြောင်းတဲ့ကာလ ၂၃ နှစ် စုစုပေါင်း ၄၉ နှစ်တာအတွင်း အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ကျင့်သုံးတာ မရှိခဲ့ပါဘူး။ ၁၉၄၉ ခုနှစ် အနည်းဆုံးအခကြေးငွေ အက်ဥပဒေဆိုတာရှိပေမယ့် ပြီးခဲ့တဲ့ဆယ်စုနှစ်လေး၊ ငါးခုလုံးလုံး လက်တွေ့ ကျင့်သုံးခြင်းမရှိလောက်အောင် အသက်မ၀င်တဲ့ဥပဒေလိုဖြစ်နေခဲ့တာပါ။ လတ်တလော လုပ်ခလစာတောင်းဆိုမှုတွေကို ညှိနှိုင်းကြရာမှာ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ချက်မရှိတဲ့အဖြစ် ကြောင့် အခက်အခဲတွေ့ခဲ့ကြရတယ်လို့ ဆိုပါတယ်။ ဥပဒေနဲ့အတည်ပြုမယ့် အနည်းဆုံးအခကြေးငွေဥပဒေလို့ခေါ်ဆိုမယ့် အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ပေးမယ့်ဥပဒေ ကြမ်းတစ်ရပ် မကြာခင်လွှတ်တော်မှာ တင်ပြဆွေးနွေးပြီး အတည်ပြုဖွယ်ရှိပါတယ်။ တချို့နိုင်ငံတွေမှာ အနိမ့်ဆုံးလုပ်ခလစာကို ဒေသအလိုက် အနိမ့်အမြင့်ကွဲပြားတာမျိုးရှိတာတွေ့ရသလို အချို့နိုင်ငံ တွေမှာတော့ အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ချက်ကို ငွေဖောင်းပွမှု၊ လူနေမှုစရိတ်ကြီးမြင့်မှုတွေအပေါ်မူတည်ပြီး တစ်နှစ် တစ်ကြိမ် လွှတ်တော်ကိုတင်ပြကာ ပြင်ဆင်သတ်မှတ်ကြတယ်လို့လည်း သိရပါတယ်။ လတ်တလော အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတွေမှာ အလုပ်သမားတွေဘက်က အနိမ့်ဆုံးဘယ်လောက် ပေးရမယ်ဆိုတာကို ဥပဒေအရတင်ပြဖို့ အခက်အခဲရှိနေတာကြောင့် နောက်ဆုံးမှာ အလုပ်သမားဝန်ကြီးဌာနက ယာယီ အနိမ့်ဆုံးလုပ်ခလစာအဖြစ် တစ်ရက်ကို ကျပ် ၁,၀၀၀ သတ်မှတ်ခဲ့ပါတယ်။ အဲဒီနောက် အခြေခံလုပ်ခလစာ ကျပ် ၁,၀၀၀ အပေါ် အခြေခံတွက်ချက်ပြီး အချိန်ပိုကြေး၊ ရက်မှန်ကြေး စတာတွေနဲ့ ယာယီအားဖြင့် ညှိနှိုင်းနိုင်ခဲ့ကြပါတယ်။ အနိမ့်ဆုံး လုပ်ခလစာသတ်မှတ်ချက် ဥပဒေပေါ်ထွက်လာရင် ဥပဒေအရကာကွယ်ပေးထားတဲ့ အခြေခံလစာသတ်မှတ် ချက်ရှိလာပြီဖြစ်လို့ အလုပ်သမားတွေရဲ့ လုပ်ခရပိုင်ခွင့်နဲ့ပတ်သက်လို့ပြောဆိုရာမှာ ပိုပြီးလွယ်ကူလာမယ့် အလားအလာ ရှိပါတယ်။ ယနေ့ အလုပ်သမားအရေးကိစ္စအခြေအနေကို အနှစ်ချုပ်ပြောရမယ်ဆိုရင် ပွင့်လင်းတဲ့ ဒီမိုကရေစီစနစ်ဆီဦးတည်နေ တယ်ဆိုတဲ့ မြန်မာနိုင်ငံအနေနဲ့ အလုပ်သမားအခွင့်အရေးတွေ ကိစ္စရပ်တွေအတွက် တောင်းဆိုခွင့်ရှိလာတဲ့အခြေအနေဟာ ကြိုဆိုရမယ့် အခြေအနေဖြစ်ပါတယ်။ အလုပ်ရှင်တွေဘက်ကလည်း နိုင်ငံတကာဈေးကွက်မှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် လုပ်အားခ ဈေးသက်သာတဲ့ အခြေအနေမျိုးကို လိုလားမှာဖြစ်ပါတယ်။ အလုပ်သမားတွေလည်း သူတို့ရဲ့လုပ်အားနဲ့တန်တဲ့လုပ်ခရလိုမှုအတွက် တောင်းဆိုနေကြရမှာဖြစ်သလို အလုပ်ရှင် တွေဘက်ကလည်း လုပ်ငန်းရှင်သန်ရေး၊ ဈေးကွက်မှာယှဉ်ပြိုင်နိုင်ရေးတို့ကို ချိန်ညှိပြီးတောင်းဆိုမှုတွေကို ညှိနှိုင်းလိုက် လျောကြရမယ့်သဘောပါ။ အခြားဘက်တစ်ဘက်ဖြစ်တဲ့ အစိုးရဘက်ကလည်း စီးပွားရေးလုပ်ငန်းတွေ ရှင်သန်နိုင်ဖို့ ကြိုးနီစနစ်၊ အပိုကုန်ကျ စရိတ်တွေ တတ်နိုင်သမျှပျောက်ကွယ်ဖို့ ဆောင်ရွက်ပေးရမယ့် အခြေအနေမျိုးလည်း ဖြစ်ပါတယ်။ ။

No comments:
Post a Comment