Thursday, September 13, 2012

မြန်မာ့ထုတ်ကုန် မျိုးစုံ ကမ္ဘာ့နိုင်ငံများသို့ အခွန်ကင်းလွတ်စွာဖြင့် ပို့ဆောင်နိုင်ပြီ


နော်ဝေနိုင်ငံမှ မြန်မာ့ထုတ်ကုန်မျိုးစုံအား အခွန်ကင်းလွတ်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာနမှ သိရသည်။ နော်ဝေနိုင်ငံမှ ယေဘုယျ အကောက်ခွန်သက်သာခွင့် (GSP) စနစ်ဖြင့် မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်များ၊ စက်မှုထုတ်ကုန် ပစ္စည်းများတွင် ပြည်တွင်း၌ ပြည့်ဝစွာ ထုတ်သော ထုတ်ကုန်များအပြင် ပြည်ပမှ တင်သွင်းလာသော ကုန်ကြမ်းများအား ပြည်တွင်း၌ အပြီးသတ် အချောထည် ထုတ်ကုန်များကိုပါ အခွန်ကင်းလွတ်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။ “မြန်မာနိုင်ငံထုတ် ၁၀၀ ရာခိုင်နှုန်း အားလုံး တင်ပို့ပေးနိုင်မှာပါ။ အဲဒီလို အခွန်ကင်းလွတ်ခွင့်က အရင်ကတည်းက ရှိပြီးသားပါ။ ဆန်ရှင်ကြောင့် မတင်ပို့နိုင်သေးဘဲ အခုမှ တစ်ခါပြန်တင်ပို့ခွင့် ပြုလိုက်တာ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရွှေစင်ဦးက ပြောသည်။ ယေဘုယျ အကောက်ခွန် သက်သာခွင့်သည် ဖွံ့ဖြိုးပြီးနိုင်ငံများမှ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ တစ်ဖက်သတ် အခွန်ကင်းလွတ်ခွင့် ပြုခြင်းဖြစ်ပြီး အဆိုပါစနစ်ကို ကမ္ဘာ့နိုင်ငံ ၃၇ နိုင်ငံမှ ကျင့်သုံးလျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး ပိတ်ဆို့မှု ရှိနေခြင်းကြောင့် အဆိုပါ ၃၇ နိုင်ငံတွင် ဂျပန်နိုင်ငံကိုသာ GSP ဖြင့် တင်ပို့ပေးနိုင်ပြီး ကျန် ၃၆ နိုင်ငံတွင် ယခု နော်ဝေနိုင်ငံမှ အခွန်ကင်းလွတ်ခွင့် ပြန်လည်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ GSP စနစ်တွင် ဥရောပနိုင်ငံ ၃၆ နိုင်ငံပါဝင်ပြီး အာရှနိုင်ငံများတွင် ဂျပန်နိုင်ငံ တစ်နိုင်ငံသာ ပါဝင်ခြင်း ဖြစ်သည်။ အနောက်နိုင်ငံများထဲမှ နော်ဝေနိုင်ငံ သည် မြန်မာအား ပထမဦးဆုံး အခွန်ကင်းလွတ်ခွင့် ပြန်လည်ခွင့်ပြုခဲ့ခြင်း ဖြစ်သောကြောင့် ကျန်နိုင်ငံများကပါ မကြာမီ ပြန်လည်ခွင့်ပြုလာနိုင်ကြောင်း ဒေါ်ရွှေစင်ဦးက ပြောသည်။ နော်ဝေနိုင်ငံမှ အခွန်ကင်းလွတ်ခွင့်ပြုခြင်းနှင့် ပတ်သက်ပြီး အထည်ချုပ်လုပ်ငန်း Kittenish Knitting Co.,Ltd. မှ မန်နေဂျာက “EU ဘက်က နိုင်ငံတွေ အကုန်လုံး အခွန်လျှော့ပေါ့စေချင်တယ်။ ဒါမှ ဒီကို အထည်တွေ ၀င်လာမှာ။ EU ဘက်က အထည်တွေက ဒီထက်ပိုပြီး ဈေးရ တယ်။ ပြီးတော့ အော်ဒါလည်း ပိုများတယ်” ဟု ပြောသည်။ ထိုကဲ့သို့ အခွန်ကင်းလွတ်ခွင့် ပြု လိုက်ခြင်းကြောင့် မြန်မာနိုင်ငံသို့ ၀င်ရောက်ရင်းနှီးမြှုပ်နှံမည့် ပြည်ပရင်းနှီးမြှုပ်နှံသူများ ပိုမိုစိတ်ဝင်စား လာနိုင်ကြောင်း၊ ထို့အပြင် မြန်မာထုတ်ကုန်များ တိုးမြှင့်လာနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ အဆိုပါ GSP စနစ်သည် ၁၉၆၇ ခုနှစ်မှ စတင်ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး မြန်မာ့ထုတ်ကုန်များ အခွန်ကင်းလွတ်ခွင့်ကို ၂၀၀၂ ခုနှစ်က ပိတ်သိမ်းခဲ့ခြင်းဖြစ်ကာ ယခုနှစ်တွင် နော်ဝေနိုင်ငံမှ ပြန်လည်စတင်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

From : သာနောင်

No comments: