ဝါရှင်တန်၊ စက်တင်ဘာ - ၁၈ အမေရိကန်ပြည်ထောင်စုသို့ နှစ်ပေါင်း ၂၀
ကျော်ကာလအတွင်း ပထမဆုံး ရောက်ရှိလာသည့် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင်
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က စက်တင်ဘာလ ၁၈
ရက်နေ့တွင် ဝါရှင်တန်မြို့၌ ကြိုဆိုတွေ့ဆုံခဲ့ကြောင်း
နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို အေပီ သတင်းဌာနက
ကိုးကားဖော်ပြသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် ဟီလာရီကလင်တန်တို့၏ ယခုအကြိမ်တွေ့ဆုံမှုသည်
ဒုတိယမြောက်ဖြစ်ပြီး ပထမအကြိမ်မှာ လွန်ခဲ့သည့် ၉ လခန့် ၂၀၁၁ ခုနှစ်၊
ဒီဇင်ဘာလဆန်းပိုင်းက ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင်မူ ၎င်းတို့နှစ်ဦးအနေဖြင့် မြန်မာနိုင်ငံအပေါ်ဆက်လက်ထားရှိဆဲဖြစ်သည့် အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများဖယ်ရှားရေး အပါအဝင် အခြားအရေးကြီးသော နိုင်ငံရေးအပြောင်းအလဲများကိစ္စကို ဆွေးနွေးကြဖွယ်ရှိသည်။
ရက်ပေါင်း ၁၈ ရက်ခန့်ကြာမြင့်မည့် အမေရိကန်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို အထူးဧည်သည်တော်အဖြစ် ဒီမိုကရက်များနှင့် ရီပတ်ဘလီကန်တို့က ကြိုဆိုကြမည်ဖြစ်ကြောင်း၊ ၎င်းသည် ကွန်ဂရက်၏ အမြင့်ဆုံးဂုဏ်ပြုဆုကို လက်ခံရယူမည်ဖြစ်သလို အိမ်ဖြူတော်သို့လည်ပတ်ရန်လည်း ဖိတ်ကြားခံရဖွယ်ရှိကြောင်း ဝါရှင်တန်အခြေစိုက် အေပီသတင်းဌာနကရေးသားဖော်ပြသည်။ စက်တင်ဘာလ ၁၇ ရက်၊ ဝါရှင်တန်သို့ ဒေါ်အောင်ဆန်းစုကြည် စတင်ရောက်ရှိခဲ့ပြီး နာရီပိုင်းအကြာတွင် မြန်မာအစိုးရအဖွဲ့က နိုင်ငံရေးအကျဉ်းသား ၅၁၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရသိရသည်။ လွတ်ငြိမ်းချမ်းသာခွင့်ရသူများတွင် နိုင်ငံရေးအကျဉ်းသား ၆၀ ခန့်ပါဝင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ အဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်ကို အေအက်ဖ်ပီသတင်းဌာနက ကိုးကားဖော်ပြသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗစ်တိုးရီးယားနျူလန်က မြန်မာနိုင်ငံတွင်း ယခု လွတ်ငြိမ်းချမ်းသာခွင့်ရသူများ မည်သူမည်ဝါဖြစ်သည်ဟူသော အချက်ကို အမေရိကန်ပြည်ထောင်စုအနေဖြင့် စုံစမ်းမှုမပြုလုပ်ရသေးကြောင်းပြောကြားပြီး သွင်းကုန်ပိတ်ဆို့အရေးယူမှုများ အမြန်ဆုံးဖယ်ရှားပေးနိုင်ခြင်းရှိ၊ မရှိဟူသည့်ကိစ္စအပေါ် ထင်မြင်သုံးသပ်ချက်မပြုပေ။ ထို့အတူ အမေရိကန်သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယင်းခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နိုင်ခြင်း ရှိ၊ မရှိဟူသည်ကိုလည်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ကြေညာသေးခြင်းမရှိပေ။

From -TheVoiceWeekly
No comments:
Post a Comment