Monday, September 17, 2012

 သြဂုတ်လအတွင်းမှ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် လူဦးရေ နှစ်သိန်းကျော်ရှိသော ဖားကန့်ဒေသတွင် လူနှစ်သောင်းခန့်သာ နေထိုင်လျက်ရှိတော့ကြောင်း သိရ

Monday, September 17, 2012
 
ဖားကန့်မြို့ပေါ်နှင့် အနီးဝန်းကျင်ရှိ မှော်လုပ်ကွက်များတွင် ယခင်က လူဦးရေနှစ်သိန်းကျော် ရှိခဲ့သော်လည်း သြဂုတ်လအတွင်း စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ယခုအခါ လူနှစ်သောင်းခန့်သာ ရှိတော့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။ငြိမ်းချမ်းရေးရရှိခဲ့သည့် နှစ် ၂၀ အတွင်း ဖားကန့်ဒေသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ခဲ့သော်လည်း ၂၀၁၁ ခုနှစ် နှစ်လယ်မှ စတင်ဖြစ်ပွားခဲ့သည့် မငြိမ်သက်မှုများကြောင့် အရောင်းအ၀ယ်များ ရပ်တန့်သည်အထိ အခြေအနေ ဆိုးရွားလာကြောင်းနှင့် ယခုရက်ပိုင်းအတွင်း အကြိမ်ရေစိပ်လာသော တိုက်ပွဲများကြောင့် လာရောက်စီးပွားရေးလုပ်ကိုင်နေသူများ အားလုံး နေရပ်သို့ ပြန်သွားကြပြီဖြစ်ပြီး ဒေသခံအများစုမှာလည်း ဒုက္ခသည်စခန်း များတွင် မှီခိုနေရသည်ဟု သိရသည်။

 
''ဖားကန့်မှာ ပြီးခဲ့တဲ့နှစ် ၂၀ ငြိမ်းချမ်းရေး ကာလတစ်လျှောက်လုံး မိုးလင်းမိုးချုပ် လမ်းပေါ် လူမပြတ်ခဲ့ပါဘူး။ ၂၀၀၉-၂၀၁၀ အထိကို အရောင်းအ၀ယ်ကောင်းခဲ့တယ်။ ဒီနှစ်တော့ အရောင်းအ၀ယ် လုံးဝမကောင်း လို့ ဈေးသည်တွေအားလုံး ဆိုင်ပိတ်ပြီး ပြန်ကြပြီ''ဟု ပေါ်ဦးလက်ဖက်ရည်ဆိုင်မှ ဦးပေါ်ဦးက ပြောပါသည်။
ဖားကန့်မြို့ပေါ်ရှိ မှော်ဝမ်းရပ်ကွက်၊ ငှက်ပျောတောရပ်၊ မြို့မရပ်၊ မရှီကထောင်ရပ်၊ အေးမြသာယာရပ် စသည့်ရပ်ကွက် ငါးရပ်ကွက်နှင့် နှမ်းမပျစ်ကျေးရွာတို့တွင် ဒုက္ခသည် စခန်းပေါင်း ၃၈ ခုရှိပြီး စက်တင်ဘာလ ၁၃ ရက်နေ့ တိုက်ပွဲမဖြစ်ပွား မီအထိဒုက္ခသည် အရေအတွက် ၈၀၀၀ မှ  ၁၀ယ၀၀၀ ကြား ရှိခဲ့သည်ဟု သိရသည်။ သို့သော် စက်တင်ဘာလ ၁၃ ရက်နေ့ တိုက်ပွဲများဖြစ်ပွားအပြီးတွင်မူ ဒုက္ခသည်အရေအ တွက် နှစ်ဆတိုးလာခဲ့သည်ဟု လူမှုကူညီရေးစခန်းများမှ သိရသည်။

''တိုက်ပွဲဖြစ်တဲ့နေ့က လူ ၁၀၀၀ လောက်ထပ်ရောက်လာတယ်။ နီးစပ်ရာနဲ့ ၀င်လာတာဖြစ်လို့ စာရင်းတောင် အတိအကျ မလုပ်နိုင်တော့ဘူး။ သြဂုတ်လ ၂၃ ရက်နေ့ကစပြီး ဒုက္ခသည်စခန်းဖွင့်ခဲ့တာ တစ်လပြည့်တော့ မယ်။ အလှူငွေနဲ့ ကုန်ကျစရိတ် မမျှဘူး။ ဖားကန့်မှာ လှူနိုင်တန်းနိုင်တဲ့သူတွေလည်း မရှိတော့ဘူး။ အားလုံးရှောင်သွားကြပြီ။ တိုက်ပွဲတွေ ရေရှည်ဖြစ်လာမယ်ဆိုရင်တော့ အခက်အခဲကြုံရတော့မယ်''ဟု ကရုဏာရှင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောပါသည်။

စက်တင်ဘာလ ၁၃ ရက်နေ့က ဖားကန့်မြို့တွင် ဖြစ်ပျက်ခဲ့သည့် မှားယွင်းပစ်ခတ်မှုများအပြီးတွင် ဖားကန့် အနီးပတ်ဝန်းကျင်မှော်များတွင် အစောင့်သာရှိတော့ပြီး ရပ်ဝေးမှ လာရောက်လုပ်ကိုင်သူ အားလုံးနီး ပါး နေရပ်ပြန်ကြခြင်းကြောင့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဖားကန့်မှ မိုးကောင်းသို့ဆင်းလာသည့် ကားအစီးအရေအတွက်မှာ ၂၀၀ ခန့်ပင်ရှိကြောင်း ဖားကန့်မြို့သို့ ရောက်ရှိနေသည့် EMG သတင်းထောက်မှ ပြောကြားပါသည်။ နေရပ်ပြန်ရန် စရိတ်မတတ်နိုင်သူများမှာ မြို့ပေါ်ရှိ ဒုက္ခသည်စခန်း များသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်းလည်း သတင်းရရှိသည်။

ဖားကန့်မြို့ပေါ်တွင် ဈေးရောင်းဈေးဝယ် လုံးဝမရှိတော့ဘဲ ရေမဆေးကျောက်ရှာဖွေသူများမှာလည်း အလုပ်အကိုင် အဆင်မပြေမှုနှင့် လုံခြုံရေး အခြေအနေများအရ စွန့်ခွာတိမ်းရှောင်သွားကြပြီဖြစ် သည်။ မှော်စီဇာ၊ ဝေခါနှင့် မမော်ပွန်းတို့တွင် တစ်ရွာလုံးနီးပါး နေထိုင်ခြင်း မရှိတော့သလို အစောင့်သဘော ကျန်ခဲ့သည့် လူဦးရေ ၁၀ ဦးခန့်သာ ရှိတော့သည်ဟု သိရသည်။မော်ဝမ်းကြီးနှင့် မော်ဝမ်းကလေးတို့တွင် လည်း အိမ်ခြေ ၄၀၀ ခန့်တွင် လူ ၂၀ ပတ်ဝန်းကျင်သာ နေထိုင်မှုရှိတော့ကြောင်း သိရသည်။ စက်တင်ဘာ ၁၃ ရက်နေ့က ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက်တွင် တပ်မတော်စစ်ကြောင်း ပြန်လည်ထွက် ခွာသွားပြီဖြစ် ၍ ပစ်ခတ်တိုက်ခိုက်သံများ မကြားရတော့ကြောင်း၊ လုံခြုံရေးအတွက် ယခင်ကရဲတပ်ဖွဲ့က တာဝန်ယူခဲ့သော် လည်း ယခုအခါ ပြည်သူစစ်အဖွဲ့ဝင်များက တာဝန်ယူဆောင်ရွက်နေသည်ဟု ဖားကန့်မြို့တွင် ရောက် ရှိနေသော EMG သတင်းထောက်က ပြောကြားသည်။

Eleven Media Group



No comments: