Sunday, September 16, 2012

ကျပ်သန်းထောင်ချီ ကြေးနီအလွဲသုံးစားမှု စတင်အရေးယူ


ဝန်ထမ်း ၄၆ ဦးက အသိပေး ဖော်ထုတ်ခဲ့သည့် ကျပ်သန်းပေါင်း ၂၇၀၀ ကျော် တန်ဖိုးရှိ ကြေးနီတန် ၃၀၀ ကျော် အလွဲသုံးစားမှုတွင် ပါဝင်သည်ဟူသော စွဲချက်ဖြင့် ကြေးနီစီမံကိန်း စက်ရုံမှူးနှင့် ဝန်ထမ်းတစ်ဦးတို့က ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် ထိန်းသိမ်းထားပြီး တရားစွဲဆိုနိုင်ရန် အမှုတည်ဆောက်နေကြောင်း ဆားလင်းကြီးမြို့နယ် ရဲစခန်းမှူး ဦးလှငွေက အတည်ပြု ပြောကြားသည်။ ဒေါ်လာ ၃ ဒသမ ၂ သန်းကျော် တန်ဖိုးရှိ ကြေးနီတန် ၃၀၀ ကျော် အလွဲသုံးစားမှုမှာ စစ်ဆေးဆဲဖြစ်နေသဖြင့် ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် ထိန်းသိမ်းခံထားရသော ကြေးနီစီမံကိန်း စက်ရုံမှူးနှင့် ဝန်ထမ်းတစ်ဦးတို့ကို တရားရုံးတင်မည့်ရက် ရွှေ့ဆိုင်း၍ ရမန်ကြီးတစ်ပတ် ထပ်ယူထားကြောင်း ၄င်းကဆိုသည်။ ထိန်းသိမ်းခံထားရသည့် မုံရွာကြေးနီစီမံကိန်း စက်ရုံမှူး ဦးအောင်လောဟာနှင့် ကြေးနီပို့တာဝန်ခံ ဦးကျော်ဆွေတို့ကို သြဂုတ်လ ၂၉ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် ဖမ်းဆီးထားခဲ့ပြီး ၁၄ ရက် ပြည့်မြောက်ဖြစ်သည့် စက်တင်ဘာလ ၁၂ ရက်နေ့တွင် တရားရုံးသို့ ရုံးတင်စစ်ဆေးရန် စီစဉ်ထားကြောင်း၊ သို့သော် ယင်းနေ့ နေ့လယ်ပိုင်းတွင် ကျောင်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသော သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၏ ခရီးစဉ်ရှိသောကြောင့် မြို့နယ်တရားသူကြီးမှာ ညနေ ၄ နာရီကျော်မှ တရားရုံးသို့ ပြန်လည်ရောက်ရှိပြီး မြို့နယ်ဥပဒေအရာရှိမှာလည်း ယင်းအမှုအတွက် ကြည့်ရှုရမည့် စာရွက်စာတမ်း အထောက်အထားများမှာ အလွန်များပြားသည့်အတွက် သေချာစွာ ဖတ်ရှုနိုင်ရန် ရမန်ကြီးတစ်ပတ် ထပ်ယူခဲ့ရကြောင်း ထိန်းသိမ်းခံထားရသူများ၏ အကျိုးဆောင်ရှေ့နေ ဦးဝင်းမြင့်က ပြောကြားသည်။ သတ္တုတွင်းဝန်ကြီးဌာနနှင့် အိုင်ဗင်ဟိုးကုမ္ပဏီတို့ အကျိုးတူပူးပေါင်း လုပ်ကိုင်ခဲ့သော အဆိုပါ ကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် တရုတ်ဝမ်ဘောင် ကုမ္ပဏီတို့ထံ လွှဲပြောင်းရောင်းချခဲ့သည့်အတွက် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညသန်းခေါင်မှ စတင်ပြီး ထုတ်လုပ်မှု ရပ်ဆိုင်းရန် ညွှန်ကြားခဲ့ကြောင်း၊ သို့သော်လည်း ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့အထိ တရားမဝင် စက်လည်ပတ်၍ ကြေးနီတန်ချိန် ၃၃၈ ဒသမ ၉၃၂ တန်ကို အလွဲသုံးစား ပြုလုပ်ခဲ့သဖြင့် ကြေးနီသတ္တုတွင်း ဝန်ထမ်းများက ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးထံသို့ တိုင်ကြားစာများ ပေးပို့ခဲ့ကြောင်း၊ သို့သော် အရေးယူ ဆောင်ရွက်မှုများ အပေါ် ကျေနပ်မှု မရှိသောကြောင့် နိုင်ငံတော် သမ္မတကြီးထံသို့ တိုင်ကြားစာ ထပ်မံပေးပို့ခဲ့ရကြောင်း ကြေးနီသတ္တုတွင်း ဝန်ထမ်းများက ပြောကြားခဲ့သည်။ အဆိုပါ ကြေးနီစီမံကိန်း အနီးပတ်ဝန်းကျင်ရှိ ကျေးရွာလေးရွာမှာ ရွှေ့ပြောင်းပေးရန် ဖိအားပေးခံခဲ့ရခြင်း၊ လယ်ယာမြေဧကပေါင်း ၇၈၀၀ ကျော် သိမ်းဆည်းခံခဲ့ရသဖြင့် တောင်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရခြင်း၊ ကြေးနီစီမံကိန်း စွန့်ပစ်မြေစာပုံများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းများ ကြုံတွေ့နေရခြင်း စသည့်ရလဒ်များကြောင့် ဒေသခံများမှာ အဆိုပါစီမံကိန်း ရပ်ဆိုင်းရန် ဇွန်လ ပထမပတ်မှ စတင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုလျက်ရှိပြီး စက်တင်ဘာလ ဒုတိယပတ်တွင် မုံရွာမြို့ပေါ်သို့ ကူးစက်ခဲ့ကြောင်း သိရှိရသည်။
From : သာနောင်

No comments: