Friday, September 14, 2012

MPU ကတ်များ စတင် အသုံးပြု

ပြည်တွင်း ငွေသား ကိုင်ဆောင်မှု လျှော့ချရန်နှင့် ငွေပေးချေမှု စနစ် အဆင့်မြှင့်တင်ရန် ရည်ရွယ် ထုတ်လုပ်သော MPU (Myanmar Payment Union) ကတ်ကို စက်တင်ဘာလ ၁၄ ရက်နေ့တွင် စတင် အသုံးပြုနိုင်ပြီဖြစ် ကြောင်း ယနေ့နံနက် ၈နာရီတွင် ကျင်းပသော MPU ကတ်ဖွင့်ပွဲ အခမ်းအနားတွင် ငွေပေးချေမှု ကော်မတီ ဥက္ကဌ ဦးမောင်မောင်ဝင်းက ပြောကြားသည်။
အဆိုပါ ကတ်ကို နိုင်ငံပိုင်ဘဏ် ၃ ဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်တို့ ပူးပေါင်း ထုတ်လုပ်ခြင်း ဖြစ်ပြီး ဘဏ်တစ်ခုစီမှ ကျပ်သန်း ၂၀၀ စီထည့်ဝင်ကာ ရင်းနှီးမြှပ်နှံမှု ကျပ်သန်းပေါင်း ၃၄၀၀ ဖြင့် စတင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ငွေပေးချေမှု ကော်မတီ အတွင်းရေးမှုး ဦးရဲမင်းဦးက ပြောကြားသည်။
MPU ကတ်ကို ယခု အစပိုင်းတွင် ငွေကြိုသွင်း ထားရသည့် Debit Card အဖြစ်သာ အသုံးပြုနိုင်မည် ဖြစ်ပြီး နောင်တွင် Credit Card အကြွေးဝယ်ကတ် စနစ်များကိုပါ အသုံးပြုနိုင်ရန် စီစဉ် နေကြောင်း ၄င်းက ရှင်းပြသည်။
လတ်တလော MPU ကတ် အသုံးပြုနိုင်သည့် နေရာများမှာ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်၊ ဧရာဝတီဘဏ်၊ မြ၀တီဘဏ်၊ မြန်မာရှေ့ ဆောင်ဘဏ်၊ မြန်မာအရှေ့ တိုင်းဘဏ်နှင့် မြန်မာ နိုင်ငံသားများ ဘဏ်တို့ရှိ ATM စက်များနှင့် ဈေးဝယ်ရာတွင်မူ Signature Resturant၊ Gandamar Wholesale၊ Petrol K ဆီဆိုင်၊ Air Bagan ၊ Asia Wings ၊ Ruby Mart၊ Junction Square စသည်တို့ တွင် အသုံးပြုနိုင်ကြောင်း  MPU ကတ်၏ လက်ကမ်း စာစောင်တွင် ဖော်ပြထားသည်။
MPU ကတ် အတွက် ဘဏ်တွင် သီးသန့် စာရင်းတစ်ခု ဖွင့်ရမည်ဖြစ်ပြီး အချို့  ဘဏ်များက ငွေထည့်သွင်းမှု ပမာဏ အလိုက် ကတ်အမျိုးအစားများ ခွဲခြားထားပြီး ငွေထုတ်ယူနိုင်သည့် အများဆုံး ပမာဏမှာ တစ်ရက် အတွက် ကျပ်တစ်ထောင်မှ ကျပ်ဆယ်သိန်းအထိ ဖြစ်ပြီး ဈေးဝယ်ပါက ကျပ်သိန်း ၅၀ တန်ဖိုးထိ ဝယ်ယူနိုင်ကြောင်း အဆိုပါ ဘဏ်များမှ တာဝန် ရှိသူများက ပြောကြားသည်။
လတ်တလော အသုံးပြုနိုင်သည့် ဘဏ် ၈ ဘဏ်တွင် တပ်ဆင်ထားသော ATM စက် ၁၂၇ လုံးရှိပြီး POS အသုံးပြုရန် ၁၄ နေရာရှိပြီး   နောင်တွင် MPU ကတ် ချိတ်ဆက်ထားသည့် ၁၇ ဘဏ်လုံး၏ ATM စက်များတွင် အသုံးပြုနိုင်တော့မည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဘဏ်အကျပ်အတည်း ဖြစ်သည့် ၂၀၀၃ ခုနှစ် မတိုင်မီထိ Debit Card၊ Credit Card များကို ပုဂ္ဂလိကဘဏ်များက တွင်ကျယ်စွာ အသုံးပြုခဲ့ကြပြီး ယခု ကဲ့သို့ ဘဏ်များ ချိတ်ဆက် ထားသည့် MPU ကတ် စနစ်ကိုမူ ပထမဆုံး အသုံးပြုခြင်း ဖြစ်သည်။
The Voice Weekly

http://feeds.feedburner.com/thithtoolwin/yIWV

No comments: