Tuesday, October 23, 2012

မြို့ပြစီမံကိန်းအတွက် မြေနေရာ လျော်ကြေး ညှိနှိုင်း၍ မရသေး

TUESDAY, OCTOBER 23, 2012
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ နယ် ရွှေလီမြစ်အ တွင်းရှိကျွန်းများပေါ်၌ မြို့ပြစီမံကိန်း ဆောက်လုပ် ရန် မြေသိမ်း ယူရာတွင် မြေဈေးနှုန်းအတွက် အငြင်း ပွားနေဆဲဖြစ်
ကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရပါသည် ။ “ကုမ္ပဏီနဲ့ဒေသခံတွေ မနေ့က (စက်တင်ဘာ ၂၂ ရက်) စည်းဝေးပြီး ဈေးနှုန်း သတ်မှတ်ကြတယ်။ အစကတော့ ဒေသ ခံတွေက ၁ ဧကကို သိန်း ၃၀၀တောင်းတယ်။ ကုမ္ပဏီက မပေးနိုင်လို့ ၁ ဧကကို သိန်း ၃၀၀ ကနေ ၂၄၀၊ ၂၄၀ ကနေ သိန်း ၂၀၀ ဖြစ်သွားတယ်။ ကုမ္ပဏီက လက်မခံသေးတော့ဈေးနှုန်း မသတ်မှတ်နိုင်ဘဲ အစည်းအဝေး အဆုံးသတ် သွားတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သူတစ်ဦး က ပြောပါ သည်။အစည်းအဝေး၌ New Star Light ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့ဝင် ဦးခင်အုန်းက ၁ ဧက သိန်း ၂၀၀ မပေးနိုင်ကြောင်း၊ သိန်း ၂၀ မှ ၄၀ အတွင်းသာ ပေးနိုင်ကြောင်း၊ သို့သော် အားကစားကွင်းပါသည့် အလယ်တန်းကျောင်း ၂ ထပ်ကျောင်းဆောင် ဆောက်လုပ်ပေးရန် ကုမ္ပဏီအားတင်ပြပေး မည်ဖြစ် ကြောင်း ၊သျှမ်းရိုးရာပွဲများဆင်နွှဲဖို့ စတိတ်စင် ဆောက်လုပ်၍ မြေနေရာ သတ်မှတ်ထားပေး မည်ဟု လည်း ပြောကြောင်း ၎င်းကဆက်လက် ပြောပြသည်။လွယ်တိန်ခမ်း၌ သျှမ်းနှစ်သစ်ကူးပွဲ ကျင်းပသည်မှာ လုံခြုံမှုမရှိ ၊ အမျိုးသမီးများ ကလေးငယ်များမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရ အဓမ္မပြုကျင့်ခံရသည်ဟု ကုမ္ပဏီ ဒါရိုက် တာအဖွဲ့ဝင် ဦးခင်အုန်း က ပြောကြောင်းလည်း ၎င်းက ပြောသည်။“သျှမ်းရိုးရာပွဲ ကျင်းပဖို့ စီစဉ်ပေးမယ်ဆိုတာ စကားလှအောင်ပြောတာဘဲ။ သူတို့လုပ်ပေးရင် လွယ်တိန်ခမ်းမှာလုပ်သလို ကြီးကျယ်ခမ်းနားလုပ်ပေးနိုင်မလား။ လုံခြုံရေးကော ရာနှုန်းပြည့် အာမခံချက်ပေးနိုင်မှာလား။ သူတို့ ဘယ်လောက်အထိ တာဝန်ယူပေးနိုင်မလဲ” ဟု ခေတ်လူငယ်တစ်ဦးကပြောပါသည်။စက်တင်ဘာ ၂၀ ရက် New Star Light ကုမ္ပဏီမှ တော်ရွက်ရပ်ကွက်အုပ်စုဝင် တော်ရွက်ရပ်၊ ဖွေးဟုန်ရပ်နှင့် ဟိုဆောင်ရပ် တလျှောက်ရှိရွှေလီမြစ်ဝှမ်း ကျွန်းပေါ်၌ မြေရိုင်းများကို ထွန်ညှိနေကြောင်း၊ ရွာသားများက အကြောင်း ရင်း မသိရသဖြင့် မြေထွန်ညှိမှုကို ရပ်တန့်ရန် တောင်းဆိုရာ ရပ်တန့်ပေးကြောင်း၊ ကုမ္ပဏီကို ဆက်သွယ်ရာ ကုမ္ပဏီ တာဝန်ခံ ဦးဝေစိုး က လာရောက်ရှင်းလင်းပြောပြကြောင်း ဆို၏။“ဦးဝေစိုး က မြို့ပြစီမံကိန်းအတွက် ပြည်နယ်အစိုးရက ချမှတ်ပေးပြီးပြီ။ နစ်နာကြေးအတွက် ၁ ဧက သိန်း ၂၀ ချပေး တယ်လို့ ပြောတယ်။ ဒေသခံတွေက ၁ ဧက သိန်း ၂၀ ဆိုရင်တော့ လက်မခံနိုင်ဘူးပေါ့။ ကုမ္ပဏီကလည်း ၁ ဧကကို သိန်း ၂၀ ကနေ သိန်း ၄၀ အထိဘဲ ပေးနိုင်တယ်လို့ ပြောတယ်” ဟု ဒေသခံတစ်ဦး ကလည်း ပြောပါသည်။ရွှေလီမြစ် ရေကာတာ ဆောက်လုပ်ပြီးနောက် မြစ်လယ်ကျွန်းများ ပေါ်ထွန်းလာကြောင်း၊ အဆိုပါ ကျွန်းပေါ်၌ ဒေသခံ များက ပြောင်းဖူးနှင့်ကြံ စိုက်ပျိုးကြကြောင်း၊ သီးနှံရောင်းချ၍ ရရှိလာသည့် ငွေများဖြင့် ဘုန်းကြီးကျောင်း၊ ဇရပ် ဆောက်လုပ်နိုင်ခဲ့ကြောင်း၊ ထိုငွေများမှာ ရပ်ရွာရံပုံငွေအတွက်လည်းဖြစ်ကြောင်း သိရပါသည်။“ကျနော်တို့က ကုမ္ပဏီက နစ်နာကြေးအဖြစ် ပေးတဲ့ သိန်း ၄၀ ကိုယူရင် တစ်ခါဘဲရမယ်။ စိုက်ပျိုးဖို့ မြေမရှိတော့ဘူး ဆိုရင် ရပ်ရွာရံပုံငွေကို ဘယ်မှာသွားရှာမလဲ။ ဒါကြောင့် ၁ ဧကအတွက် သိန်းရာချီ တောင်းရတာပါ” ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။စက်တင်ဘာ ၂၀ ရက်၌ ပြုလုပ်သည့် အစည်းအဝေးမှာ မြေဈေးနှုန်း မသတ်မှတ်နိုင်သဖြင့် ၂၄ ရက်နေ့၌ ပြန် လည် တွေ့ဆုံကြမည်ဟု ချိန်းဆိုထားကြကြောင်း သိရှိရပါသည်။

သျှမ်းသံတော်ဆင့်

No comments: