Saturday, October 20, 2012
အာရှ အဓိကအင်အားကြီးနိုင်ငံများ၏ စစ်ဘက်ဆိုင်ရာ ကာကွယ်ရေးအသုံးစရိတ်များသည် ပြီးခဲ့သည့် ဆယ်နှစ် အတွင်း နှစ်ဆအထိ မြင့်တက်လာခဲ့ကြောင်း စစ်တမ်းတစ်ရပ်အရ သိရသည်။ အသုံးစရိတ် တိုးမြှင့်သုံးစွဲမှု အများဆုံးနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်းလည်း စစ်တမ်း က ဖော်ပြထား သည် ။၂၀၀၀ ပြည့်နှစ် မှ ၂၀၁၁ ခုနှစ်အထိ တရုတ်နိုင်ငံနှင့် အခြား အင်အားကြီးအာရှနိုင်ငံ လေးနိုင်ငံတို့၏ ကာကွယ်ရေးအသုံးစရိတ်များသည် နှစ်ဆကျော်မြင့်တက်လာသည်ကို တွေ့ရကြောင်း အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာများ လေ့လာမှုဆိုင်ရာ စင်တာ (CSIS)မှ ထုတ်ပြန်သော စစ်တမ်းတွင် ဖော်ပြထားသည် ။အာရှနိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ်သည် ယခုနှစ်ကုန်တွင် ဥရောပကို ကျော်လွန်သွားမည်ဖြစ်ကြောင်းလည်း စစ်တမ်းက ဖော်ပြထားသည်။တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ် ငါးနိုင်ငံ စုစုပေါင်း ကာကွယ်ရေးအသုံးစရိတ်သည် ၂၀၁၁ ခုနှစ်တွင် ၂၂၄ ဘီလီယံဒေါ်လာအထိ ရှိခဲ့ပြီး ထိုနှုန်းသည် ၂၀၀၀ ပြည့်နှစ်တွင် ထိုငါးနိုင်ငံ စုစုပေါင်း အသုံးစရိတ်၏ နှစ်ဆကျော်ဖြစ်ကြောင်းလည်း စစ်တမ်းက ထောက်ပြထားသည်။ ၂၀၁၂ နှစ်ကုန်တွင် အာရှစစ်ဘက်ဆိုင်ရာ ကာကွယ်ရေးအသုံးစရိတ်သည် ဥရောပကို ကျော်လွန်တော့မည်ဖြစ်ရာ အမေရိကန်၏ အာရှပစိဖိတ် ဗဟိုပြုမဟာဗျူဟာသည် ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်းလည်း စစ်တမ်းက ဖော်ပြသည်။၂၀၀၅ ခုနှစ် မတိုင်မီအထိ ဂျပန်သည် အာရှတွင် ကာကွယ်ရေးအသုံးစရိတ်အများ ဆုံးနိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။ ၂၀၀၅ ခုနှစ်မှစ၍ တရုတ်က ဂျပန်ကို ကျော်တက်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်မှစ၍ တရုတ်ကာကွယ်ရေး အသုံးစရိတ်သည် တစ်နှစ်ကို ၁၃.၄ ရာခိုင်နှုန်းခန့် တိုးမြင့်လာခဲ့သည်။ အမေရိကန်က ကာကွယ်ရေးအသုံးစရိတ် အများဆုံး နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး တရုတ်က ဒုတိယနေရာကို ရောက်ရှိလာခဲ့သည်။တရုတ်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် ၂၀၀၀ ပြည့်နှစ်တွင် ၂၂.၅ ဘီလီယံဒေါ်လာ ရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် ၈၉.၉ ဘီလီယံဒေါ်လာထိရောက်ရှိလာခဲ့ကြောင်း တရုတ်အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။ စတော့ဟုမ်းအခြေစိုက် နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနအဖွဲ့ကြီးက တရုတ်နိုင်ငံ၏ ၂၀၁၁ ကာကွယ်ရေးအသုံးစရိတ်သည် ၁၄၂.၂ ဘီလီယံဒေါ်လာထိ ရှိနိုင်ကြောင်းလည်း သီးသန့် ထုတ်ပြန်ထားသည်။အိန္ဒိယ၏ စစ်ရေးအသုံးစရိတ်သည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ၄၇.၆ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပြီး ၃၇ ဘီလီယံဒေါ်လာထိ ရောက်ရှိလာခဲ့သည်။ ဂျပန်က ၂၀၀၀ ပြည့်နှစ်တွင် ၄၀ ဘီလီယံဒေါ်လာ ရှိခဲ့ရာမှ ၅၈.၂ ဘီလီယံဒေါ်လာထိ ရောက်ရှိလာပြီး တောင်ကိုရီးယားက ၁၇ ဘီလီယံဒေါ်လာမှ ၂၉ ဘီလီယံဒေါ်လာသို့ ရောက်ရှိလာသည်။ ထိုင်ဝမ်က ၈ ဘီလီယံဒေါ်လာမှ ၁၀ ဘီလီယံဒေါ်လာ သို့ ရောက်ရှိလာသည်။ စစ်သားတစ် ဦးချင်းစီအတွက် ငွေကြေးသုံးစွဲမှုတွင်မူ ဂျပန်နိုင်ငံက အမြင့်မားဆုံးဖြ စ်ကြောင်း လည်း တွေ့ရသည်။ ၂၀၁၁ ခုနှစ်တွင် ဂျပန်က စစ်သားတစ်ဦးချင်း၏ လေ့ကျင့်ရေး၊ နေထိုင်ရေး၊ လက်နက်တပ်ဆင်ရေးစသဖြင့် ဘက်စုံအသုံးစရိတ်အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၂၃၈၀၀၀ သုံးစွဲခဲ့သည်။ အိန္ဒိယ၊ တရုတ်၊ တောင်ကိုရီးယား၊ ဟောင်ကောင်လေးနိုင်ငံကမူ ၂၀၁၁ ခုနှစ်တွင် စစ်သားတစ်ဦးလျှင် ဒေါ်လာ ၂၈၀၀၀ မှ ၄၄၀၀၀ ကြား သုံးစွဲခဲ့ကြောင်းလည်း စစ်တမ်းက ဖော်ပြသည်။
Messenger News Journal

No comments:
Post a Comment