Wednesday, November 07, 2012

နောက်ကြောင်း ပြန်မလှည့် လိုသူများ၏ နိုင်ငံရေး နှီးနှောဖလှယ်ပွဲ (ဆောင်းပါး)


ဆောင်းပါးရှင်-မင်းခန့်

ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးတို့ဟာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အုပ်ချုပ်ပုံစနစ်များ မတူညီပေမယ့် ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး ချမ်းသာကြွယ်ဝတဲ့နိုင်ငံဖြစ်ဖို့အတွက်    အုပ်ချုပ်သူအစိုးရများအနေဖြင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (Good Governance) ထားရှိပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းလျက် ရှိပါတယ်။ Good Governance စနစ်ဟာ နိုင်ငံစွမ်းအား (State Power) ရရှိရန် တိုက်ရိုက် အထောက် အကူပြုသလို အစိုးရနဲ့ပြည်သူတွေကြားမှာ အပြန်အလှန် သက်ဝင်ယုံ ကြည်မှုကို အားကောင်းစေကြောင်း Good Governance စနစ် အောင်မြင်နေတဲ့ နိုင်ငံများကသက်သေပြနေပါတယ်။ ဒါ့အပြင် Good Governance စနစ်ရှိတဲ့ နိုင်ငံတိုင်းဟာ နိုင်ငံရေးအရတည်ငြိမ်မှုရှိနေပြီး စီးပွားရေးအရလည်း အားကောင်း တဲ့နိုင်ငံများဖြစ်တာကို လေ့လာတွေ့ရှိရပါတယ်။

ဒါ့ကြောင့်လည်း ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်ပေါ်ဖို့အတွက် နိုင်ငံကိုအုပ်ချုပ်တဲ့ အစိုးရများ ဟာကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ကိုကျင့်သုံးနိုင်ရန်ကြိုးစားဆောင်ရွက်လေ့ရှိကြပါတယ်။ အလားတူ
 မြန်မာနိုင်ငံအနေနဲ့လည်း ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်း လဲမှုနှင့် အတူ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် လိုအပ်နေကြောင်း နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် ၂ဝ၁၁ ခုနှစ် မတ် ၃၁ ရက်က ပြောကြားခဲ့တဲ့ ပထမဦးဆုံးမိန့်ခွန်းမှာ ''အစိုးရအဖွဲ့သစ်ရဲ့ အရေးကြီးဆုံးလုပ်ငန်းစဉ် ကတော့ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် (Good Governance) နဲ့သန့်ရှင်းသောအစိုးရ (Clean Government) ပေါ်ပေါက်လာအောင်  ဝိုင်းဝန်းကြိုးပမ်းလုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်'' ဆိုပြီး လမ်းညွှန် မှု ပေးခဲ့ပါတယ်။

နိုင်ငံတော်ရဲ့ လက်ရှိပကတိ ဖြစ်ပေါ်မှုများအရ ဒီမိုကရေစီအသွင်ကူးပြောင်းရေး တစ်နှစ်ခွဲကာလ အတွင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ထင်သာမြင်သာရှိခဲ့ပေမယ့် အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရား ဖြစ်တဲ့ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပြုပြင်ပြောင်းလဲမှု သိသာထင်ရှားစွာ အားနည်းနေပြီး Stake holder များရဲ့ Mindset များ မပြောင်းလဲနိုင်သေးကြောင်း မြင်တွေ့သိရှိနေရပါတယ်။ ဒီမိုကရေစီ စနစ်နဲ့ လျော်ညီတဲ့ Good Governance စနစ် အောင်မြင်ရေးအတွက် နိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်ချက်ကို အကောင်အထည်ဖော်ရန် မည်သူက မည်သည့်အချိန်တွင် မည်သို့ပြုလုပ်ရမည်ဆိုသည့် နည်းလမ်း အခက် အခဲရှိနေကြတယ်ဆိုတာ လေ့လာတွေ့ရှိနေရပါတယ်။ Good Governance ရဲ့သဘော သဘာဝအရ မည်သည့်နိုင်ငံ၊ မည်သည့်အစိုးရမဆို ပြီးပြည့်စုံသော အုပ်ချုပ်ရေးစနစ်ဆိုတာမရှိဘဲ အားနည်းချက်၊ အားသာချက်များ ရှိစမြဲဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ နုနယ်လှသော ဒီမိုကရေစီဖွံ့ဖြိုးစ နိုင်ငံငယ်များအတွက် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်ပေါ်လာရန် ကြီးမားသော စိန်ခေါ်မှု အသွင်ဖြင့် နယ်ပယ်အသီးသီးမှာ ကြုံတွေ့နေရမှာဖြစ်ပါတယ်။

ဒီလိုကြုံတွေ့လာရမယ့် စိန်ခေါ်မှုများကိုကျော်လွှားပြီး ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် မဖြစ်မနေ လိုအပ် နေတဲ့ Good Governance စနစ် ဖြစ်ပေါ်လာစေရေး လုပ်ဆောင်သင့်တဲ့ လုပ်ငန်းစဉ်ကတော့ အုပ်ချုပ်ရေး ဆိုင်ရာပြုပြင်ပြောင်းလဲမှု (Administrative Gßeform) ပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ယနေ့ နိုင်ငံတကာ ကစံနမူနာထားအသိအမှတ်ပြုခံနေရတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေး ခရီးပိုမိုပေါက်ရောက်စေရန် အဓိကတွန်းအားတစ်ခုဖြစ်တဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး စနစ် ပေါ်ပေါက် လာစေရေးအတွက် အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်ရာမှာ သိမ်သိမ်မွေ့မွေ့နဲ့ထိရောက်လျင်မြန်မှုရှိရန်အတွက် လုပ်ဆောင်သင့်တဲ့လုပ်ငန်း စဉ် တွေကို မဟာဗျူဟာချမှတ်ပြီးနည်းဗျူဟာများရေးဆွဲလုပ်ဆောင်သွားနိုင်ရန် ''ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်အတွက် အုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်း'' (Administrative Reform for Good Governance) ဆိုတဲ့ခေါင်းစဉ်နဲ့ ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်က နေပြည်တော် ရှိ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှာ သင်တန်းသားတပ်မတော်အရာရှိကြီးများပြု လုပ်တဲ့ နိုင်ငံရေး ဆိုင်ရာနှီးနှောဖလှယ်ပွဲ တစ်ခု ကိုတက်ရောက်ခွင့် ရရှိခဲ့ပါတယ်။ အဆိုပါ နှီးနှောဖလှယ်ပွဲမှာ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် တက်ရောက်နေတဲ့ သင်တန်းသားတပ်မတော်အရာရှိကြီးများ က နိုင်ငံတကာ ရှိ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်များမှာ ဘာသာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲများ ကျင်းပသလို ဘာသာရပ်ဆိုင်ရာတစ်ခုကို အမြင် အမျိုးမျိုးမှ ရှုမြင်သုံးသပ်ခြင်း၊ ဘာသာရပ်ဆိုင်ရာနယ်ပယ်ကို ကျယ် ကျယ်ပြန့်ပြန့် လေ့လာ သုံးသပ်ခြင်းတို့ ပြုလုပ်ပြီး နိုင်ငံတော်မှ ချမှတ်ဆောင်ရွက်မည့် မူဝါဒများ ကိုအထောက်အကူပြုနိုင်ရန် သင်ခန်းစာဖော်ထုတ် ဆွေးနွေးတင်ပြခဲ့ကြပါတယ်။

နှီးနှောဖလှယ်ပွဲကို သဘာပတိအဖြစ် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး မောင်မောင်ငြိမ်း (အငြိမ်းစား)က ဆောင်ရွက်ခဲ့ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဦးကျော်မင်းထွန်း (အငြိမ်းစား)၊ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ အဖွဲ့ဝင် ဒေါက်တာကျော်ရင်လှိုင်တို့က ကြီးကြပ် ဆောင်ရွက်ခဲ့ပါတယ်။ သင်တန်းသား အရာရှိကြီးများရဲ့ ဆွေးနွေးချက်များအပေါ် အခမ်းအနားကိုတက်ရောက်လာတဲ့ လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခဆရာ၊ ဆရာမကြီး များလည်းတက်ကြွစွာစိတ်ဝင်တစားဖြည့်စွက်ဆွေးနွေးခဲ့ကြတာကိုလည်းမြင်တွေ့ခဲ့ရပါတယ်။သင်တန်းသား အရာရှိကြီးများ၏ ဆွေးနွေးပြောကြားချက်များမှာ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်မှု ဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းအဓိပ္ပာယ် (Theory)၊ ဒီမိုကရေစီနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး ဆိုင်ရာ အယူအဆ (Concept)များအား ရှင်းလင်းဆွေးနွေးပြီး တောင်ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ စင်ကာပူနိုင်ငံ တို့၏ကောင်းမွန်သော အုပ်ချုပ်ရေးဆိုင်ရာစနစ်ကျင့်သုံးမှုများနှင့် အုပ်ချုပ်မှု ဆိုင်ရာ ပြုပြင် ပြောင်းလဲခြင်း ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ၏ အားနည်းချက်၊ အားသာချက် များကို ဖော်ထုတ်ဆွေးနွေးခဲ့လို့ ဗဟုသုတဖြစ်ဖွယ် မှတ်သားခဲ့ရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ပါလီမန် ဒီမိုကရေစီခေတ်မှ ယနေ့ကာလအထိတိုင်အောင် အစိုးရအဆက်ဆက် အုပ်ချုပ်ရေး စနစ်အမျိုးမျိုးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့တဲ့အချက်များကိုလေ့လာပြီး ဖွံ့ဖြိုးတိုး တက်မှုနောက်ကျခဲ့ရသည့် အကြောင်းရင်းများကို  ပွင့်လင်းသောအမြင်၊   ရိုးရှင်းသောဝေ ဖန်ထောက်ပြ ချက်များအဖြစ် ပီပြင်စွာကြား သိခဲ့ရပါတယ်။

အထူးသဖြင့် လက်ရှိ သမ္မတကြီးဦးသိန်းစိန်လက်ထက် ဒီမိုကရေစီနိုင်ငံတော်သစ် ပြုပြင်ပြောင်းလဲရေး လုပ်ရာမှာ အဟန့်အတားများနဲ့ ဖြစ်ပေါ်နေသည့်စိန်ခေါ်ချက်များကို လေ့လာဖော်ထုတ်ဆွေးနွေးခဲ့ပြီး Top Down Procedure အောက်တွင် ခေါက်ရိုးကျိုးနေသော အစိုးရ၏ပင်မယန္တရားဖြစ်သည့် နိုင်ငံ့ဝန်ထမ်း များကို Bottom Up Procedure ကျင့်သုံးဖို့ အစိုးရဝန်ထမ်းများအား အလေးအနက်ထား တိုက်တွန်း အကြံပြုထားချက်များကိုလည်း သတိပြုမှတ်သားမိပါတယ်။ ဒါ့အပြင် ပြည်သူအများ လိုလား တောင်း တ နေတဲ့ Corruption ပပျောက်ရေးအတွက် လုပ်ဆောင်သင့်တဲ့ အချက်များကိုလည်း အကြံပြုဆွေးနွေး သွားပါတယ်။

သီအိုရီနှင့် လက်တွေ့ဖြစ်ရပ်များ နှိုင်းယှဉ်သုံးသပ်ချက်၊ ကမ္ဘာ့နိုင်ငံအသီးသီးထံမှ အတုယူ ရမည့် လေ့လာ ဖော်ထုတ်ချက်၊ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းအရ ခေတ်အဆက်ဆက်အားနည်းချက်၊ လက်ရှိအစိုးရ အဖွဲ့သစ်၏ ကြုံတွေ့နေရသောစိန်ခေါ်ချက်များအပေါ်မူတည်ပြီး ကောင်းမွန်သော အုပ်ချုပ်မှု ဖြစ်ပေါ်လာ စေရေးအတွက် ဆောင်ရွက်သင့်သည့်အုပ်ချုပ်မှုဆိုင်ရာပြုပြင်ပြောင်းလဲခြင်း မဟာဗျူဟာတစ်ရပ်ကို ချမှတ် ရေးဆွဲ တင်ပြသွားပါတယ်။

သင်တန်းသားများ ချမှတ်ရေးဆွဲထားတဲ့ မဟာဗျူဟာကို ပေါ်လွင်ထင်ရှားစေရန် ခိုင်မာတောင့်တင်းသည့် အဆောက်အအုံတစ်ခုကို ဥပမာပေးခဲ့ပြီး မဟာဗျူဟာကို အကောင်အထည်ဖော်မည့် နည်းဗျူဟာများ ကိုလည်း (Operational Level) မှာ လုပ်ဆောင်ရမည့် အချက်များအဖြစ် ရှင်းလင်းပြတ်သားစွာ ဖော်ထုတ် အကြံပြုထားရှိပါတယ်။ အလားတူ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသော လွှတ်တော်ကိုယ် စားလှယ်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းအကြီးအကဲများ၊ တက္ကသိုလ်အသီးသီးမှ အသိပညာရှင်များက မိမိတို့ ထင်မြင်ယူဆချက်များကို ရဲတင်းပွင့်လင်းစွာ ဝေဖန်ပြောကြား ဆွေးနွေးချက် များကို လည်း ပြုပြင်ပြောင်းလဲ ရေး၏ အနှစ်သာရအဖြစ် မြင်တွေ့ကြားသိခဲ့ရပါတယ်။

သင်တန်းသားအရာရှိကြီးများ၏ဆွေးနွေးချက်များအပေါ် လွှတ်တော်ကိုယ်စားလှယ်ကြီးများရဲ့ သုံးသပ် ချက်၊ ဖြည့်စွက် ဆွေးနွေးချက်များသည် ယနေ့ လွှတ်တော်အတွင်း ဥပဒေပြုရေးကိစ္စရပ်များ အပါ အဝင် နိုင်ငံတော်သစ်အတွက် Good Govermance ဖြစ်ပေါ်လာရေး လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏ အမြင်သဘောထားများကို ရင်းနှီးပွင့်လင်းစွာ အမြင်ဖလှယ်နိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် Good Governance အတွက် Administrative Reform ပြုလုပ်ရမည့် အစိုးရ၏ အဓိကယန္တရားဖြစ်သော ဌာနဆိုင်ရာများ အနေဖြင့် ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီမှုမရှိတဲ့ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်း ဆွေးနွေးခွင့်ရရှိခဲ့သဖြင့် ၄င်းတို့ ကိုယ်တိုင် အရိုးစွဲနေသော Mindset များ ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်များကိုလည်း သိရှိနားလည် ခဲ့ကြပါတယ်။ အထူးသဖြင့်ပညာရှင်များဖြစ်တဲ့ ဆရာကြီး ဦးကျော်မင်းထွန်း ၊ ဒေါက်တာ ကျော်ရင်လှိုင် ၊ ဒေါက်တာ ချောချောစိန်၊ ဒေါက်တာ သီတာတင် (ယခု ဒုညွှန်ချုပ်) တို့လို တက္ကသိုလ်မှ ပါမောက္ခဆရာ၊ ဆရာမကြီးများ၏ ဆွေးနွေးပြောကြားချက်များသည် သီအိုရီနှင့် လက်တွေ့ဖြစ်စဉ်ဖြစ်ရပ်များ၊ နှိုင်းယှဉ် သုံးသပ်ချက်များဖြစ်သဖြင့် တန်ဖိုးရှိသည့် အတွေးအခေါ်အယူအဆများကို ကြားသိမြင်တွေ့ခဲ့ရပါတယ်။ ဌာနဆိုင်ရာဝန်ထမ်းများဖြစ်တဲ့ ညွှန်ချုပ်၊ ဒုညွှန်ချုပ်များရဲ့ အပြုသဘောဆွေးနွေးချက်များလည်း ချမှတ် ထားတဲ့မူဝါဒများနှင့် လက်တွေ့ဘဝ သဟဇာတမဖြစ်နိုင်သည့် အချက်များကို ပြုပြင်နိုင်ရန် ပွင့်လင်း စွာ ဆွေးနွေးချက်များအဖြစ် ကြားသိမှတ်သားခဲ့ရပါတယ်။ Social Society ကို ကိုယ်စားပြုဆွေးနွေးတဲ့ ဦးလှမောင်ရွှေရဲ့ လက်တွေ့အခြေအနေနဲ့နှိုင်းယှဉ်ဖြည့်စွက်ဆွေးနွေးမှုများကလည်း ဗဟုသုတရပြီး အလေးထားရမယ့်အချက်များ ဖြစ်ပါတယ်။

သင်တန်းသား အရာရှိကြီးများရဲ့ လေ့လာတွေ့ရှိချက်များအရ နိုင်ငံအချို့ရဲ့ အုပ်ချုပ်ရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများအနက် သင်ခန်းစာယူသင့်တဲ့ အချက်များကို သုံးသပ်ဖော်ထုတ်ပြီး မိမိတို့နိုင်ငံနဲ့ သင့်လျော် မည့် Administrative Reform ကို ဘယ်လိုပြောင်းလဲသင့်သလဲ၊ ဘာတွေပြောင်းလဲသင့်သလဲ၊ ဘယ်လို ပြောင်းလဲမလဲဆိုတဲ့ အဖြေရှာ နည်းလမ်းဖော်ထုတ်ထားခြင်းမှာ ယနေ့နိုင်ငံတော်အတွက် အလေးအနက်ထားရမည့် ဆွေးနွေးချက်များ ဖြစ်ပါတယ်။ အထူး သဖြင့် နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ပန်းတိုင် သို့ ရောက်ရှိနိုင် ရန်ပါဝင်ဆောင်ရွက်ရမယ့် Stakeholder များအားလုံးက အမှန်တကယ် ပြောင်းလဲလိုစိတ် (Will to Reform) ၊ ပြောင်းလဲရဲတဲ့သတ္တိ (Dare to Change) ရှိရန် လိုအပ်ကြောင်း နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး၏ ထောက်ပြအကြံပြုချက်များ၊ သင်တန်းသားအရာရှိကြီးများ ၏ ဆွေးနွေး ပြောကြားချက်များသည် နှီးနှောဖလှယ်ပွဲ၏ အနှစ်သာရ ဖြစ်မည်ဟု ယူဆမိပါတယ်။

ဒါ့အပြင် နှီးနှောဖလှယ်ပွဲခေါင်းစဉ်အပေါ် ဆွေးနွေးတင်ပြတဲ့ အကြောင်းအရာများသည် လက်ရှိနိုင်ငံတော် မှာဖြစ်ပေါ်ပြောင်းလဲနေမှုများနဲ့ အံဝင်ခွင်ကျမှုရှိသဖြင့် နိုင်ငံတော်သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် တပ်မတော်က အပြည့်အဝထောက်ခံမှုရှိနေကြောင်း ပေါ်လွင်နေပြီး တပ်မတော် အရာရှိကြီးများ၏ ပြုပြင်ပြောင်းလဲရေးအတွေးအခေါ်၊ အယူအဆ (Reform Concept) များ သည် နိုင်ငံတော်အစိုးရ၏ မူဝါဒများအပေါ် အထောက်အကူပြုလျက်ရှိနေပါတယ်။ အုပ်ချုပ်မှု ဆိုင်ရာပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာမှာ အပြောလွယ်သလောက် လုပ်ဆောင်ရန် ခက်ခဲသော်လည်း သင်တန်းသားအရာရှိကြီးများသည် Reform Minded ပြင်းပြစွာ ရှိနေ ကြောင်းကို ထင်ရှားစွာတွေ့မြင်ခဲ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ဟာ စိုက်ပျိုးရှင်သန်လာခါစ အပင်ပေါက်အဆင့်မှာရှိနေလို့ ဝေဖြာရှင်သန် လာအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြပြီး ဒီမိုကရေစီအသီးအပွင့်များဝေဖြာလာချိန်မှာ လူ့အဖွဲ့ အစည်းတစ်ရပ်လုံးအကြား မျှဝေခံစားကြရအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး စနစ်ဟာ ဒီမိုကရေစီစနစ်နဲ့အတူ ယှဉ်တွဲပေါ်ပေါက်လာရမှာဖြစ်ပြီး စနစ်ကောင်းရဲ့လမ်းကြောင်း၊ မှန် ကန် သောအကျင့်စရိုက်အလေ့အထများနှင့် အခြင်းအရာများက လူ့အဖွဲ့အစည်းတစ်ရပ်လုံးအကြား စိမ့်ဝင် ပျံ့နှံ့ စေဖို့ လိုအပ်ပါတယ်။

သင်တန်းသားအရာရှိကြီးများသည် ပါတီစွဲ၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲကင်းရှင်းစွာနဲ့ အမျိုးသားနိုင်ငံရေးတာဝန်ကို ထမ်းဆောင်နေတဲ့ တပ်မတော်သားများဖြစ်ပြီး နှီးနှောဖလှယ်ပွဲတွင် ဆွေးနွေးပြောကြား ချက်များ သည် ကောင်းမွန်သောအုပ်ချုပ်ရေးအတွက် အုပ်ချုပ်မှုဆိုင်ရာပြုပြင်ပြောင်းလဲရေးဆောင်ရွက်နိုင်ရန် အရေးတကြီး လိုအပ်တဲ့မဟာဗျူဟာ၊ နည်းဗျူဟာများ ကို ဖော်ထုတ်ခြင်း ဖြစ်သ လို နောက်ေ ကြာင်း ပြန်လှည့်မှာ ကို စိုးရိမ် နေသူများ အတွက် နောက်ကြောင်းပြန်မလှည့် လိုသူများရဲ့ အကြံပြုဆွေးနွေး ချက်များ ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ် ။   

မြ၀တီ Facebook သတင်းစာမျက်နှာနှင့် မြ၀တီသတင်းစာပါ ဆောင်းပါးရှင် မင်းခန့်၏
နောက်ကြောင်း ပြန်မလှည့် လိုသူများ၏ နိုင်ငံရေး နှီးနှောဖလှယ်ပွဲ (ဆောင်းပါး)

1 comment:

ayeyarwaddythar said...

အပြောကတော့လွယ်တယ်ဗျာ၊စစ်တပ်ထဲပဲ Reform လုပ်ကြည့်ပါဦး