Thursday, November 01, 2012

ဝါဝါဝင်းကုမ္ပဏီရှေ့မှာ လယ်မြေသိမ်းခံရတဲ့ လယ်သမားများ ဆန္ဒပြ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် စီမံကိန်း၊ ဇုန် (၁) အတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး လှိုင်သာယာမြို့နယ် အတွင်းပဒံ၊ အပြင်ပဒံ စတဲ့ ကျေးရွာတွေက လယ်သမားဦးရေ (၃၀) ခန့်ဟာ ဒီကနေ့ မနက်ပိုင်းက လသာမြို့နယ်၊ အနော်ရထာလမ်းနဲ့ စဥ့်အိုးတန်းလမ်းထောင့်မှာရှိတဲ့ ၀ါဝါ၀င်းကုမ္ပဏီရုံးရှေ့မှာ တရားဝင် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။


အနော်ရထာစက်မှုဇုန် စီမံကိန်း၊ ဇုန် (၁) အတွက် သိမ်းဆည်းခံထားရတဲ့ လယ်သမားများ ဝါဝါဝင်းကုမ္ပဏီရှေ့တွင် ဆန္ဒပြနေစဉ်။

ဝါ၀ါဝင်း ကုမ္ပဏီဖက်က ဆန္ဒပြပွဲကို လာရောက် သတင်းရယူကြတဲ့ သတင်းထောက်တွေကို ကုမ္ပဏီရဲ့ရုံးခန်းမှာ  ခေါ်ယူတွေ့ဆုံခဲ့ပြီး အနော်ရထာစက်မှုဇုန် ဇုန်(၁)နဲ့ ပတ်သက်လို့ အစိုးရတာဝန်ရှိသူတွေအနေနဲ့ တရားဥပဒေအရ ဆောက်ရွက်ဖို့ ညွှန်ကြားလာရင် လယ်သမားတွေကို နစ်နာကြေးပေးသွားမယ်လို့ ၀ါဝါ၀င်းကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ ဒေါ်စန်းစန်းဝင်းက  RFA ကိုပြောပါတယ်။
ဆန္ဒပြသူတွေဟာ ခွင့်ပြုချိန် (၂) နာရီကျော်တဲ့အထိ လူစုမခွဲပဲ နေနေကြတဲ့အတွက် လသာမြို့နယ် ရဲတပ်ဖွဲ့မှူးဦးမြင့်ဦးက လယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုနဲ့ ဆန္ဒပြလယ်သမားတွေကို ဥပဒေနဲ့အညီ တရားစွဲဆိုသွားမယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
လှိုင်သာယာမြို့နယ်မှာရှိတဲ့ အနော်ရထာ စက်မှုဇုန်စီမံကိန်း အကောင်ထည်ဖော်ဖို့ ၁၉၉၈ ခုနစ်ကတည်းက လယ်မြေတွေကို သိမ်းယူထားတယ်လို့ သိရပြီး စက်မှုဇုန် (၁) မှာ ဧက ၂၀၀၊ ဇုန် (၂) မှာ ဧက ၆၀၀ ရှိတယ်လို့ သိရပါတယ်။ စက်မှုဇုန် (၂) တည်ဆောက်ဖို့ လယ်သိမ်းခံရတဲ့ လယ်သမားတွေအတွက် မကြာသေးတဲ့ ရက်ပိုင်းလောက်က  ရန်ကုန်တိုင်း နယ်စပ်ရေးရာနဲ့လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးတင်ဝင်းရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုနဲ့ ကုမ္ပဏီဘက်ကနေ  နစ်နာကြေးပေးအပ်ဖို့ သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။

No comments: