ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက တုတ်ဓါး လက်နက်များကို သိမ်းယူသည်ဟု သတင်းရရှိသည်။

လက်နက်များ သိမ်းယူနေခြင်းနှင့် ပတ်သက်ပြီး ရခိုင် တိုင်းရင်းသား များ တိုးတက်ရေးပါတီ ရသေ့တောင်မြို့နယ် ပြည်နယ် လွတ်တော်ကိုယ်စားလှယ် ဦးလှမောင်သိန်းက နိရဉ္စရာသို့ ပြော သည်။
“ ကျေးရွာတွေမှာ ရှိတဲ့ လက်နက်တွေကို အာဏာပိုင်အဖွဲ့အစည်းတွေက သိမ်းယူသွားပါတယ်။ ရသေ့တောင်မြို့နယ်မှာ အုပ်စု ၉၁ ခု ရှိပါတယ်။ အဲဒီရွာတွေ အများစုကနေ သိမ်းယူသွားခဲ့တာ ဖြစ်ပါတယ်” ဟု ဆိုသည်။
အာဏာပိုင်များ သိမ်းယူသွားသော လက်နက် အမျိုးအစားများမှာ တချက်ပေါက် (တူမီး) ယမ်းထောင်းများ၊ လှံစွပ်၊ ဓားလွယ်၊ ဓားမြှောင်၊ လှံ၊ လေးနှင့်မြား၊ ဂျင်ဂလိ၊ နှင့် ဓါး လှံများဖြစ်သည်ဟု သိရသည်။
ယခုကဲ့သို့ သိမ်းယူရာတွင် ထင်းခုတ်ဓါးများက အစ သိမ်းယူသွားကြောင်း သိရသည်။
လက်နက် သိမ်းယူခံရခြင်းနှင့် ပတ်သက်ပြီး လောင်းချောင်းကျေးရွာသား တဦးက နိရဉ္စရာသို့ ယခုလို ပြောသည်။
“ ရဲသားတွေနဲ့ စစ်သားတွေ ရွာကိုလာပြီးတော့ မင်းတို့မှာ ရှိတဲ့ လက်နက်တွေကို လာအပ်ရမယ်။ မအပ်ရင် ငါတို့ ကိုယ်တိုင် ၀င်ရှာရလိမ့်မယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ရွာသားတွေကတော့ အိမ်မှာရှိတဲ့ ငါးသင်၊ ထင်းခုတ်ဖို့ထားတဲ့ ဓါးတွေဘဲ ရှိတယ်။ ဒါကိုလဲ သိမ်းရမယ်ဆိုပြီး အတင်းအဓမ္မ ယူသွားကြတယ်။ တခုခု အရေးကြုံ လာရင် ပါးစပ်နဲ့ ကိုက်ရဖို့နည်းလမ်းဘဲ ကျန်တော့တယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် တစ်ဝန်းတွင် (၃) ရက်အတွင်း ဓါး၊ လှံ၊ လက်နက်များကို နီးစပ်ရာ သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ ၀င်များသို့ အပ်နှံရန် အောက်တိုဘာလ ၃၁ ရက်နေ့ နေ့စွဲဖြင့် သက်ဆိုင်ရာက ကြေညာပြီး နောက်ပိုင်းတွင် အစိုးရ အာဏာပိုင်များက လက်နက်များကို လိုက်လံသိမ်းဆည်းခြင်း ဖြစ်သည်။
အာဏာပိုင်များ သိမ်းယူသွားသော လက်နက်စာရင်းများကို ယခုအခါ ကောက်ယူနေသည်ဟု ဦးလှမောင်သိန်းက ပြောသည်။

No comments:
Post a Comment