Thursday, November 15, 2012

KIA …နောင်တမရစေလိုပါ

Wednesday, 14 November 2012
အောက်တိုဘာလ ၃၀ ရက်နေ့ ရွှေလီမှာ အစိုးရနဲ့ KIA တို့တွေ့ကြမယ်ကြားလို့ အားလုံးက အမျှော် လင့်ကြီးမျှော်လင့် ခဲကြတယ်ဗျာ…. ငြိမ်း ချမ်းရေး ရောင်ခြည်သန်းတော့လေမ လားဆိုတဲ့ အတွေးကိုယ်စီနဲ့ပါ…တကယ် တမ
်းတော့ ရွှေလီတွေ့ ဆုံပွဲ ဟာ ပြည်သူတွေ ကိုလိမ်ညာတဲ့ KIA ရဲ့ လှည့်ကွက်တစ်ခုပါပဲ… အစိုးရကိုယ်စားလှယ်အဖွဲ့မှာ စစ်တပ်ဘက်က ဗိုလ်ချုပ်ကြီး တစ်ယောက်ပါလာတယ်… KIA ဘက်ကပြောထားတဲ့ စကားမတည်လို့ မတက်ရောက် ဖြစ်ခဲ့ဘူး… ဗိုလ်ချုပ် ဂွမ်မော်ဟာ လူကြီးမပီသစွာ ငြိမ်းချမ်းရေးကို လှည့်ဖြားခဲ့တယ်…. နောက်ဆုံးသိရတဲ့ သတင်းတွေအရတော့ KIA ဗဟိုမှာ လှိုင်းထန်နေတယ်…. နိုင်ငံရေးအဖွဲ့က အာဏာကိုဖက်တွယ်ထားချင်ပေမယ့် လက်နက်ကိုင်ထားတဲ့ စစ်ဦးစီးချုပ်အဖွဲ့ကို မလွန်ဆန်နိုင်ဘူး၊ ရွံကြောက်ဆိုတာမျိုးပေါ့ဗျာ.. လက်ရှိအခြေအနေက တစ်ယောက် အမှား တစ်ယောက်ကြည့်နေကြတယ်။ မချစ်သော်လည်း အောင့်ကာနမ်းနေကြတယ်။ KIA ရဲ့ အောက်မှာ KIO ရောက်နေတယ်။


KIA ဗဟိုရဲ့ အစည်းအဝေးတွေမှာ တစ်ယောက်က အဆိုတင်လိုက်၊ တစ်ယောက်က ပယ်ချလိုက်နဲ့၊ ကြည့်လို့သိပ်ကောင်းဆိုပဲ၊ ကြားလိုက်မိမှာပါ။ အစည်းအဝေးတစ်ခုမှာ လူကြီးတွေအချင်းချင်း သေနတ်နဲ့ ပစ်ကြတဲ့အထိ ဖြစ်ကုန်ကြပြီ။ ဇောင်းဟရား၊ အင်ဘန်လနဲ့ လဂျာတို့က အမည်ခံခေါင်းဆောင်တွေ၊ အသက်ကြီးလို့ ရှေ့တင်ထားရပေမယ့် လက်ညှိုးထောင်ခေါင်းငြိမ့်ပဲလုပ်နိုင်တော့တယ်။ အဆိုးဆုံးက KIAခေါင်းဆောင်တွေဟာ လက်အောက်ကို မယုံကြည်ခြင်းပဲ။ ဘယ်လောက် ထိဆိုးလဲ ဆို ရင်ခေါင်းဆောင်တွေအနားမှာထားတဲ့ လုံခြုံရေး အဖွဲ့တွေကို ကျည်ဆန်ထုတ်ပေးတာကအစ ကန့်သတ် ထားတယ်။ ဒီလောက်ထိမယုံတာ။ လိုင်ဇာမှာ ဆွေးနွေးပွဲ မလုပ်တာလဲ ဒါကြောင့်ပဲ၊ မတော်လို့ မကျေနပ်တဲ့သူကထပြီး ပေါက်ကွဲရင် အကုန်လုံးရှုပ်ကုန်မှာ၊ ဒါကြောင့် အားလုံးဟာ ရုပ်ရှင်ထဲက ဘိန်းဖြူအရောင်းအဝယ်လုပ်တဲ့ လူဆိုးဂိုဏ်းတွေလိုပဲ… သူ့ကိုယ်မယုံ၊ ကိုယ့်သူမယုံ… အပေါ် ယံပြုံးနေပေမယ့် အားလုံးကတော့ သေနတ်ကျည်ထိုးထားကြသူတွေချည်းပဲ… ပြည်သူတွေဖြစ်နေတဲ့ ဒုက္ခတွေကိုလည်း စဉ်းစားကြည့်ပါဦး။ နေရေး၊ စားရေး၊ ကျန်းမာရေးချို့ယွင်းမှုတွေက အများကြီး၊ ဆက်သွယ်ရေးခက်ခဲလို့ ကုန်ဈေးနှုန်းတွေကတက်၊ ရွာမှာမနေရဲကြလို့ လယ်စိုက်တဲ့သူကမရှိ… စပါး တစ်ပင်ဖြစ်ဖို့ မလွယ်တော့ဘူး။ ဆန်တစ်စေ့ဖြစ်ဖို့ဆို ပိုပြီးဝေးသေး။ ကချင်တွေရဲ့ဓလေ့အရ ကိုယ့်အိမ်ထဲမှာသာ နေထိုင်ချက်ပြုတ် စားသောက်လေ့ရှိတာ အားလုံးအသိပါ။ အခုလို ဆောင်းရာသီ ကချင်ပြည်နယ်ရဲ့ အေးလွန်းတဲ့ ရာသီဥတုမှာ ဒုက္ခသည်တွေ အတွက်တော့ အမိုးအကာ စုံစုံလင်လင် မရှိဘဲ အတော်ဒုက္ခရောက်ကြရပါဦးမယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အကြိမ်ကြိမ် စေလွှတ်ခံခဲ့ရတဲ့ KIA ကိုယ်စားလှယ် ဆွန်လွတ်ဂမ်နဲ့ အဖွဲ့ ကလည်း ကြာတော့စိတ်ပျက်ပြီး နိုဝင်ဘာလ ၂ ရက်နေ့က ထွက်စာတင်တယ်ဗျာ။ ဆွေးနွေးပွဲတွေမှာ အစိုးရရဲ့ ငြိမ်းချမ်းရေးလိုလားမှုကို သူတို့အဖွဲ့ကသိတယ်။ အစိုးရရဲ့ တကယ့်စေတနာအမှန်ကို သူတို့နားလည်လာတယ်။ ဒါကြောင့် KIA လူကြီးများကို ဖြောင်းဖျပေမဲ့ ဗိုလ်ချုပ်ဂမ်ရှောင်နဲ့ဗိုလ်ချုပ်ဂွမ်မော်တို့ကတော့ ခေါင်းခါနေတုန်းပါပဲ… ပြည်သူတွေရဲ့ဒုက္ခကိုဘယ်လိုပဲတင်ပြပြ KIA ခေါင်းဆောင်ပိုင်းက လက်မခံကြဘူး။ ကြာတော့ မပြောချင်တော့ဘူး။ အဖွဲ့အစည်းထဲကနေ ရှင်းရှင်းပဲနှုတ်ထွက်သွားကြတယ်။ အဆိုးဆုံးအခြေအနေကတော့ KIA အတွင်းအာဏာသိမ်းမှု တစ်ရပ်ဖြစ်ပွားခဲ့ခြင်းပါပဲ။ နိုဝင်ဘာလ ၅ ရက်နေ့က စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ဂမ်ရှောင် ဟာ နိုင်ငံရေးဩဇာကိုပါ သိမ်းပိုက်လိုက်ပါတယ်။ လက်ရှိ KIC ရဲ့ ဒုဥက္ကဌ အင်ဘန်လက နာတာရှည် ကျောက်ကပ်ရောဂါသည်၊ ဆေးကုတာနဲ့ အချိန်ကုန်နေတဲ့သူ၊ အခုလဲ စင်ကာပူ မှာ ဆေးကုနေလေရဲ့။ နောက်တစ်ခုကြားတာကလည်း သူ့ကိုမကျေနပ်သူတွေ အတော်ပေါဆိုပဲ၊ ရန်များတဲ့ အတွက် ဆေးကုဟန်ဆောင်ပြီးရှောင်နေတာလို့လဲ ပြောကြတယ်။ ဒါကြောင့် လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ဂမ်ရှောင်က နိုင်ငံရေးအာဏာကိုပါ သိမ်းပိုက်လိုက်တာပါပဲ။ စစ်သွေးကြွခေါင်းဆောင် တစ်ဦးက နိုင်ငံရေးအာဏာကိုပါ ယူလိုက်မှတော့ စစ်ပွဲရေရှည်ဖို့အတွက်ပဲ ဦးတည်တော့မှာပေါ့ဗျာ။
နောက်တစ်ခုက စစ်ရေးခေါင်းဆောင် အချင်းချင်းလဲကြည့်ပါဦး… ဗိုလ်ချုပ်ဂမ်ရှောင်နဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ တည့်သလားမေးရင် တစောင်းစေးနဲ့ မျက်ချေးဆိုသလိုပဲ… ဒီအထဲမှာ ဝင်ရှုပ်လာတာက ဘွမ်ဝမ်လရော်….သူက တကယ့်စီးပွားရေးသမား…ကျားကြီး၊ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ အခြေအနေတွေ နဲ့အံဝင်အောင် စီးပွားရှာတတ် တယ်။ ၉၄ မတိုင်ခင်ကလည်း ဖားကန့် ကျောက်စိမ်းတွင်းတွေ ကနေ ငွေရှာကောင်း ခဲ့တယ်။ ၉၄ နောက်ပိုင်းကျတော့ KIA နဲ့ အကျိုးတူ၊ ပြည်တွင်းက သယံဇာ တတွေထုတ်ပြီး ပြည်ပနိုင်ငံတွေအထိသွားရောင်းတယ်။ KIA အတွက် ငွေတွေအများကြီး ပံ့ပိုးပေးခဲ့တယ်။ တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့အချိန် ကချင်ပြည်နယ်မှာ ပြည်သူ့စစ်ဆိုပြီး ဖြစ်လာအောင် ဒီလူလုပ်ပေး တာ… အေးအေးဆေးဆေး စပါးစိုက်နေသူတွေကို လယ်ထဲမဆင်းနဲ့ သေနတ်ပဲကိုင် လို့ ပြောတာသူပဲ… ကျောက် စိမ်းကရတဲ့ငွေတွေ နဲ့ သေနတ်ဝယ်ပေးပြီး ပြည်သူ့စစ်အတင်းအကြပ် လုပ်ခိုင်းခဲ့တာဆိုတော့ ဘွမ်ဝမ်လရော်ဟာ ကချင်ပြည်သူ့စစ်တွေကိုစတင်တည်ထောင်သူ၊ တနည်း အားဖြင့် ကချင်တွေကို ဒုက္ခတွင်းထဲ ဆင်းစေခဲ့တဲ့ အဓိကတရားခံတစ်ဦးပဲဆိုပါတော့။
KIA ငြိမ်းချမ်းရေးဘာလို့မလုပ်လဲလို့မေးရင် အကြောင်းရင်းတွေ တော်တော်များများရှိတယ်။ တစ်အချက် က မြန်မာနိုင်ငံမှာရှိတဲ့ အခြားသော လက်နက်ကိုင်အဖွဲ့တွေနဲ့ KIA အဖွဲ့ကရည်ရွယ်ချက်၊ လိုလားချက်တွေ ကွာတယ်။ KIA ဆိုတဲ့ စကားလုံးက Kachin Independence Army လို့အဓိပ္ပါယ်ရတော့ လွတ်မြောက်ရေး၊ လွတ်လပ်ရေးဆိုတဲ့ စကားလုံးကပါနေတယ်။ အခြားအဖွဲ့အစည်းတွေ ဥပမာ KNU ဆိုပါတော့ Karen National Union၊ SSA ဆိုရင် Shan State Army ဒီလိုပဲခေါ်ကြတယ်။ လွတ်လပ်ချင်တယ်ဆိုတာ တစ်နည်းအားဖြင့် နိုင်ငံတော်အုပ်ချုပ်ရေး အာဏာအောက်က ခွဲထွက်ချင်တာ၊ မြန်မာနိုင်ငံဟာ ၁၉၄၈ ကတည်းက လွတ်လပ်ခဲ့ပြီးသားပါ။ ဒါကို ဘယ်လိုအတွေးခေါင်နေသလဲ။ အမှန်က လက်နက်ကိုင်အဖွဲ့ ဖွဲ့တာ၊ သေနတ်ကိုင်ပြီး အာဏာတည်ဆောက်တာကို လူလက်ခံအောင် Independence ဆိုတဲ့စကားလုံး အသုံးပြုလိုက်တာပါ။ ဒါကြောင့် ကချင်ပြည်နယ် အေးချမ်းဖို့ဆိုရင်တော့ KIA ကိုအဖွဲ့အစည်းနာမည်ကအစ အခြေခံကျကျ ပြောင်းပစ်ရပါမယ်။
နှစ်အချက်က နွားသိုးမှန်ရင် ချိုချက်မကင်းဆိုသလိုပဲ KIA ရဲ့ခေါင်းဆောင်တိုင်းလိုလိုမှာ ရာဇဝတ်မှု ကျူးလွန်ထားတဲ့ ပြစ်ချက်အရိပ်မည်းကြီးတွေရှိတယ်။ ဒါတွေအတွက် တရားဥပဒေက ခွင့်လွှတ်ပါ့မလား ဆိုတဲ့အတွေးမျိုးလဲ သူတို့မှာရှိတယ်။ ဥပမာလွန်ခဲ့တဲ့နှစ် ၂၀လောက်က ABSDF မြောက် ပိုင်း ကျောင်းသားအဖွဲ့က လူ ၄၀ လောက်ဟာ ကချင်ပြည်နယ် ပါဂျောင်ဒေသ လိုင်စင်စခန်းမှာ ရက်ရက်စက်စက် ရိုက်သတ်ခံခဲ့ရပါတယ်။ အဲဒီကိစ္စမှာ KIA ခေါင်းဆောင် ၄ ယောက်လောက် ပါဝင်ပတ်သက်နေတယ်။ နောက်တစ်ခုကတော့ ၁၉၉၀ နှစ်ကုန် ပိုင်းလောက် ဖားကန့်ဘက်မှာဖြစ်ခဲ့တဲ့ စပေါ့အရေးအခင်းကြီး၊ ဒီအရေးအခင်းမှာ အပြစ်မဲ့ပြည်သူ ၅၀ ကျော်ကို KIA က သတ်ခဲ့တယ်။ ရွာသားတွေကို ရက်ရက်စက်စက် နှိပ်စက်ပြီး မသေမရှင်နဲ့ဖြစ်နေတုန်း ဥရုချောင်းထဲကိုပစ်ချခဲ့တာ အခုလက်ရှိ စစ်ဦးစီးချုပ်နဲ့ နိုင်ငံရေးအာဏာကိုပါယူလိုက်တဲ့ ဂမ်ရှောင်ပါ။ စပေါ့အရေးအခင်းကို ကြိုးကိုင်ခဲ့တဲ့ ဂမ်ရှောင်ဟာ ငြိမ်းချမ်းရေး ကိစ္စအသံကြားရင် ခြေတုန်လက်တုန် ဖြစ်နေပါပြီ။
ကျွန်တော်ထင်တယ် အစိုးရနဲ့စစ်တပ်ကတော့ ဒို့တာဝန်အရေးသုံးပါးနဲ့ ပတ်သက်လာရင် လုံးဝသည်းခံ လိမ့်မယ်မထင်ဘူး။ အခြေခံဥပဒေအရ ပေးထားတဲ့လုပ်ပိုင်ခွင့်တွေအတိုင်း အရေးယူ ဆောင်ရွက်သွားမှာပဲ။ ဒါက အငြင်းပွားစရာမရှိဘူး…
ကချင်ပြည်သူတွေကို ဆင်းရဲတွင်းထဲဆွဲချနေတဲ့ KIA ၊ ကချင်ပြည်သူတွေရဲ့သွေးနဲ့ဖက် ဒရယ်အတွေးကို တွေးနေသူတွေ၊ ခေါင်းဆောင်တစ်စုကောင်းစားရေး ငယ်သားတွေရဲ့အသက်ကို စတေးနေသူတွေ၊ အခုတော့ ဒီလူတွေအကြောင်း ကိုလက်အောက်က ကောင်းကောင်း သဘောပေါက်နေကြပါပြီ။ ပြည်သူ့စစ်တွေက အုပ်စုလိုက် ထွက်ပြေးနေကြပြီ… KIA ခေါင်းဆောင်တွေ အကျိုးစီးပွားအတွက်တော့ တန်ဘိုးရှိတဲ့သူတို့ရဲ့ အသက်တွေကို အလဟသအဆုံးရှုံး မခံကြတော့ဘူး…
စာသင်ချင်လှတဲ့ကလေးတွေရဲ့ မျက်နှာတွေ၊ ဝမ်းမီးတောက်ပြီးဆာလောင်မွတ်သိပ်နေသူတွေ၊ ဒုက္ခတွင်း ထဲက အသနား ခံနေတဲ့ပြည်သူတွေရဲ့ ရင်တွင်းကတောင်းဆိုသံတွေ… KIA ကအဓမ္မဆွဲခေါ်သွားလို့ အားကိုးရာမဲ့ ကျန်ရစ်ခဲ့ရသူတွေ၊ ဒါတွေအတွက်… KIA ကိုမေးချင်တာက လူတစ်ယောက်ကျန်တဲ့အထိ တိုက်မှာလား… လူမျိုးတုံး… အဆုံးရောက်တဲ့အထိ ကမ်းကုန်အောင်မိုက်မှာလား… ဒါဟာ သတ္တိ မဟုတ်ဘူး… စွန့်စားခြင်းလည်း မဟုတ်ဘူး… မိုက်ရူးရဲဆန်ခြင်းသာဖြစ်ပါတယ်။ စတင်ပေါ်ပေါက်လာက တည်းက ရည်ရွယ်ချက်မကောင်းတဲ့ KIA ၊ ငြိမ်းချမ်းနေတဲ့ကာလမှာလဲ စစ်အင်အားတိုးချဲ့နေတဲ့ KIA၊ လက်နက်နဲ့ လူသစ်ရှာဖို့ပဲသိတဲ့ KIA၊ ခင်ဗျားတို့တတွေ အလိုကျ ပြည်သူတွေကို ဒုက္ခပေးလို့အား မရသေးဘူးလား။အဝီစိအထိ တွင်းတူးမိုက်ချင်တဲ့သူတွေအတွက် နောင်မှရတတ်တဲ့ နောင်တမဖြစ်ရအောင် မှန်ကန်တဲ့လမ်းကို အချိန်မီ ရွေးချယ်နိုင်စေရေး ကချင်ပြည်သူများ အားလုံးရဲ့ကိုယ်စား အသိပေးရေး သားလိုက်ပါတယ်။

ကချင်နေစဉ်သတင်း
http://www.kachindailynews.com/2012/11/kia_3432.html

No comments: