နိုင်ငံတော်အစိုးရက
ယနေ့မွန်းလွဲ ၂ နာရီတွင် မဟာအတုလဝေယံ (အတုမရှိ)ကျောင်းတော်ကြီး ၌
ပြုလုပ်ခဲ့သည့် ၀န်ချတောင်းပန်သော အခမ်းအနားမှာ ညနေ ၄ နာရီတွင်
ပြီးဆုံးခဲ့ပြီး အစိုးရ၏တောင်းပန် မှုကို
သံဃာအများစုက ကျေနပ်လက်ခံခဲ့ကြသည်။ အခမ်းအနားတွင် မဟာဂန္ဓာရုံကျောင်းတိုက်
ဒုတိယ နာယကချုပ် ဆရာတော်က ငါးပါးသီလချီးမြှင့်ခဲ့ပြီး
နိုင်ငံတော်အစိုးရအဖွဲ့က သံဃာတော်များ ကိုတောင်းပန်သော တောင်းပန်ချိုးကို
ဆရာတော်ဝီရသူက တိုင်ပေးကာ အစိုးရအဖွဲ့ဝင်များက လိုက်ဆိုကြ သည်။
ကန်တော့ချိုးမှာ "အရှင်ဘုရား တပည့်တော်တို့သည် မိုက်မဲသည့် အလျောက်၊
တွေဝေသည့် အလျောက်၊ မလိမ္မာသည့်အလျောက် သံဃာတော်ကို အစိုးမရခြင်းတည်းဟူသော
အကြောင်းကြောင့် ကိုယ်ထိလက်ရောက် ကျူးလွန်မိပါသည်။
အရှင်ဘုရား
ထိုတပည့်တော်တိုးအား သံဃာတော် သည် နောင်အခါ စောင့်စည်းခြင်းငှာ အပြစ်ကို
အပြစ်အားဖြင့် ရှုမြင်၍ ကရုဏာရှေ့ထား မေတ္တာအားဖြင့် ခွင့်လွှတ်တော်မူပါ ဘုရား"ဟု၍ဖြစ်သည် ။နိုင်ငံတော်အစိုးရကိုယ်စားသမ္မတရုံးဝန်ကြီး
ပြည်ထောင်စုဝန်ကြီးဦးလှထွန်းက သံဃာတော်များ ကို တောင်းပန်ကြောင်း
ထပ်မံလျှောက်ထား ခဲ့သည်။ ထို့နောက် မုံရွာမြို့ မှ
ဇောတိက ရာမကျောင်းထိုင် ဆရာတော်၊ မြို့မဂါတ်ကျောင်းဆရာတော်၊
ဂဠုန်နီဆရာတော်ဦးက၀ိရတို့က သြ၀ါဒစကား မိန့်ကြားခဲ့သည်။
ဂဠုန်နီဆရာတော်ဦးက၀ိရက အစိုးရအဖွဲ့၏ တောင်းပန်မှုကို သံဃာတော်များအနေဖြင့် ကျေနပ်ပါက သာဓုခေါ်ရန် မိန့်ကြားသောအခါ အခမ်းအနားတက်ရောက်လာသော သံဃာအားလုံးက သာဓုခေါ်ကြ သည်။ အစိုးရအဖွဲ့၏ တောင်းပန်မှုကို သံဃာတော်များက ကျေနပ်ပြီဖြစ်သည့်အတွက် သံဃာတော်များက ဆန္ဒပြမှုများ ပြုလုပ်တော့မည်မဟုတ်ကြောင်း ဂဠုန်နီဆရာတော်ဦးက၀ိရက 7Day News သို့ မိန့်ကြားသည်။ ထိုအခမ်းအနားတွင် ဒဏ်ရာပြင်းထန်သော သံဃာလေးပါးကို နိုင်ငံခြားသို့ ပို့ဆောင်၍ ဆေးဝါးကုသမှုပေးရန် ဂဠုန်နီဆရာတော်ဦးက၀ိရက မိန့်ကြားရာ၌ ၀န်ကြီးဦးလှထွန်းက အဆိုပါသံဃာလေးပါးကို ရန်ကုန်မြို့သို့ ပို့ဆောင်ကာ ဆေးဝါးကုသမှုပေးမည်ဖြစ်ပြီး လိုအပ် ပါက နိုင်ငံခြား သို့ ပို့ဆောင်ကုသပေးမည်ဖြစ်ကြောင်း ပြန်လည်လျှောက်ထားခဲ့သည်။

No comments:
Post a Comment