Tuesday, December 11, 2012

ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း

ဗုဒ္ဓဘာသာကိုးကွယ်ကြသော ဘာသာဝင်များသည် ကံ ကံ၏အကျိုးကိုယုံကြည်လက်ခံကြပါသည်။ ကံ ကံ၏အကျိုးတွင် ကိုယ်ပြုခဲ့သည့် အကုသိုလ်ဝဋ်ကြွေးအား ကိုယ်ပြန်ခံစားရမည်ဖြစ်ပါသည်။ ဗုဒ္ဓဘုရားနှင့် တကွ လက်ယာတော်ရံ၊ လက်ဝဲတော်ရံအဂ္ဂသာဝကကြီးများပင်လျှင် ယခင်အတိတ်ဘ၀ကပြုခဲ့ဖူးသော ကံဝဋ်ကြွေးသည်နိဗ္ဗာန်သို့မျက်မှောက်ပြုတော့မည့်နောက်ဆုံးဘ၀အထိလိုက်ပါခဲ့သည်ကိုဘုရား၊ရဟန္တာများ ၏ ဖြစ်တော် စဉ်များလေ့လာခြင်းအားဖြင့် သိရှိရပါသည်။

ဗုဒ္ဓမြတ်စွာဘုရားသည်သွေးဝမ်းသွားသည့်ရောဂါဝေဒနာဖြင့် ပရိနိဗ္ဗာန်စံခဲ့ရခြင်းမှာ တစ်ခုသောအတိတ် ဘ၀၌ အလောင်းတော်ဆေးဆရာဖြစ်စဉ်က လူနာတစ်ဦးအား တမင်ရည်ရွယ်၍ ဆေးမှားတိုက်ခဲ့သဖြင့် ၀ဋ်ကြွေးဆပ်ရခြင်းဖြစ်ကြောင်း၊ ရှင်မဟာမောဂ္ဂလာန်သည်လည်း အလောင်းတော်ဘ၀တစ်ခု၌ မိန်းမစကား နားယောင်၍ မျက်မမြင်မိဘနှစ်ပါးအား လမ်းခုလတ်တွင် ခိုးသားများအသွင်ဟန်ဆောင်ရိုက်နှက်ခဲ့သဖြင့် ရဟန္တာဘ၀၌ ဈာန်သမာပတ်ဝင်စားနေစဉ် ခိုးသားများ၏ရိုက်နှက်ခြင်းကိုခံခဲ့ရပြီး ပရိနိဗ္ဗာန်ပြုခဲ့ ရခြင်းဖြစ်ကြောင်းလေ့လာမှတ်သားရပါသည်။ ၎င်းအပြင် ရှင်မောဂ္ဂလာန်သည် အတိတ်ဘ၀၌ မုဆိုးဖြစ်ခဲ့ စဉ်က သားကောင်များဖမ်းဆီး ရာတွင် တောမီးတိုက်၍ ဖမ်းဆီးခဲ့သဖြင့် ပါရမီနုစဉ်အလောင်းတော်ရသေ့ ဘ၀၌ ကျောင်းသင်္ကန်းအား မီးဝိုင်း ခြင်းခံခဲ့ရပါသည်။
ယခုဖြစ်ပွားခဲ့သော လက်ပံတောင်းတောင်၊ ကြေးနီတောင်စီမံကိန်းကိစ္စများနှင့် ပတ်သက်၍ ဆန္ဒပြမှု များတွင် ဒဏ်ရာရရှိခဲ့သောသံဃာတော်များသည်လည်း ယခင်ဘ၀များက ပြုမူခဲ့သော အကုသိုလ် ၀ဋ်ကြွေးကြောင့် ဖြစ် မည်ဟုဆင်ခြင်မိပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြသံဃာအများထဲတွင် သံဃာအနည်းငယ်သာ မီးလောင်ဒဏ်ရာခံစားခဲ့ရခြင်းဖြစ်ပါသည်။ ယခင်ဘ၀ ၎င်းတို့ပြုခဲ့ဖူးသော ကံ ကံ၏ အကျိုးကြောင့်သာဖြစ် ပါသည်။
၎င်းသံဃာများနှင့်ဆန့်ကျင်စွာ သီလ၊ သမာဓိ၊ ပညာဂုဏ်တို့ဖြင့် ပြည့်စုံသော ဆရာတော်ကြီးများမှာ ကြည်ညိုဖွယ်ကောင်းလှပါသည်။ တာချီလိတ်မြို့မှ နှစ်ဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဓမ္မသီရိသည် တစ်နယ်လုံးမှာကြည်ညိုသောဆရာတော်ကြီးဖြစ်ပါသည်။
ဆရာတော်ကြီး၏ကြည်ညိုဖွယ်ရာဂုဏ် အင်္ဂါများကြောင့် ပြည်သူများမှ လိုအပ်သည်များလှူဒါန်းကြသည်မှာ ၀မ်းသာကြည်နူးဖွယ်ဖြစ်ပါသည်။ ဆရာတော်ကြီးမှလည်း ၇ ရက်သားသမီးများ၏လှူဒါန်းငွေ များဖြင့် ပြည်သူများ အတွက် ၅ ထပ်ဆောင် ဆေးရုံကြီးအား သိန်းပေါင်းများစွာအကုန်အကျခံ၍ ပြန်လည် လှူဒါန်းခဲ့သည်မှာ ကြည်ညိုစွာဖြင့် သာဓုခေါ် ဖွယ်ရာဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မကောင်းသောအကျိုးတရားများ မဖြစ်ပွားလာစေရန် သံဃာတော်များအနေဖြင့် ၀ိနည်း၊ သိက္ခာနှင့် အညီ ကျင့်ကြံကျိုးကုတ်အားထုတ်နိုင်ကြပါစေရန် လျှောက်ထားအပ်ပါသည်။
ဦးကေသရ(ရွှေမြိုင်သား)

No comments: