ကချင်ပြည်နယ်အတွင်းမှမြို့လေးတစ်မြို့တွင်
ကျွန်တော်နေထိုင်ပါသည်။ ရှမ်းလူမျိုးတစ်ဦးဖြစ်သော်ငြား ကချင် ပြည်နယ်အတွင်းနေထိုင်ခဲ့သည်မှာ
ဆယ်စုနှစ် ၅ ခုနီးပါးရှိပြီဖြစ်သည့်အတွက် ရှမ်းလည်းကချင်၊ ကချင်လည်းရှမ်း တစ်စိတ်တည်း
တစ်ဝမ်းတည်းဟု ခံယူထားပါသည်။ ဤဒေသတွင် ကြီးပြင်းခဲ့ သူဖြစ်ခြင်းကြောင့် ဤဒေသရှိ တိုင်းရင်းသားလူမျိုးများအကြောင်း၊
ဘာသာအယူဝါဒများအကြောင်း၊ ဓလေ့ထုံးစံနှင့်ယဉ်ကျေးမှုလက္ခဏာများအကြောင်း နောကြေအောင်သိပါသည်။
ဤဒေသတွင် ကချင်၊ ဗမာနှင့် ရှမ်းလူမျိုးများ အများဆုံးနေထိုင်သော်လည်း အခြားသော တိုင်းရင်းသား
လူမျိုးများလည်း စုဝေးနေထိုင်ကြပါသည်။ သာယာလှပမှုများနှင့် သဘာဝသယံဇာတပေါများမှုတို့
ပေါင်းစပ်ဖွဲ့စည်းထားသော ကချင်ပြည်နယ်သည် မြန်မာနိုင်ငံအတွက် အရေးပါသောဒေသတစ်ခုဖြစ်ပါသည်။
အရာရာ တွင် အကောင်းနှင့်အဆိုး ဒွန်တွဲနေလေ့ရှိသည်ဆိုသည့်အတိုင်း ကချင်ပြည်နယ်အတွင်း
ဆိုးရွားသည့်အရာ တစ်ခုမှာ KIA ဟူသည့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်ရှိနေခြင်းပင်ဖြစ်ပါသည်။
KIA ခေါင်းဆောင်အချို့နှင့်
ကျွန်တော်ရင်းနှီးခဲ့ဖူးပါသည်။ သူတို့၏ အကျင့်စရိုက်ကိုလည်း သိပါသည်။ ကချင်မျိုးနွယ်စု
၆ စုရှိပါသည်။ KIA ခေါင်းဆောင်ပိုင်းတွင် ဂျိန်းဖောမျိုးနွယ်စုများက ကြီးစိုး ထားပြီး
အရေးပါသည့် ရာထူးနေရာများကို ၎င်းတို့သာ ခြယ်လှယ်ရယူနေကြပါသည်။ အခြားသော ကချင် မျိုးနွယ်စုများအပေါ်
လွှမ်းမိုးလိုမှု ပြင်းထန်ပြီး ဂျိန်းဖောလူမျိုးကြီးဝါဒကို ကိုင်စွဲထားသူများသာ အရေး ပါသောရာထူးနေရာရပါသည်။
KIA ခေါင်းဆောင်ပိုင်း သည် အင်မတန်မှ ဥာဏ်များလှပါ သည်။ ကောင်းသည့်ဘက်တွင်မဟုတ်ဘဲ ကောက်ကျစ်ယုတ်မာသောဘက်တွင်
မြေခွေးများရှုံးလောက်အောင် ဥာဏ်များခြင်းဖြစ်ပါသည်။ ယင်းသို့ ပရိယာယ်များလွန်းခြင်းကြောင့်
လူနည်းစု ခေါင်းဆောင်ပိုင်းမှ လူအများစုအပေါ် ၎င်းတို့လိုချင်သလို လွှမ်းမိုးခြယ်လှယ်နေနိုင်ခြင်းဖြစ်ပါသည်။
ကချင်ခေါင်းဆောင် တို့သည် အယူဝါဒစွဲကြီးမားသူများ ဖြစ်ပါသည်။ လူမျိုးစွဲဝါဒီများဖြစ်သလို
တင်းမာခက်ထန်သူများ လည်းဖြစ်ပါသည်။ ခေါင်းမာသူများဟုလည်း
ဆိုနိုင်ပါလိမ့်မည်။ စစ်တိုက်ရန်သာတွေးနေ တတ်ပြီး နိုင်ငံရေး အား နားလည်သူများ မဟုတ်ဟု
ခြုံငုံပြောကြားနိုင်ပါသည်။
KIA သည် စစ်ပွဲများကို ၂၀၁၁ ခုနှစ်၊ နှစ်လယ်တွင်ပြန်လည်စတင်ခဲ့ပါသည်။
စစ်ပွဲများကို ၎င်းတို့မှဖန်တီးခဲ့ သော်လည်း အစိုးရနှင့် စစ်တပ်သို့လက်ညှိုးထိုးခဲ့ပါသည်။
တိုက်ပွဲများမဖြစ်စေလိုသော အစိုးရသည် ချက်ချင်းလက်ငင်း ဆွေးနွေးအဖြေရှာရန် ကြိုးပမ်းခဲ့သော်လည်း
KIA မှ ကြိုတင်စီစဉ်ထားသည့်အတိုင်း နိုင်ငံရေးစကား ပြောလာပါတော့ သည်။ အစိုးရဘေးကြပ်နံကြပ်ဖြစ်စေမည့်
လိုက်လျောရန်မလွယ်ကူသော တောင်းဆိုချက်များကို တောင်းဆိုပါသည်။ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး
အစိုးရနှင့် တပ်ဘက်မှ များစွာလိုလားသည်မှာ ထင်ရှားပါသည်။ စစ်ဘက်ဆိုင်ရာများ ဆွေးနွေးချင်သည်ဟု
KIA က ဆိုလာချိန်တွင် တပ်ချုပ်ကိုယ်တိုင်က ဒုဗိုလ်ချုပ်ကြီးတစ်ဦးကိုပင် ငြိမ်းချမ်းရေးအဖွဲ့ဝင်
အဖြစ် စေလွှတ်ပေးခဲ့ပါသည်။ သို့သော် KIA တို့ ကတိဖျက်ခဲ့ပါသည်။ အရေးမပါ အရာမရောက်သည့်
ပုဂ္ဂိုလ်များကိုသာ အဖြစ်သဘော စေလွှတ်ခဲ့ခြင်းဖြင့် ငြိမ်းချမ်းရေးကို စော်ကားခဲ့ပါသည်။
KIA နှင့် ဆွေးနွေးခဲ့သည်မှာ ၁၀ ကြိမ်ကျော်ခဲ့ပြီ ဖြစ်သော်လည်း ယနေ့တိုင်ရေရာသည့်အဖြေ
KIA တို့ထံမှ မရခဲ့ပါချေ။ သာလိကာလိုစကားတတ်သည့် ဗိုလ်ချုပ်ဂွမ်မော်မှာ ပင်လုံတရားကိုသာ
ထပ်တလဲလဲဟောပြ ပါလိမ့်မည်။ များပြားလွန်းလှသည့်တောင်းဆိုချက်များဖြင့် အားမနာတမ်း ကရားရေလွှတ်
ပြောပါလိမ့်မည်။ ညှိနှိုင်းခြင်းနှင့်မတူ ဆွေးနွေးခြင်း
ပုံသဏ္ဍာန်လဲမဟုတ်၊ ဂွမ်မော်၏ အယုတ် တရားနာ ရသလိုသာ ဖြစ်နေရပါသည်။ တပ်မှ တာဝန်ကုန်ပြီဟုထင်ပါသည်။
ယခုလို တိုက်ပွဲများ ပြင်းထန်လာခြင်းသည် KIA တို့ ခင်းသည့်လမ်းပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဤအခြေအနေကို
KIA တို့က တောင်းဆိုခဲ့ခြင်း (သို့မဟုတ်) ရွေးချယ်ခဲ့ခြင်းသာ ဖြစ်ပါသည်။
KIA တို့တွင်အတော်ဆုံးအရာ
၂ ခုရှိပါသည်။ မိုင်းထောင်ဖောက် ခွဲခြင်းနှင့် ဆက်ကြေးကောက်ခြင်း တို့ဖြစ်ပါသည်။ မိုင်းထောင်ခြင်းတွင်
သူမတူအောင်ကျွမ်းကျင်သော KIA တို့သည် ရထားလမ်း၊ ကားလမ်း၊ ရထားလမ်းတံတား၊ ကားလမ်းတံတား၊
တာဝါတိုင်၊ အဆောက်အဦ ကြီး၊ ငယ်မရွေး မည်းမည်းမြင်သမျှ နောက်ဆုံးအမိုးပါလျှင်အိမ်သာပါ မကျန် မိုင်းထောင်ပါသည်။ ဆက်ကြေးကောက်သည့်နေရာတွင်လည်း
ကားကြီး၊ ကားသေး၊ ထော်လာဂျီ၊ ဆိုင်ကယ်နှင့် ဆိုက်ကားပါချန်မထားပါ။ ကုန်သည်၊ ကျောက်တူးသူနှင့်
အရူးပါမကျန်ရ။ ကုန်ကုန်ပြောရရင် ဈေးဆိုင်ကြီးငယ်မဟူ ဗန်းရွက်ပြီး ဈေးရောင်းသူပါ ဆက်ကြေးပေး ရပါသည်။
KIA ဆက်ကြေးကောက်များလွန်းလှသဖြင့် ကချင်ပြည်နယ်သည် ကမ္ဘာပေါ်တွင် လူနေမှုစရိတ် အမြင့်ဆုံးပြည်နယ်ဟုပင်
ပြောရပါတော့မည်။
ခြုံကြည့်ပါက
KIA တို့၏ ငွေကြေးအာဏာမက်မောမှုနှင့် ယင်းကို အကာအကွယ်ပြုရန် လက်နက်ကိုင်ဆောင်မှု တို့သည်
စစ်ပွဲများ၏ အရင်းခံအကြောင်းတရားများဖြစ်ပါသည်။
ငွေကြေးရရှိရေး၊ အာဏာတည်ဆောက်ရေး ကြိုးပမ်းရာမှ ဖြစ်ပေါ်လာရသည့် အကြမ်းဖက်မှု၊
လူမဆန်မှုများသည် စစ်ရာဇ ဝတ်မှုကျူးလွန်ခြင်းသို့ ကူးပြောင်းသွားစေပါတော့သည်။ ထို့အတွက် KIA ကို စစ်ရာဇဝတ်ကောင်များဟု သတ်မှတ်ရပါမည်။
စစ်ပွဲများအတွင်း KIA တို့ကို ဖမ်းဆီးရမိပါကလည်း စစ်ရာဇဝတ်သားများကဲ့သို့သာ ဥပဒေ အတိုင်း
အရေးယူရပါမည်။
တပ်အနေဖြင့် တိကျခိုင်မာသည့်
စစ်စည်းကမ်းရှိပြီး တရားဥပဒေကိုလည်း တစ်သဝေမတိမ်း လိုက်နာကြရ ပါသည်။ စစ်တိုက်သည်ဟုဆိုရာတွင်
အကြောင်းတရားများစွာရှိပါသည်။ ငြိမ်းချမ်းရေးရချင်၍ စစ်တိုက်ရခြင်းလဲ ရှိတတ်ပါသည်။
တပ်မှတိုက်ခိုက်နေခြင်းမှာ ငြိမ်းချမ်းရေးအတွက်ဟု ယူဆပါသည်။ ဥပဒေမရှိသော KIA တို့သည်
ဥပဒေမဲ့လုပ်ရပ်များသာ ဆောင်ရွက်နေလေ့ရှိသဖြင့် ဒေသခံပြည်သူများ၏ အသက်များ၊ ဘဝများ အကြောင်းမဲ့ပေးဆပ်
နေရပါသည်။ စိတ်ထင်တိုင်း လူသစ်စုသည့် KIA၊ လူထုကို စစ်ပွဲများအတွက် အသုံးချသည့် KIA၊
ကချင်ပြည်နယ်အတွင်း ဒုက္ခသည်ဟူ၍ ပေါ်ပေါက်လာခြင်း၏ တရားခံ KIA ပင်ဖြစ်ပါသည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့နှင့်
၃၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ KIA ၏လုပ်ရပ်များ ကိုကြည့်ရင်း ဆိုးရွားလှပြီဟု
မထင်မှတ်စေလိုပါ။ ယင်းထက် အဆပေါင်းများစွာသော အကြမ်းဖက်မှု များ၊ ဖော်မပြနိုင်သော ဆိုးရွားမှုများရှိပါသေးသည်။
ကျွန်တော်တို့ကဲ့သို့ ဒေသခံများကပါ အသိဆုံးဖြစ်ပါ သည်။ ဤကဲ့သို့ ပြည်သူလူထုအား ဒုက္ခကြီးမားစွာပေးနေသော၊
လက်တစ်ဆုပ် စာ ခေါင်းဆောင် ပိုင်း ကောင်းစားရေးအတွက် တပ်ဖွဲ့ဝင် လက်အောက် ငယ်သားများကို
အသေခံခိုင်းနေသော၊ စစ်ရာဇ ဝတ်မှုများ အကြိမ်ကြိမ်ကျူးလွန်နေသော KIA အဖွဲ့အား စစ်တပ်မှ
အင်အားသုံးပြီး အဆုံးတိုင်သာ ဖြိုခွင်းပေးစေလိုပါကြောင်း တာလောကြီးနယ် မှ ရှမ်းတိုင်းရင်းသားများ ၏ကိုယ်စား
တောင်းဆို လိုက်ပါ သည်။
စိုင်းခမ်းလိတ်
No comments:
Post a Comment