Monday, January 14, 2013

၂၀၁၃ -၂၀၁၄ ခုနှစ်အတွင်း နိုင်ငံတကာချေးငွေ ဒေါ်လာ သန်းပေါင်း ၉၀၀ ကျော် ချေးယူရန် လျာထားပြီး တရုတ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများမှ အများဆုံး ချေးယူရန် လျာထား

Monday, 14 January 2013

၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း ပြည်ထောင်စု အစိုးရအဖွဲ့အတွက် နိုင်ငံတကာ ချေးငွေ အမေရိကန်ဒေါ်လာ ၉၀၀ ဒသမ ၃၉ သန်းကျော် ချေးယူရန် လျာထားပြီး တရုတ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများမှ အများဆုံး ချေးယူရန် လျာထားကြောင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်များ (မူကြမ်း) နောက်ဆက်တွဲ -၂(ဂ) တွင် ပါရှိသည်။



တရုတ်နိုင်ငံမှ ချေးငွေများကို ဆည်တော်ကြီး ရေကူရေလှောင်တမံ အတွက် ချေးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၀၊ ရန်ကုန်-မန္တလေး အဝေးပြေး လမ်းသစ်အတွက် ချေးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀၊ ဆက်သွယ်ရေး ကဏ္ဍအတွက် ချေးငွေ အမေရိကန်ဒေါ်လာ ၂၂၄၊ အထက် ဘီလူးချောင်း ရေအားလျှပ်စစ် စီမံကိန်း ၂၉ မဂ္ဂါဝပ် အတွက်ချေးငွေ အမေရိကန်ဒေါ်လာ ၁၂ သန်း အပါအ၀င် အခြားစီမံကိန်းကြီးများ အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၂၇ သန်းကျော်ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း ရရှိနိုင်မည်ဟု လျာထားကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံမှ စုစုပေါင်း ချေးငွေ အမေရိကန်ဒေါ်လာ ၂၁၁ သန်း ကျော်ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်အတွင်း ရရှိနိုင်မည်ဟု လျာထားသည်။ အဆိုပါ လျာထားချက်များမှာ ချင်းပြည်နယ် တောင်းပိုင်းနှင့် မြောက်ပိုင်း မိုက္ကရိုဝေ့ဖ် ဆက်ကြောင်း တည်ဆောက်ခြင်း လုပ်ငန်းအတွက် ချေးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၆ ဒသမ ၂၊ ရထားပို့ဆောင်ရေး ကဏ္ဍရှိ စက်ခေါင်းတွဲများနှင့် တွဲများ၊ သံလမ်းပြေး ကရိန်းများ၊ အရံ ပစ္စည်းများ ၀ယ်ယူခြင်းအတွက် အမေရိကန်ဒေါ်လာ ၄၈ သန်း၊ ဆည်ရေသောက် စီမံကိန်း ၁၈ ခုနှင့် တူးမြောင်းများ ခေတ်မီပြုပြင် မွမ်းမံဖြည့်စွက်ခြင်း လုပ်ငန်း စီမံကိန်း ၁၆ ခုအတွက် ချေးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၀၀ အပြင် အခြားလုပ်ငန်းများ ဖြစ်ကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံမှ ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း ချေးငွေ ပမာဏ အမေရိကန်ဒေါ်လာ ၁၆၁ သန်းကျော်ကို ချေးယူရန် လျာထားပြီး အဆိုပါ စီမံကိန်းများမှာ ဒေသဆိုင်ရာ ဖွံ့ဖြိုးမှု စီမံချက်အတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းကျော်၊ ဓာတ်အားပေး စက်ရုံနှင့် ဓာတ်အားလိုင်းများ ပြန်လည်ပြင်ဆင်ခြင်း စီမံချက်အတွက် ၅၇ ဒသမ ၆၉ သန်းနှင့် ကြံခင်း ဘိလပ်မြေစက်ရုံ ပြန်လည်ပြုပြင်ရန် စီမံချက်အတွက် ၄၇ သန်းကျော် ဖြစ်ကြောင်း သိရှိရသည်။

eleven media group

No comments: