Sunday, February 24, 2013

၂၀၁၆ ခုနှစ်အမီ ပွင့်လင်းမြင်သာသော အစိုးရများ မိတ်ဖက်အဖွဲ့သို့ ၀င်နိုင်ရန် မြန်မာအစိုးရ ကြိုးပမ်းမည်ဟုဆို

Sunday, February 24, 2013
မြန်မာနိုင်ငံအနေနှင့် ၂၀၁၆ ခုနှစ်အမီ ပွင့်လင်းမြင် သာသော အစိုးရများ မိတ်ဖက်အဖွဲ့ (Open Government Partnership) သို့ ၀င်ရောက်နိုင်ရန် ကြိုးပမ်းသွားမည်ဟု နိုင်ငံတော် သမ္မတဦးသိန်းစိန် က ဆုံးဖြတ်လိုက်ကြောင်း ဗြိတိန်ကက်ဘိနက်ရုံးဝန် ကြီးမစ္စတာဖရန်စစ်မူဒီက ဖေဖော်ဝါ ရီလ ၂၁ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ မစ္စတာမူဒီသည် OGP အတွက် ဗြိတိန်နိုင်ငံ၏ ပူးတွဲဥက္ကဋ္ဌ တာဝန်ယူထားမှုတွင် တာဝန်ရှိသူဖြစ်ပြီး ၎င်းက မြန်မာနိုင်ငံကို OGP အဖွဲ့ဝင်ရန် ဖိတ်ခေါ် ခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံ သမ္မတကလည်း လက်ခံ ခဲ့ခြင်းဖြစ်သည်။



“သမ္မတဦးသိန်းစိန်ဟာ OGP ၀င်ရောက်ဖို့ ဆုံးဖြတ်လိုက်တာဟာ အင်မတန် ရဲရင့်တဲ့ ဆုံးဖြတ်ချက် ဖြစ် ပါတယ်။ ဒီအဖွဲ့ ၀င်ရောက်ဖို့အတွက် အစိုးရဘတ်ဂျက်ကို ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဖို့လိုသလို အစိုးရ အတွင်း အဆင့်မြင့် ၀န်ထမ်းတွေရဲ့ ပိုင်ဆိုင်မှု စာရင်းကို ကြေညာဖို့ လိုပါတယ်” ဟု ၎င်းက ပြောကြားသည်။

မစ္စတာ ဖရန်စစ်မူဒီသည် မြန်မာနိုင်ငံကို ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၁ ရက်အထိ လာရောက် ခဲ့ခြင်း ဖြစ် သည်။ ၎င်း၏ ခရီးစဉ်အတွင်းနေပြည်တော်တွင် အစိုးရ၀န်ကြီးများနှင့် တွေ့ဆုံခဲ့သလို တိုင်းရင်းသား ကိုယ်စားလှယ်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင် ဆန်းစုကြည် တို့နှင့်လည်းတွေ့ဆုံဆွေးနွေး ခဲ့သည်ဟု သိရသည်။

OGP အဖွဲ့ဝင်နိုင်ငံ ဖြစ်စေရန် မီဒီယာ လွတ်လပ်ခွင့်နှင့် သတင်းအချက်အလက်များ လွတ်လပ်စွာ ရယူခွင့်တို့ ရှိရန်လည်း လိုအပ်ကြောင်း သိရသည်။

“OGP ၀င်ရင် တိုင်းပြည်အတွက် အကျိုးရှိပါတယ်။ နိုင်ငံရဲ့ အကျင့်ပျက်ခြစားမှုကို အပြီးတိုင် သုတ်သင်နိုင်မှာဖြစ်ပြီး အစိုးရက ဘတ်ဂျက်တွေကို ဘယ်နေရာမှာ သုံးနေတယ်ဆိုတာ လူထုက သိရှိနိုင်မှာ ဖြစ်ပါတယ်” ဟု မစ္စတာမူဒီက ပြောကြားသည်။

OGP ၏ ၂၀၁၃ ခုနှစ်အတွက် နှစ်ပတ်လည် အစည်းအဝေးကို လာမည့် အောက်တိုဘာလတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် အခြား OGP အဖွဲ့ဝင်ရန် လျှောက်ထားသော နိုင်ငံများကို ဖိတ်ခေါ်သွားမည်ဟု မစ္စတာမူဒီက ပြောကြားသည်။

OGP သည် အစိုးရ အဖွဲ့အစည်းများ၏ ပွင့်လင်းမြင်သာမှု တိုးတက်စေရန် နိုင်ငံပေါင်းစုံ ပါဝင်ကာ ပူးပေါင်း ဆောင်ရွက်ကြသည့် နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်သည်။ OGP ကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် မတ်လမှစ၍ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံရေး အကျဉ်းသားများ ဆက်တိုက်လွှတ်ပေး လာခြင်းနှင့်အတူ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ စီးပွားရေး ပိုင်းတွင်လည်း ပွင့်လင်းမြင်သာမှုများ ရှိရန် ကြိုးပမ်းလာမှုကြောင့် ယခင် စစ်အစိုးရ လက်ထက်တွင် စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သော အနောက်နိုင်ငံများက အရေးယူ ပိတ်ဆို့မှုများကို တစ်ဆင့်ချင်း ရုပ်သိမ်းခဲ့ကြသည်။

Eleven Media Group

No comments: