Monday, February 18, 2013

ပြည်ပမှ ရွှေ့ပြောင်းသူများကို တိုးမြှင့်လက်ခံမည့် စင်ကာပူအစိုးရ၏ အစီအစဉ်အား ပြည်သူထောင်ပေါင်းများစွာ ရှားရှားပါးပါး ကန့်ကွက်ဆန္ဒပြ

Monday, 18 February 2013
အာဏာရပါတီ တစ်ခုတည်းက ဆယ်စုနှစ်များစွာ အုပ်စိုးလာခဲ့သော စင်ကာပူနိုင်ငံတွင် ပြည်သူများ၏ လမ်းပေါ်ထွက် ဆန္ဒပြမှုများမှာပုံမှန် ဆိုလျင်ဖြစ်ပေါ်ေ လ့မရှိပေ။ သို့သော် စင်ကာပူတွင် လူဦးရေတိုးတက် မှုနှုန်း ကျဆင်းနေမှုကို ဖြည့်ဆည်းရန်အတွက် လာမည့်ဆယ်စုနှစ်အနည်းငယ်အတွင်း ပြည်ပမှ ရွှေ့ ပြောင်းလာသူများကို တိုးမြှင့်လက်ခံမည့် အစိုးရ၏ အစီအစဉ် အား ပြည်သူထောင်ပေါင်း များစွာ က ဖေဖော်ဝါရီ ၁၆ ရက်တွင် ရှားရှားပါးပါး ဆန္ဒပြမှု ပြုလုပ်ခဲ့ကြသည်။ Speaker's Corner ဟု လူသိများသည့် မြို့ထဲရှိ ပန်းခြံငယ်တစ်ခုတွင် လူထောင်နှင့်ချီပြီး စုဝေးခဲ့ကြကာ အင်အား ၃၀၀၀ မှ ၄၀၀၀ အကြား ရှိမည်ဟု စီစဉ်သူများက ခန့်မှန်းခဲ့ကြသည်။ ယင်းမှာ ၁၉၆၅ ခုနှစ်တွင် စင်ကာပူ လွတ်လပ်ရေးရခဲ့ပြီးနောက်ပိုင်း လူအင်အား အများဆုံး စုဝေးဆန္ဒပြမှုဖြစ်ကြောင်း စင်ကာပူရဲတပ်ဖွဲ့က စီအင်န်အင်န်သို့ ပြောကြားခဲ့သော်လည်း ဆန္ဒပြသူ အရေအတွက်ကို မထုတ်ပြန်ခဲ့ပေ။



စင်ကာပူအစိုးရက လက်ရှိလူဦးရေ ၅ ဒသမ ၃ သန်းမှ ၂၀၃၀ ပြည့်နှစ်အရောက်တွင် လူဦးရေ ၆ ဒသမ ၉ သန်းအထိ မြင့်တက်လာစေရေးအတွက်ပြည်ပမှ ရွှေ့ပြောင်းသူများကို တိုးမြှင့်လက်ခံမည့် အစီအစဉ်အား မကြာသေးမီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတွင်း အလျင်အမြန် မြင့်တက်လာသောသက်ကြီးရွယ် အိုများကို ပြုစုစောင့်ရှောက်ရန်အတွက် နိုင်ငံခြားသားများ လိုအပ်ကြောင်းလည်း အစိုးရက ဆိုသည်။

ဆန္ဒပြသူများက မိမိတို့သည် နိုင်ငံခြားသားများကို မကြောက်ရွံ့သော်လည်း စင်ကာပူ နိုင်ငံသားများ သည် နိုင်ငံခြားသားများနှင့်ယှဉ်လျင် အလုပ်အကိုင်များ ဆုံးရှုံးမှု၊ လစာများ လျော့နည်းမှုတို့ ကြုံတွေ့ရမည် ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် လူဦးရေများပြားလာပါက အိမ်ရာနှင့် ပို့ဆောင်ရေးစသော အခြေခံအဆောက်အအုံ ကဏ္ဍများအတွက် အခွန်များ တိုးမြှင့်ပေးရနိုင်မှုကိုလည်း ထောက်ပြခဲ့ကြသည်။ အစိုးရအစီအစဉ်က မိမိတို့ကို ကိုယ့်နိုင်ငံတွင်း၌ပင် လူနည်းစုအဖြစ်သို့ ရောက်သွားစေနိုင်ကြောင်းလည်း ဆန္ဒပြသူများက ဆိုသည်။

စင်ကာပူအစိုးရသည် အမှုဆောင် ရာထူးနေရာများတွင် အစားထိုးရန်နိုင်ငံခြားသားများအပေါ် မှီခိုနေရသလို လခနိမ့် အလုပ်များဖြစ်သော ဆောက်လုပ်ရေးမှသည် သန့်ရှင်းရေးဝန်ထမ်းများအထိ လုပ်ငန်းများတွင် နိုင် ငံခြားသားများကို အများဆုံး အသုံးပြုနေရသည်။

အခြားဖွံ့ဖြိုးပြီး နိုင်ငံများစွာကဲ့သို့ပင် စင်ကာပူတွင် ဆယ်စုနှစ် သုံးခုကျော်ကြာ ကလေးမွေးနှုန်းမှာ ကျဆင်းခဲ့ပြီး လက်ရှိမျိုးဆက်ကို အစားထိုးနိုင်ရန်အတွက် လုံလောက်သော ကလေးမွေးဖွားမှု မရှိကြောင်း သိရသည်။ ယင်းမှာ စင်ကာပူကဲ့သို့ နိုင်ငံသေးငယ်ပြီး စီးပွားရေးတိုးတက်မှု အရှိန်အဟုန် ကောင်းသောနိုင်ငံ အတွက် သက်ရောက်မှုကြီးမားကြောင်း သိရသည်။

ဓာတ်ပုံ - Speaker's Corner တွင် ဆန္ဒပြမှုသို့ တက်ရောက်လာသူများကို ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ်

Ref:CNN
Eleven Media Group

No comments: