Tuesday, February 19, 2013

မြန်မာရဲ့ စင်ကာပူအငယ်စားလေးဖြစ်လာမယ့် နေရာကို လေ့လာကြည့်ခြင်း

Tuesday, February 19, 2013
မြန်မာနိုင်ငံ အနောက်ဘက်ကမ်းခြေမှ ကီလိုမီတာ
၂၀ ခန့်သာဝေးသော ရမ်မရီးကျွန်းသို့ အသွားအပြန် ပို့ဆောင်ပေးနေသော လေယဉ်ငယ်လေး တစ်စင်း မှာခရီးသည်များကို သယ်ဆောင်၍ ကျောက်ဖြူလေ ဆိပ်တွင် ဆင်းသက် လိုက်စဉ် လမ်းတလျှောက် ၌ နွားများ ကအော်မြည်နေကြသည်။ ပင်လယ်ကမ်း နဘေးမှအိပ်ပျော်နေသောကမ်းခြေမြို့ လေး ကျော က်ဖြူသည် အရောင်လွင့်နေသော သစ်သားအိမ် ငယ်လေးများ၊ တစ်ခါက ခမ်းနား ခဲ့သောစံ အိမ်ဟောင်းများ တည်ရှိနေရာ မြို့လေးဖြစ်ပြီး မြန်မာ ၏ အဆင်းရဲဆုံးဒေသများထဲမှ တစ်ခုဖြစ်၍ ကုန် သွယ်ရေး ဗဟိုချက်လေးတစ်ခုလည်း ဖြစ်နေသည်။ ဤမြို့လေးတွင် လျှပ်စစ်စွမ်းအင်နှင့် သောက်သုံးရေတို့မှာ ရှားပါးလှပြီးဒေသခံစက်မှု လုပ်ငန်းတို့မှလည်း မတည်ရှိသလောာက်ပင်။ မြို့နေပြည်သူ အများစုမှာလည်း တစ်နေ့ဝင်ငွေ တစ်ဒေါ်လာနှုန်းဖြင့်သာ ရှင်သန်နေ ရသည်။



သို့သော်လည်း ယခင်က ကိုလိုနီကမ်းခြေဟောင်းလေးတစ်ခု ဖြစ်ခဲ့သည့် ဤမြို့လေးသည် ၎င်းကို ဝိုင်းပတ် ထားသော ဒေသတစ်ခုလုံးနှင့် အတူ အသွင်ပြောင်းလဲသွားရန် ရှိနေပါပြီ။ ဤမြို့လေးမှာ သဘာဝရင်းမြစ်များ
ရယူရန်အတွက် တရုတ်ပြည်၏ အာသာငမ်းငမ်း မောင်းနှင်အားတစ်ခု ဖြစ်နေရုံမျှမက မြန်မာအတွက်လည်း
“စင်ကာပူ အသေးစားလေးတစ်ခု” ကိုဖန်တီးယူရန် စီမံကိန်းတစ်ရပ်လည်းဖြစ်နေသည်။ ထို မြို့လေးမှာ စင်ကာပူကျွန်းနိုင်ငံလေး၏ စီးပွားရေးအောင်မြင်မှုကိုပုံတူကူးရန် မြန်မာ၏ မဖွံ့ဖြိုးသေးသော အနောက်ဘက်ကမ်းရိုးတန်းတွင် တည်ဆောက်မည့် စင်ကာပူ အသေးစားလေးပင် ဖြစ်တော့သည်။

ဘင်္ဂလားပင်လယ်အော်ရှိ ကြွယ်ဝသော ဓါတ်ငွေ့သိုက်များရှိရာမှ ကီလိုမီတာ တစ်ရာခန့်အကွာတွင် မြို့လေးမှာ ကမ်းရိုးတန်းအစပ်၌ ရေ အနက် ၂၅ မီတာခန့် ရှိသော သဘာဝဆိပ်ကမ်းတစ်ခုကို မျက်နှာချင်းဆိုင်ထားပြီးအိန္ဒိယသမုဒ္ဒရာသို့ သင်္ဘောလမ်းကြောင်းမှသည်တောင် အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းသို့ လမ်းကြောင်းများကို ပေးအပ်နေသည်။ ဤမြို့လေးသည် တရုတ်ပြည်နှင့် တောင် ကိုရီးယားတို့မှ ဒေါ်လာဘီလီယံနှင့် ချီသည့် ရင်းနှီးမြုပ်နှံမှုများကို ၎င်း၏ကြွယ်ဝသောရေနံနှင့် သဘာဝဓါတ်ငွေ့များ ထုတ်လုပ်ရေးတွင်ဆွဲဆောင်ခဲ့ပြီး ဖြစ် သည်။

ယခုတော့ ကျောက်ဖြူသည် အလွန်ကျယ်ပြန့်ကြီးမားသော အထူးစီးပွားရေးဇုန်တစ်ရပ် တည်ဆောက်ရေး
အတွက် ရည်မှန်းချက်ကြီးသည့် စီမံ ကိန်းကြီးတစ်ခုရေးဆွဲခဲ့ပြီး ဖြစ်သည်။ ယင်းဇုန်တွင် ကူးသန်းရောင်း ဝယ်ရေး ရေနက်ဆိပ်ကမ်းတစ်ခု၊ လျှပ်စစ်ဓါတ်အားပေးစက်ရုံ တစ်ရုံ၊ နိုင်ငံတကာလေဆိပ် တစ် ခု၊ ကျောက်ဖြူနှင့် တရုတ်ပြည်အနောက်တောင်ပိုင်းကို ဆက်သွယ်မည့် အဝေးပြေးလမ်းမကြီးတစ်ခုနှင့် ရထားလမ်း တစ်ခုတို့ပါဝင်နေသည်။

အကယ်၍သာ အောင်မြင်သွားခဲ့ပါက ဤစီမံကိန်းသည်ဒေသတွင်း၌ အလုပ်အကိုင်နေရာပေါင်း ၂၅၀,၀၀၀ (နှစ်သိန်းငါးသောင်း)ကို ဖန်တီးပေးနိုင်လိမ့်မည်ဟု မြန်မာ အလုပ်သမားဒုဝန်ကြီးဖြစ်ပြီး အစိုးရ ၏ ကျောက်ဖြူအထူး စီးပွားရေးဇုန် အေဂျင်စီ အကြီး အကဲ ဦးမြင့်သိန်းကပြောကြားသည်။ သို့သော်၎င်းက ဤစီမံကိန်းအောင်မြင်ရေးမှာ ရင်းနှီးမြှပ်နှံသူတို့၏ အကျိုးစီးပွားများ လုံခြုံစိတ်ချရေး အတွက် သာမက ယခင်အစိုးရလက်ထက် အတိတ်ကာလတုန်းကလို အမှားများ ရှောင်ကြဉ်နိုင်ရေးအပေါ်တွင်လည်း မူတည်နေကြောင်း ဆို သည်။ သူပြောသောအတိတ်က အမှားများဆိုရာတွင် စီမံကိန်းတစ်ခု ဖေါ်ဆောင်လျှင် အစိုးရအနေဖြင့် ဒေသခံပြည်သူများနှင့်ညှိနှိုင်းတိုင်ပင် မှု လျော့နည်းခြင်းလိုကိစ္စမျိုးလည်းပါဝင်သည်။ ၎င်းက “ကျွန်တော်တို့အနေနဲ့ အားလုံးပါဝင်နိုင်တဲ့ ချဉ်းကပ်နည်းကို လုပ်ဆောင်ရပါမယ်”ဟုပြောနေသည်။

မြို့မှ သိပ်မဝေးသော နေရာတစ်ခုတွင်တော့ အလုပ်သမား ၂,၀၀၀ နီးပါးခန့်သည် မြန်မာ၏ အကြီးဆုံးသော သဘာဝဓါတ်ငွေ့ပရောဂျတ်ကြီး များထဲမှတစ်ခုကို အပြီးသတ်ရန် ဆောင်ရွက်နေသည်။ ယင်းလုပ်ငန်းမှာ တရုတ်-မြန်မာဓါတ်ငွေ့ပိုက်လိုင်းဖြစ်ပြီး ကုန်းတွင်းပိုင်း ပိုက်လမ်း ကြောင်းကို တောင်ကိုရီးယား ၏ ဒေဝူးအင် တာနေရှင်နယ်ကုမ္ပဏီက မြန်မာနိုင်ငံပိုင် ရေနံသဘာဝဓါတ်ငွေ့ လုပ်ငန်းနှင့် အခြားကုမ္ပဏီများစွာနှင့် ပူးတွဲဆောင်ရွက်နေသည်။

လာမည့်မေလမှစ၍ ဤပိုက်လိုင်းမှ တစ်နှစ်လျှင်ဓါတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံခန့် ပို့ဆောင်သွား မည်ဖြစ်ပြီး အများစုကို အနီးရှိ မဒေးကျွန်းမှတဆင့်တရုတ်သို့ ပို့ဆောင်စေမည်ဖြစ်သည်။ တရုတ်ကုမ္ပဏီ
CNPC နှင့် မြန်မာမှ MOGE တို့ ပူးပေါင်း တည်ဆောက်ခဲ့သော ဤပိုက်လိုင်းသည် ကျောက်ဖြူမှ ယူနန်ပြည်နယ်ကူမင်းသို့ အရှည်ကီလိုမီတာ ၈၀၀ခန့် ရှိပြီး တရုတ်ပြည်အတွက် အရှေ့ အလယ်ပိုင်းမှ သင်္ဘောဖြင့် တင်ဆောင် လာသော ရေနံများကို တဆင့်ခံပို့ဆောင်ရာ လမ်းကြောင်း တစ်ခုလည်း ဖြစ် လာမည်။

မကြာမီက Financial Times သတင်းစာ၏ လာရောက်လေ့လာရေးသားခဲ့မှုတွင် ရေနံပိုက်လိုင်းနှင့် ဆက်စပ်ရာ အဆောက်အအုံများမှာ ပြီးစီး လုနီးဖြစ်နေသည်ကို တွေ့ ခဲ့ရသည်ဟု ဆိုသည်။ ထို့ကြောင့် ၂၀၁၃ နှစ်လယ်မှစ၍ကူမင်းသို့ တစ်နှစ်လျှင် ရေနံစိမ်းစည် တန်ချိန် ၂၂ တန်ခန့် မှာ ဤပိုက်လိုင်း မှ ဖြတ်မည်ဖြစ်ကာ တရုတ်တို့အဖို့အမေရိကန်တို့ ထိန်းချုပ်ထားသော မာလက္ကာရေလက်ကြားကိုဖြတ်၍ ၎င်း၏ အသက် သွေးကြောလောင်စာများကို ဖြတ်သန်းသယ်ယူနေရမှုမှ လွတ်မြောက်သွားစေတော့မည်ဖြစ် သည်။

ယခုထိတော့ ကျောက်ဖြူတွင် တရုတ်နှင့် တောင်ကိုရီးယားတို့၏ ပရောဂျတ်များမှာ ဒေါ်လာသုံးဘီလီယံခန့် ကုန်ကျထားပြီး သတ်မှတ်ဘတ် ဂျတ်၏ ၂၀ ရာခိုင်နှုန်းကျော် ရှိနေကြောင်း ဒေသခံတာဝန်ရှိသူများက ဆိုသည်။သို့သော် ဤပမာဏမှာ မြန်မာ၏စီမံကိန်းများ အကောင်အထည် ဖေါ်လာလျှင် ထပ်ရှိလာမည့် ကုန်ကျစရိတ်များနှင့်ယှဉ်လျှင် နည်းနေပါသေးသည်။

မြန်မာရှိ အခြားနေရာများမှ စက်မှုဇုန်စီမံကိန်းကြီးများမှာလည်း ရန်ပုံငွေနည်းပါးမှု၊ ဒေသခံတို့၏ ကန့်ကွက်မှု
များကြောင့် ရုန်းကန်နေရသည်။ သို့သော် ရန်ကုန်အနီးရှိသီလဝါ စက်မှုဇုန်စီမံကိန်းမှာမူ ဂျပန်ရင်းနှီးမြှပ်နှံ မှုဖြင့် ဆက်လက်ဖွံ့ဖြိုးသွားဖွယ် ရှိနေသည်။

ကျောက်ဖြူ၏ မဟာဗျူဟာမြောက်နေရာကျမှုနှင့် ရေနံဓါတ်ငွေ့စသည့် သဘာဝရင်းမြစ်များနှင့် နီးစပ်စွာ တည်ရှိနေမှုတို့က ထူးခြားမှု ရှိလှ ကြောင်း ဦးမြင့်သိန်းက ပြောကြားသည်။ ဤသည်မှာ စီမံကိန်း၏ ထူးခြားသော တည်ရှိ မှုကြောင့်သာမကဘဲ အစိုးရကိုယ်တိုင်ကလည်း ယခင် စီမံကိန်းမံကိန်းများနှင့် မတူ၊ ဒေသခံပြည်သူ၏ အကြံပေးညှိနှိုင်းမှုများကို လက်ခံသောကြောင့် ဖြစ်သည်။

ဦးမြင့်သိန်းက “ရင်းနှီးမြှပ်နှံသူတွေ ကတော့ လာမှာပဲ။ဘာလို့လဲဆိုတော့ အခွင့်အလမ်းတွေက သိပ်ကောင်း
နေလို့ပါ။ ဒီစီမံကိန်းက မြန်မာနဲ့ ဒေသဆိုင်ရာ စီးပွားရေးနှစ်ခုစလုံး ကို အရှိန်မြှင့်ပြီး ကုန်သွယ်ရေး ကို ပြောင်းလဲစေပါလိမ့်မယ်” ဟု ပြောကြားသည်။

ယခုအခါတရုတ်သည် ကျောက်ဖြူနှင့် ကူမင်းကိုဆက်သွယ်မည့် အပြိုင်သွယ်တန်းထားသော အရှည်၁,၂၁၅ ကီလိုမီတာရှိသော ရထားလမ်း နှင့် အဝေးပြေးကားလမ်းတို့ကို တည်ဆောက်သွားရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်သည်။ ဤဆက်သွယ်ရေးလမ်းကြောင်းများမှာ တရုတ်- မြန်မာ ရေနံ၊သဘာဝဓါတ်ငွေ့ပေး ပို့ရေးစီမံကိန်းကြီး အတွက် အသက်သွေးကြောဖြစ်သည်။မြန်မာတွင် အထူးစီးပွားရေးဇုန် ဥပဒေသစ် အသက်ဝင်လာသည်နှင့်အမျှ ဤစီမံကိန်းကြီးအတွက် ဆောက်လုပ်ရေးတင်ဒါခေါ်ယူလုပ်ကိုင်မှုများလည်း ရှိလာမည်ဖြစ်သည်။

စီမံကိန်းနှင့် ဆက်နွယ်နေသော မြေယာကိစ္စများကိုလည်း မျှတစွာ ဖြေရှင်းနိုင်လိမ့်မည် ဟု မြေပြဿ နာ ကြောင့် နှေင့်နှေးနေသော အခြားစက်မှုဇုန် စီမံကိန်းများကို ရည်ညွှန်း၍ ဦးမြင့်သိန်းက တွေးတွေးဆ ဆ ပြောနေသည်။ သို့သော်ကျောက်ဖြူတွင် အရာရာအဆင်ပြေနေသော်လည်း ပြီးခဲ့သည့်နှစ်က မူဆလင် များ နေထိုင်ရာမြို့၏ အပိုင်းတစ်ခု တွင် ဒေါသထွက်နေသော လူအုပ်၏ မီးရှို့မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ပြဿနာ များကြီး ထွားလာမည်ကို စိုးရိမ်နေခဲ့ရသေးသည်။ သို့သော် ဒေသခံအာဏာပိုင်များက ဤအကျပ် အတည်းမှာ ပြီးဆုံးသွားခဲ့ပြီဟု ပြောခဲ့သည်။

ဤအတောအတွင်း သဘာဝပတ်ဝန်းကျင်ရေးရာတက်ကြွလှုပ်ရှားသူများက စီမံကိန်ဖြစ်ပေါ်တိုးတက်မှုနှင့် ပတ်သက်၍ သတိပေးနေကြသည်။ Arakan Oil Watchအဖွဲ့ ကလည်း “အစိုးရက ဘာတွေစဉ်းစားနေတာလဲ။ ကျွန်တော်တို့ရဲ့ အဖိုးတန်ကမ်းခြေတွေကို နိုင်ငံခြားကုမ္ပဏီတွေကို ပေးပြီး အဆိပ်သင့်နေတဲ့ စက်မှုဇုန် အဖြစ်ပြောင်းမလို့ လား” ဟု ပြောဆိုနေသည်။

မြန်မာမှ မြို့ပြရေးရာစီမံကိန်းပညာရှင် ဦးဝင်းမြင့်က “ဖွံ့ ဖြိုးရေးစီမံကိန်းတွေနဲ့ပတ်သက်လို့ ဆန္ဒပြကန့် ကွက်ကြတာတွေကတော့ အမြဲတမ်း ရှိနေမှာပဲ။ဒါပေမယ့် ဒီအစိုးရက လမ်းကြောင်းမှန်ပေါ် သွားနေတာ ပါ။ ဒေသခံပြည်သူတွေနဲ့ တိုင်ပင်ဆွေးနွေးသလို ပြည်သူ့အသံတွေကို လည်း နားထောင်နေပါ တယ်။ ပြီးတော့ သူတို့ကို ကြည့်ရတာ အတိတ်တုန်းက အမှားမျိုးတွေကို ရှောင်ကြဉ်ဖို့ သံန္နိဋ္ဌာန် ချထားတဲ့ပုံ
ပေါ်နေပါ တယ်” ဟု ပြောကြားသည်။

ကျောက်ဖြူ၏ အစောပိုင်း ရင်းနှီးမြှပ်နှံသူများအတွက်လည်း ဤသဘောတိုင်းပင်ဖြစ်သည်ဟု ပြောနိုင်သည်။
ကျောက်ဖြူ၏ အစောပိုင်းကပင် လာရောက်ရင်းနှီးမြှပ်နှံနေခဲ့သည့် တရုတ်ကုမ္ပဏီ CNPC က ၎င်းတို့သည်
ဒေသတွင်း၌ စာသင်ကျောင်းများ၊ဆေးရုံများ တည်ဆောက်ရေး၊ ရမ်း မရီးကျွန်း၏ အဓိက ရွာကြီးငါးရွာ အတွက် ရေချိုနှင့် သောက်သုံးရေထုတ်လုပ်ရေးစက်များ တည်ထောင်ပေးခြင်းတို့အတွက် ဒေါ်လာဆယ် သန်းကျော် သုံးစွဲထားပြီး နောက်ထပ်လည်း ငွေသုံးရန်စီစဉ်ထားသည်ဟု သိရသည်။ ထိုရွာများထဲမှ တစ်ခုတွင်မူ တရုတ်မန်နေဂျာများသည် အဘယ့်ကြောင့် ၎င်းတို့အနေနှင့်ဒေသခံများကို လေ့ကျင့် သင်ကြားပေးမှုများ မလုပ်ရသည် ကို မေးမြန်းစုံစမ်းခံနေရသည်။

CNPC ၏ စက်ရုံအဆောက်အဦးတွင်တော့ လုပ်သားပေါင်း ၁,၈၀၀ ရှိရာတွင် မြန်မာလုပ်သားမှာ ၄၀၀ခန့် သာ ရှိသည်။ ကျန်သူများအားလုံးမှာ တရုတ်လုပ်သား၊ ပညာရှင်များချည်းသာ ဖြစ်နေသည်။ တရုတ်မန်နေ ဂျာတစ်ဦးကမူ “ကျွန်တော်တို့ ဒေသခံပြည်သူတွေကိုကူညီချင်ပါတယ်။ ကျွန်တော်တို့ ပရောဂျတ်က နှစ် ၃၀
ကြာမှာ။ ဒီက လူ့အဖွဲ့ အစည်းနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ရပ်ကို ကျွန်တော်တို့ လိုအပ်ပါတယ်” ဟုပြောကြားသည်။

ဧကန်

Ref: Gwen Robinson, Myanmar plans its own ‘mini Singapore’. Fanancial Times.
The Myanma Age

No comments: