Thursday, February 14, 2013

ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့များ(၂)ဖွဲ့ခွဲ၍ မန္တလေးမြို့မှ စတင်ထွက်ခွာ


           ရန်ကုန်မြို့မှ လိုင်ဇာသို့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ချီတက်လာသော ငြိမ်းချမ်းရေးလမ်းလျှောက် အဖွဲ့ဝင်များ သည် ယနေ့ နံနက်မှစ၍ မန္တလေးမြို့မှ အဖွဲ့နှစ်ဖွဲ့ခွဲကာ လိုင်ဇာမြို့သို့ ဆက်လက်ချီတက်သွားပြီဖြစ်သည်။ ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်းအား ရန်ကုန်မှ စတင်ဦးဆောင်ချီတက်ခဲ့သူ ကိုရန်နိုင်ထွန်း ဦးစီးသောအဖွဲ့သည် ဧရာဝတီမြစ်အနောက် ဘက်ခြမ်းမှတဆင့် ရွှေဘို-မြစ်ကြီးနားလမ်းအတိုင်း ဆက်လက်ချီတက်သွားမည်ဖြစ်ပြီး ဗကသမှ အများစုပါဝင်သော ဘိုကလေး ဦးအောင်မြင့် ဦးဆောင်သော အဖွဲ့တစ်ဖွဲ့သည် မန္တလေး-သပိတ်ကျင်း-ငါးကိုး-ရွှေကူ-ဗန်းမော်-လိုင်ဇာလမ်းကြောင်းအတိုင်း ဆက်လက်ချီတက်ကြမည်ဖြစ်ကြောင်း သိရသည်။ လမ်းလျှောက်ခရီး စတင်ကတည်းက ပါဝင်လာခဲ့သော လူငယ်အများစု ပါဝင်သည့် ကိုရန်နိုင်ထွန်း ဦးဆောင်သောအဖွဲ့ ချီတက်မည့် မန္တလေး-မြစ်ကြီးနား - လိုင်ဇာ လမ်းခရီးမှာ မန္တလေး-ဗန်းမော်-လိုင်ဇာလမ်းထက် မိုင် ၁၀၀ ခန့် ပိုမိုဝေးကွာကြောင်း သိရှိရသည်။ 

ငြိမ်းချမ်းရေးလမ်းလျှောက်ချီတက်သော အဖွဲ့များအနေဖြင့် ကိုရန်နိုင်ထွန်း ဦးဆောင်သော လူငယ်အဖွဲ့နှင့် ဦးအောင်မြင့် ခေါင်းဆောင်သော ဗကသအများစု ပါဝင်သော အဖွဲ့ ၂ ဖွဲ့တို့ အချင်းချင်း သဘောထားမတိုက်ဆိုင်သောကြောင့် အငြင်းပွားမှုများရှိခဲ့ကြောင်း သတင်းများဖြစ်ပေါ်ခဲ့သည်။ ၎င်းသတင်း နှင့်ပတ်သက်၍ လူငယ်အဖွဲ့ခေါင်းဆောင် ကိုရန်နိုင်ထွန်း အဖွဲ့မှ မှတ်ချက်ချပြောဆိုခဲ့ခြင်းမရှိပေ။ ကိုရန်နိုင်ထွန်းမှ လမ်းခရီးတစ်လျှောက် ၎င်းတို့လက်ခံရရှိခဲ့သော အလှူငွေများအား လှူဒါန်းမည့် အဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း ပြောဆိုခဲ့သည်။ မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်မှ ဗိုလ်ကြီးဟောင်း   နေမျိုးဇင် ဦးစီးသောအဖွဲ့မှလည်း ငြိမ်းချမ်းရေးလမ်းလျှောက်လာသည့်အဖွဲ့များ လမ်းခရီးတွင် ရောက်ရှိနေချိန်တွင် ဗန်းမော်မြို့သို့ ကားဖြင့်သွားရောက်ပြီး လိုင်ဇာသို့ ကြိုတင်လမ်းလျှောက် ချီတက်မည်ဟု ပြောဆိုခဲ့သဖြင့် ခရီးရှည်လမ်းလျှောက် လာကြသော အဖွဲ့ဝင်အများစုမှ ကျေနပ်မှုမရှိကြောင်း သိရှိရသည်။ ရန်ကုန်မြို့မှ လိုင်ဇာမြို့သို့ လမ်းလျှောက်မည့် ကိုရန်နိုင်ထွန်း ဦးစီးအဖွဲ့ (၁၇)ဦးသည် (၂၁-၁-၂၀၁၃)ရက်နေ့တွင် ရန်ကုန်မှ ထွက်လာခဲ့ရာ ယခုအခါ လာရောက်ပူးပေါင်း သူများကြောင့် လမ်းလျှောက်သူအရေအတွက် ပိုများလာနိုင်ကြောင်းနှင့် လိုင်ဇာနှင့်နီးလေလေ လူပိုများလာနိုင်ကြောင်း     သိရှိရ သည်။

No comments: