Monday, February 25, 2013

မြန်မာ Hacker များပစ်မှတ်ဖြစ်လာသော ပြည်တွင်း Online Media များ



          ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအတွင်းရှိ တရားဝင်ထုတ်ပေးလျက်ရှိသော Media များ၏ Online စာမျက်နှာများအား Hacker များ၏ တိုက်ခိုက်မှုများ မကြာခဏဆိုသလို တွေ့မြင်လာရသည်။ မြန်မာနိုင်ငံ နာမည်ကြီး Media တစ်ခုဖြစ်သော Eleven Media Group ၏ Internet Website အား ဇန်န၀ါရီလ (၁၅/၁၆) ရက်နေ့များတွင် (DDos) နည်းပညာဖြင့်လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး Internet စာ မျက်နှာ တို့အား ယခုတစ်လအတွင်းပင် တိုက်ခိုက်ခံခဲ့ရသည်ကို တွေ့ရှိရသည်။ ထို့အပြင် Eleven Media Facebook စာမျက်နှာအား ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် Hacker များမှ ထိုးဖောက်ဝင်ရောက်ခဲ့လို့ အချိန်မီ ကာကွယ်နိုင်ခဲ့ကြောင်း Eleven Media Group ၏ စာမျက်နှာတွင် တွေ့ရှိခဲ့ရသည်။ The Voice ၏ Facebook စာမျက်နှာလည်း တစ်ပတ်ခန့် Hacker တို့၏ ထိန်းချုပ်ခံခဲ့ရသလို 7Days News ဂျာနယ်၏ Internet စာမျက်နှာမှာလည်း ယခုအပတ်အတွင်း DDos တိုက်ခိုက်ခြင်းခံခဲ့ရသည်။

          မြန်မာနိုင်ငံ၏ Hacker လောကတွင် နာမည်ကြီး Hacker Group တစ်ခုဖြစ်သည့် (Blink Hacker Group) ၏ အဖွဲ့ဝင်လည်းဖြစ်သူ ကွန်ပျူတာတက္ကသိုလ်တွင် မဟာသိပံ္ပဘွဲ့ တက်ရောက်နေသူ  ကိုသက်နိုင်ထွန်း(အမည်လွဲ)က “ဒီရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ Cyber တိုက်ခိုက်မှုတွေမှာ နိုင်ငံတော် သမ္မတရုံးကို (DDos) တိုက်ခိုက်ခဲ့တာကတော့ ပြည်ပ Hacker အဖွဲ့အစည်းတွေ ဖြစ်နိုင်ပါတယ်။ မြန်မာ Hacker တွေနဲ့ Malaysia ၊ Indonesia မှာရှိတဲ့ Hacker တွေ ဘင်္ဂါလီအရေးအခင်းနှင့် အပြန်အလှန် တိုက်ခိုက်နေတာရှိတယ်။ ပြီးခဲ့တဲ့အပတ်ကပဲ Indonesia မှာရှိတဲ့ Hacker တွေစုပြီး မြန်မာနိုင်ငံကို တိုက်ခိုက်ဖို့ OP Myanmar ဆိုတဲ့အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ အဲဒီအဖွဲ့ကနေ သမ္မတရုံးကို DDos တိုက်မဲ့ Program Link တစ်ခု ဆောက်ပေးထားပြီး သူ့ Member တွေကို အဲဒီ Link ကိုသွားပြီး ဖွင့်ဖို့စည်းရုံးတယ်။ Member တွေက အဲဒီ Link ကိုသွားပြီးဖွင့်တာနဲ့ Link မှာ ချိတ်ထားတဲ့ DDos Tooks Program က သမ္မတရုံး Website ပြုတ်ကျသွားတာ” ဟု ပြောကြားသွားသည်။

          ၎င်းမှပင် “The Voice Facebook ကို Hack လုပ်သွားတဲ့လူတွေကလည်း မြန်မာနိုင်ငံနဲ့ ဆက်စပ် နေတဲ့ မွတ်ဆလင် Hacker အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ (MMCA) က လုပ်သွားတာဖြစ်နိုင်ပါတယ်။ ပထမ သူတို့ MMCA Wall ကို တင်ထားတယ်။ ဒါပေမဲ့ သိပ်မကြာဘူး။ Anonymous ကို ပြန်ပြောင်းလိုက်တယ်။ ကျွန်တော့်အယူအဆကတော့ ပြည်ပမှာရှိတဲ့ မွတ်ဆလင် Hacker တွေနဲ့ ဆက်စပ်နေတဲ့ မြန်မာ Hacker တစ်ဖွဲ့က လုပ်တာဖြစ်နိုင်ပါတယ်။ နောက်တော့ Myanmar Express မှာတင်ထားတဲ့စာတွေ၊ The Voice မှာတင်ပေးလိုက်တယ်။ ဒါကလည်း လမ်းကြောင်း လွှဲပေးလိုက်တာပါ။ အခြားမီဒီယာတွေက Myanmar Express ကို သံသယဖြစ်နေတဲ့အချိန်မှာ တမင်သက်သက် ရန်တိုက်ပေးလိုက်တယ်။ အားလုံးပဲ စဉ်းစား ကြည့်ပါ။ Hack တဲ့လူက သူမှန်းသိအောင် သူ့ Data တွေတင်ပါ့မလား။ လူတိုင်းစဉ်းစားကြည့်လို့ရပါတယ်” ဟု ပြောကြားသွားပါတယ်။

          မန္တလေးမြို့တွင်နေထိုင်သည့် Hacking ပညာရပ်များကို စိတ်ဝင်စားစွာလေ့လာနေသည့် GTC ကျောင်းသားတစ်ဦးဖြစ်သူ ကိုကျော်သက်လင်းက နည်းပညာတိုးတက်လာတာနဲ့အမျှ Hacker လူငယ်တွေ လဲ Attack နည်းလမ်းကောင်းတွေကို ပိုင်ဆိုင်လာကြတယ်။ ဒီတော့ လက်တည့်စမ်းချင်လာကြတယ်။ အဲဒီ နေရာမှာ အခြားနဲ့ပြဿနာဖြစ်နေတဲ့ အဖွဲ့တစ်ခုဟာ အလိုလိုနေရင်း ပစ်မှတ်ပေါ်ရောက် လာတော့ တာပါပဲ။ ဒီနေရာမှာ Eleven က ငပွကြီးဖြစ်လာတယ်။ Eleven ရဲ့ Website တွေက အားနည်းချက်တွေ ကလည်း အများကြီးပဲ။ ဒါကြောင့် Eleven Media Group ရဲ့ Website တွေက Hacking ပညာလေ့လာတဲ့ လူငယ် တွေအတွက် Target ဖြစ်နေတယ်။ Eleven Media ကိုတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ Online ပေါ်က Comment တွေကို လေ့လာကြည့်ရင် Eleven ရဲ့ လုပ်ရပ်တွေကို မကြိုက်ကြတဲ့ လူတွေ များပါတယ်” ဟု ပြောဆိုသွားသည်။

          Hacker လောကမှ Hacker များအနေဖြင့် Cyber Attack တစ်ခုထွက်ပေါ်လာတိုင်း မည်သူ့ လက်ချက်၊ မည်သည့်အဖွဲ့၏ လက်ရာဆိုတာ ကောင်းကောင်းသိကြကြောင်း အဆင့်မြင့် Hacker တစ်ဦး ဖြစ်သူ ကိုသန်းထွန်းသိန်းမှ ပြောကြားသွားသည်။ ကျွန်တော်တို့ပြည်တွင်းမှာ Cyber Attack လုပ်တာတွေ၊ Hack လုပ်တာတွေဖြစ်လာရင် ဘယ်လောက်ပဲ ပုန်းကွယ် ပုန်းကွယ်၊ မြွေမြွေချင်း ခြေမြင်သလို Hacker တွေအချင်းချင်း ဘယ်သူ့လက်ချက်ဆိုတာ သိကြပါတယ်။ အခု The Voice နဲ့ EMG ကို တိုက်တဲ့ Hacker တွေကိုလည်း ကျွန်တော့်အတွေ့အကြုံအရ ဘယ်သူတွေဆိုတာ သိပါတယ်။ ဒါပေမဲ့ EMG ကပြောသလို Myanmar Express ကတော့ မဖြစ်နိုင်ပါဘူး။ Myanmar Express က Admin က ပုဂ္ဂိုလ်ရေးကို တိုက်ခိုက်တဲ့စာတွေပဲ ရေးတင်တတ်တာပါ။ Hacking Scale ရှိတဲ့ လူတစ်ယောက်မှမပါပါဘူး” ဟု ပြောဆို သွားသည်။

လူငယ်သတင်းထောက်လူငယ်တစ်ဦးဖြစ်သူ ကိုထင်ကျော်က “EMG နဲ့ Myanmar Express ကိစ္စတွေက ပုဂ္ဂိုလ်ရေးတွေ များပါတယ်။ Express က EMG CEO ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေထည့် တယ်။ ဒါကို မကျေနပ်လို့ EMG ကတရားစွဲတာပါ။ ကျန်တဲ့ဟာတွေက လူကြားကောင်းအောင် ပြောနေ တာပါ။ ဒါကို Media သမားတိုင်း သိပါတယ်” ဟု ပြောကြားသွားသည်။

Eleven Media Group အနေဖြင့် ဖေဖော်ဝါရီလ (၁၈) ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ၎င်းတို့အား Cyber Attack ပြုလုပ်ရန်ကြိုးစားထားသည့် IP Address များအား ဖော်ပြထားကြောင်း သိရှိရ ပါသည်။

No comments: