Friday, February 15, 2013

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် UNFC အဖွဲ့တို့ ယခုလ ၂၀ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမည်

Thursday, February 14, 2013
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ညီ ညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့တို့သည်ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးသွား မည်ဖြ စ်ကြောင်း သတင်းရရှိသည်။ အစိုးရနှင့် UNFC အဖွဲ့တို့ တွေ့ ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ Myanmar Peace Center မှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေး မှူး ဒေါက် တာမင်းဇော်ဦးက "ကျွန်တော်တို့ UNFC နဲ့ဆွေးနွေးဖို့ ဒီလ ၂၀ ရက်နေ့ကို ပြောထားတယ်။ အဲဒီနေ့မှာ ဆွေးနွေးနိုင်ဖို့ များပါတယ်" ဟု ဖေဖော်ဝါရီလ ၁၄ ရက်က ပြောကြား ခဲ့သည်။ အစိုးရအဖွဲ့မှ ဖေဖော်ဝါရီလ ၂၀ ရက်တွင် တွေ့ ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့မှုအား လက်ခံခဲ့ကြောင်း UNFC အဖွဲ့ကလည်း သတင်းထုတ်ပြန်ခဲ့ပြီး ယင်းသို့ဆွေးနွေးရေး လုပ်ဆောင်ရန် UNFC အဖွဲ့ဝင်များသည် အရေးပေါ် အစည်းအဝေးတစ်ရပ်ကို ဖေဖော်ဝါရီလ (၁၁) ရက်မှ (၁၃) ရက်အထိ ထိုင်း-မြန်မာနယ်စပ်တွင် ကျင်းပခဲ့ပြီး အဖွဲ့ဝင်ပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။



အစိုးရအဖွဲ့နှင့် UNFC အဖွဲ့တို့၏ ပထမဆုံးအကြိမ် တွေ့ဆုံပွဲကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက ထိုင်းနိုင်ငံ၌ပင် ပြုလုပ် ခဲ့ပြီး နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်ရေး သဘောတူညီမှု ရရှိခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် UNFC အဖွဲ့တို့အကြား နိုင်ငံရေးအကြို ဆွေးနွေးပွဲများ ပြုလုပ်ရန် ဇန်နဝါရီလအတွင်းက အစိုးရဘက်မှ ကမ်းလှမ်းထားသော်လည်း ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်မြော က်ရေးတပ်မတော် KIA အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ဆွေးနွေးနိုင်ခြင်း မရှိခဲ့ပေ။

ဖေဖော်ဝါရီလ ၄ ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ တရုတ်နိုင်ငံရွှေလီမြို့တွင် ဆွေးနွေးပြီးနောက်ပိုင်း ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးရန်UNFC က အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် UNFC ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) စသည့်လက်နက်ကိုင် အင်အားတောင့်တင်းသည့် အဖွဲ့များ ပါဝင်သည်။

ထို့ပြင် ပအိုဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ပလောင်ပြည်နယ် လွတ်လပ်ရေးတပ်ဦး (PSLF)၊ ရခိုင်ပြည် အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ "၀" အမျိုးသား အဖွဲ့ချုပ် (WNO)နှင့် ကချင်အမျိုးသား အစည်းအရုံး (KNO) စသည့် အဖွဲ့များက ဆက်စပ်အဖွဲ့များအဖြစ် ရပ်တည်လာခဲ့ကြောင်းနှင့် လက်ရှိအချိန်တွင် အခိုင်အမာ အဖွဲ့ဝင် ၁၂ ဖွဲ့ရှိကြောင်း သိရသည်။

Eleven Media Group

No comments: