Thursday, March 28, 2013

တပ်မတော်အပေါ် မျက်မှန်စိမ်းဖြင့် ကြည့်နေသေးသော သတင်းမီဒီယာတစ်စု



နေပြည်တော်  မတ် ၂၈

ကျွန်တော်တို့နိုင်ငံတွင်ကျင်းပလေ့ရှိသော နိုင်ငံတော်အဆင့် အခမ်းအနားများတွင် သတင်း မီဒီယာများအား တလေးတစားဖိတ်ကြားကာ သတင်းရယူစေခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ သတင်းဌာနအများစုက သတင်းဌာန၏ဂုဏ်သိက္ခာကိုစောင့်ထိန်းကာ သတင်းများကို သတင်းအနေဖြင့် သာကြည့်မြင်ပြီး ရေးသားကြသော်လည်း အချို့သောသတင်းဌာနများမှာ ကိုယ်လိုရာစွဲပြီး လိုအပ် သလို ရေးသားနေကြတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တရားဥပဒေစိုးမိုးရေး ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကပင် သတင်းမီဒီယာများအနေဖြင့် သတင်းများကို ဘက်လိုက်ခြင်း မရှိဘဲ ရေးသားဖော်ပြရန် ပြောဆိုခဲ့ရခြင်းဖြစ်ပါတယ်။


ဒါနဲ့ပတ်သက်ပြီး ၂၀၁၃ခုနှစ်၊ မတ်လ (၂၇)ရက်နေ့က (၆၈)နှစ်မြောက် တပ်မတော်နေ့ဟာ  ပြည်သူလူထု တစ်ရပ်လုံးအတွက် ဂုဏ်ယူရမည့် အောင်ပွဲဝင်နေ့တစ်နေ့ဖြစ်ပါတယ်။ ၎င်းနေ့သည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည်နှင့်အညီ ယခုနှစ်တွင် ထူးခြားချက်မြောက်မြားစွာနဲ့ ကျင်းပ သွားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဘယ်တုန်းကမှ မပြသဘူးသော စစ်တပ်ပိုင် လက်နက်များကို ထုတ်ဖော်ပြသခြင်း၊ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်း၊ တပ်ချုပ်ကြီးရဲ့ တပ်မတော်နေ့ မိန့်ခွန်း တွင် ဗိုလ်ချုပ်အောင်ဆန်းနာမည်ကို အကြိမ်ကြိမ် ထည့်သွင်းချီးကျူးဂုဏ်ဖော်ခဲ့ခြင်း၊ ၎င်းမိန့်ခွန်းကို နိုင်ငံရေးပါတီများနဲ့ အဖွဲ့အစည်းများမှလက်ခံကြိုဆိုခြင်း၊ တိုင်းရင်းသားအဖွဲ့အစည်းခေါင်းဆာင်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခြင်းစတဲ့ ထူးခြားမှုပေါင်း မြောက်များစွာရှိနေတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့  သတင်းမီဒီယာများ သူ့ထက်ငါ သတင်း ရယူလျက်ရှိပြီး ဓာတ်ပုံ ကောင်းကောင်း မြင်ကွင်းကောင်းကောင်းများကို ရယူရိုက်ကူးကာ သတင်း မှတ်တမ်းအဖြစ် ကောင်းမွန်စွာ ဖော်ပြပေးနိုင်ဖို့ ကြိုးစားအားထုတ်ခဲ့ကြရတာဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းသတင်းမီဒီယာ တစ်ခုကတော့ တပ်မတော်အပေါ် အစဉ် တစိုက် မျက်မှန်စိမ်းတပ်ကာ ကြည့်မြင်နေသောသတင်းဌာနဖြစ်နေတာကို ပိုမိုထင်ရှားစွာ တွေ့လာရ ပါတယ်။ ဂုဏ်ယူဖွယ်ရာဖြစ်သော တပ်မတော်နေ့သတင်းများကို လှပဝေဆာစွာ ဖော်ပြရမည့်အစား အခမ်းအနားတက်ရောက်လာသောတပ်မတော်သားများ အခမ်းအနားမစတင်မီ သက်တောင့်သက်သာ ပုံစံဖြင့် စာဖတ်နေကြပုံများကို အရာရှိများ တပ်မတော်နေ့အခမ်းအနားကို စိတ်မ၀င်စားသည့် ပုံစံမျိုး ဖြစ်အောင် ဖော်ပြခဲ့သည်ကို တွေ့ရှိရပါသည်။  လူထုအကြား တရားဝင်ရပ်တည်နေသော သတင်းဌာန တစ်ခုဖြစ်ပါလျက် ဒီမိုကရေစီဆိုသောအခွင့်အရေးကို အသုံးပြုကာ တပ်မတော်အပေါ် အဆိုးမြင်ဝါဒီ ဖြင့် ယခုအချိန်ထိ တိုက်ခိုက်ရေးသားဖော်ပြနေဆဲဖြစ်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

၎င်းသတင်းမီဒီယာအနေဖြင့် တပ်မတော်အပေါ် ယခင်က အကြိမ်ကြိမ်တိုက်ခိုက်မှုများ ရှိနေခဲ့ သော်လည်း တပ်မတော်အနေနဲ့ နားလည် သည်းခံစိတ်ထားကာ ယခုအချိန်ထိ တရားစွဲဆိုခြင်း မပြုခဲ့တာကို အခွင့်ကောင်းယူကာ တပ်မတော်နေ့ အခမ်းအနားဓာတ်ပုံများကိုဖော်ပြရာတွင် ကြည့်ရှုသူ ပရိတ်သတ် အထင်အမြင် လွဲမှားစေနိုင်သည့် ဓာတ်ပုံများကို ဖော်ပြခဲ့ခြင်းသည် ၀မ်းနည်းဖွယ် ကောင်းသောလုပ်ရပ်ဖြစ်ပါတယ်။ နိုင်ငံတော်အဆင့် အခမ်းအနားတစ်ခုကျင်းပပြုလုပ်ရသည်မှာ လွယ်ကူသော လုပ်ငန်းတစ်ခု မဟုတ်ပါ။ အဓိကအားဖြင့် လုံခြုံရေးကို အဓိကထားရပါတယ်။ တပ်မတော်နေ့ အခမ်းအနားတစ်ခုဖြစ်ဖို့ တပ်မတော်သားမိသားစုဝင်များသည်  နံနက် (၃)နာရီကျော် ကထဲက အဆိုပါ အခမ်းအနားကျင်းပရာ နေရာသို့ ရောက်အောင် လာကြရပါတယ်။ ဒါ့ကြောင့်လည်း အခမ်းအနားမစခင် ရတဲ့အချိန်ကလေးမှာ သက်တောင့်သက်သာနဲ့ နေကြတာပါ။ တစ်ချို့က အချိန်ကို အကျိုးရှိအောင် အသုံးပြုသည့်အနေဖြင့် သတင်းစာ၊ ဂျာနယ်တစ်ခုခု ဖတ်နေတတ်ပါတယ်။ ဒါကလည်း လူ့သဘောသဘာဝပါ။ တပ်မတော်သားမှ မဟုတ်ပါဘူး၊ လူသားမှန်သမျှဒီအတိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့သဘော ဖြစ်ပါတယ်။ ဒါကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားနေစဉ်မှာပဲ အရာရှိများ စိတ်မ၀င်စားဘဲ အိပ်ငိုက်နေသလိုလို သတင်းစာ ဖတ်နေသလိုလို ယုံထင်ကြောင်ထင် အဖြစ်မျိုးဖြစ်အောင် သိက္ခာမဲ့ကာ အောက်တန်းကျ အဆင့်အတန်းမရှိသော လုပ်ရပ်ဖြင့် ၎င်းတို့ Online Media မှာဖော်ပြခဲ့တာပါ။ ဒါကြောင့် လူထု အကြားမှာ တရားဝင်ရပ်တည်နေတဲ့ သတင်းမီဒီယာတစ်ခုအနေဖြင့် အခုလိုမျိုး ပြည်သူလူထု အနေနဲ့ အထင်မှား၊ အမြင်မှားဖြစ်အောင် မပြုလုပ်သင့်ကြောင်းနဲ့ ၎င်းမီဒီယာရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး တပ်မတော်ကို ပြန်လည်တောင်းပန်သင့်ကြောင်း ရေးသားလိုက်ရပါတယ်။

                                                                                           ကိုမဏ္ဍိုင်(ဆင်ဖြူကျွန်း)

No comments: