Tuesday, March 12, 2013

တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ပထမဆုံး အကြိမ်ဆွေးနွေးခဲ့သော အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတ်လ ၁၁ ရက်နေ့ ည ၁၂ နာရီ ၄၅ မိနစ်တွင်အဆုံးသတ်အပစ် အခတ်ရပ်ဆိုင်းရေးရသည်အထိ ဆွေးနွေးပွဲများ ဆောင်ရွက်ရန် အစည်းအဝေး မှတ်တမ်း၌ လက်မှတ်ရေးထိုး

Tuesday, March 12,2013
နှစ်ဖက်စလုံးမှ စစ်ဘက်ရေးရာ ခေါင်းဆောင်များ ပါဝင်ခဲ့ပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကိုပထမ ဆုံးအကြိမ် အဖြစ် ဆွေးနွေး ခဲ့သော အစိုးရ ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လုပ် ငန်း ဖော်ဆောင်ရေး ကော်မတီနှင့် KIO ၏ ငြိမ်း ချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ ၏ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲကို မတ်လ ၁၁ ရက်နေ့ နံနက် ပိုင်းက တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျင်းချိန် (Jind Cheng) ဟိုတယ်၌ ပြုလုပ်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့ ည ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ပါသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မြန်မာ စံတော်ချိန်နံနက်၉နာရီ(တရုတ်စံတော်ချိန် နံနက် ၁၀ နာရီ မိနစ် ၃၀) အချိန်က စတင်ခဲ့ခြင်း ဖြစ်ပြီး နေ့လည်စာ စားပြီးချိန်တွင် အစည်းအဝေးကို ခေတ္တရပ်နားခဲ့ပါသည်။ ထို့နောက် ည ၉ နာရီ အချိန်တွင် ပြန်လည် စတင်ခဲ့ကာ ည ၁၂ နာရီ ၄၅ မိနစ်အချိန် တွင် ပြီးဆုံး ခဲ့ခြင်း ဖြစ်ပါသည်။

ဆွေးနွေးပွဲအပြီးထုတ်ပြန်ခဲ့သောပူးတွဲ ကြေညာချက်တွင်စစ်မှန်သော နိုင်ငံရေး ဆွေးနွေးပွဲများကိုစတင်နိုင်ရေးအတွက်အပြန်အလှန်နားလည်မှု၊ လေးစားမှု၊ယုံကြည်မှုများကိုအခြေခံပြီးအပစ်အခတ်ရပ်ဆိုင်ရေးရရှိသည်အထိ ဆွေးနွေးပွဲများကို ဆောင်ရွက်ရန် သဘောတူညီခဲ့ပြီး အဆိုပါ သဘောတူညီချက်ကို အစည်းအဝေးမှတ်တမ်း၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

"ဒီနေ့ကတော့ အပစ်အခတ် ရပ်စဲရေး၊ နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲတဲ့ အချိန်အထိ ဆက်လက် လုပ်ဆောင်ဖို့ ဆိုပြီး ဆုံးဖြတ်ချက် ချလိုက်တယ်။ ရှေ့ဆက်ပြီးတော့လည်း နှစ်ဦး နှစ်ဖက် ညှိနှိုင်းပြီးတော့ အပစ်အခတ် ရပ်စဲရေးကို ဆက်လက် ဆောင်ရွက်သွားမယ် ဆိုပြီးတော့ ဆုံးဖြတ်လိုက်တယ်။ ဒီနေ့ရဲ့ ရလဒ်ကတော့ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး ဆက်လက် ဆောင်ရွက်မယ်ဆိုတာ နှစ်ဦးနှစ်ဖက် သဘောတူညီချက် ရတာဟာ ဒီကနေ့ ဆွေးနွေးပွဲရဲ့ အဓိက ရလဒ်ပါပဲ”ဟု ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောပါသည်။

"ဒီနေ့ ရလဒ်ကတော့ အစည်းအဝေးမှတ်တမ်းမှာ ကျွန်တော်တို့ မှတ်တမ်းတင်ထားပြီးတော့ အရေးကြီး အချက်ကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်လာတဲ့ အထိ လုပ်သွားမယ်။ ပြီးတော့ ခိုင်မာတဲ့ အပစ်အခတ် ရပ်ဆိုင်းရေးသဘောတူညီချက်ရတဲ့အထိဆက်လက် ဆောင်ရွက်သွားမယ်ဆိုတဲ့ အချက်က အရေးကြီးပါတယ်"ဟု KIO/KIA မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောပါသည်။

စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ တက်ရောက်ခဲ့သည့် မတ်လ ၁၁ ရက်နေ့ ဆွေးနွေးပွဲတွင် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ၊ နှစ်ဖက်တပ်များ နေရာထပ်နေမှုကို ရွှေ့ဆိုင်းရေး ဆိုင်ရာ ကိစ္စရပ်များအပြင် အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ် ရေးထိုးနိုင်ရန် ကြိုးပမ်းမည် ဟူ၍သတင်းများထွက်ပေါ်ခဲ့ပါသည်။သို့သော် ဆွေးနွေးပွဲအပြီးတွင် အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီချက် စာချုပ် လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်း မရှိဘဲ အစည်းအဝေးမှတ်တမ်း၌ လက်မှတ်ရေး ထိုးသော အဆင့်အထိသာ ရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။

"အပစ်အခတ် ရပ်ဆိုင်းရေး စာချုပ်ချုပ်နိုင်တဲ့အထိ ရောက်ဖို့အတွက် ကျွန်တော်တို့ အပြန်အလှန် နားလည်မှုတွေ၊ ကြိုတင် ပြင်ဆင်မှုတွေ လိုပါတယ်။ ဒါပေမဲ့ ဒီကနေ့ ကျွန်တော် ပြောတာက အပစ်အခတ် ရပ်ဆိုင်းရေး စာချုပ် လုပ်နိုင်တဲ့အထိ အကောင်အထည် ဖော်မယ်လို့ ကျွန်တော် တို့(အစည်းအဝေး မှတ်တမ်းတွင်)လက်မှတ် ရေးထိုးထားတာ ဖြစ်ပါတယ်။ ခိုင်မာတဲ့ ဆိုတာက အမျိုးမျိုး ရှိပါတယ်။ တစ်ဖက် နဲ့တစ်ဖက် ဘယ်လောက် ယုံကြည်မှု ပေးနိုင်သလဲ။ ပြီးတော့ ပေးပြီးသား ကတိတွေအပေါ်မှာ ကျွန်တော်တို့ကဘယ်လောက်လိုက်လျောနိုင်သလဲ။ ပြီးတော့ ရှေ့လုပ်ငန်းစဉ်တွေကို ဘယ်လောက် ညှိနှိုင်း နိုင်သလဲဆိုတဲ့ အပေါ်မှာ မူတည်မှာပါ။ ဒါကို ကျွန်တော်တို့က ခိုင်မာသောလို့ ပြောတာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ဒီကိစ္စကို အခိုင်အမာ ဖြစ်တဲ့ အပစ်အခတ်ရပ်ဆိုင်းရေး ရသည်အထိ ကြိုးပမ်းကြမယ် ဆိုတဲ့ဟာကို အစည်းအဝေး မှတ်တမ်းမှာ လက်မှတ်ရေးထိုးတာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် ဂွမ်မော်က ဆက်လက် ပြောကြားခဲ့သည်။

တပ်မတော်နှင့် KIO/KIA တို့ အကြား ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် အစိုးရဘက်မှ အပစ်အခတ် ရပ်စဲရေးကို ဦးစွာ လိုလားပြီး KIO/KIA ဘက်ကမူ အပစ်အခတ် ရပ်စဲရေးထက် နိုင်ငံရေး ဆွေးနွေးမှုကို အကောင်အထည် ဖော်ရန် အစဉ်တစိုက် တောင်းဆိုခဲ့ပါသည်။ မတ်လ ၁၁ ရက်နေ့ ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်ဆိုင်းရေးဆိုင်ရာ ကိစ္စရပ်ကို KIO/KIA ဘက်မှ မူအားဖြင့် လက်ခံခဲ့ပြီး နိုင် ငံရေး ဆွေးနွေးပွဲများကို စတင်နိုင်ရေး အတွက် အပြန်အလှန်နားလည်မှု၊ လေးစားမှု၊ယုံကြည်မှုများကို အခြေခံကာအပစ်အခတ်ရပ်ဆိုင်ရေးရရှိသည်အထိ ဆွေးနွေးပွဲများကို ဆောင်ရွက်ရန် သဘောတူညီ ခဲ့ခြင်း ဖြစ်ပါသည်။

မတ်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် ခိုင်မာသော အပစ်အခတ်ရပ်ဆိုင်းရေး ရရှိသည်အထိ ဆောင်ရွက်ရန်သဘောတူညီခဲ့သည့်နည်းတူ ပြဿနာ ဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက်တပ်ဖွဲ့များ ဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် ညှိနှိုင်း ဆောင်ရွက်ရန်၊ လိုအပ်သည့် ညွှန်ကြားချက်အမိန့် များကို နှစ်ဖက်တပ်များသက်ဆိုင်ရာ အောက်ခြေတပ်ဖွဲ့များအထိ ရောက်ရှိအောင်ညွှန်ကြားရန်ပဋိပက္ခ ဖြစ်ပွားသော ရှေ့တန်းစစ် မြေပြင်များကိုကွင်းဆင်း လေ့လာ စောင့်ကြည့်နိုင်ရေးအတွက်နှင့် နှစ်ဖက်ပိုမိုနီးကပ်စွာညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက်ညှိနှိုင်းစောင့်ကြည့်ရေးရုံးများကို နှစ်ဖက် ညှိနှိုင်း၍ လိုအပ်သလို ထားရှိသွားရန် အစရှိသည်တို့ကိုလည်း သဘောတူညီခဲ့ကြပါသည်။

ဆွေးနွေးပွဲ ပြီးဆုံးချိန် နောက်ကျသွားခြင်းမှာမပြေလည်သည်များကို ပြေလည်မှုရရှိစေရန်အတွက် ဆွေးနွေး ဆောင်ရွက်နေရခြင်းကြောင့် ဖြစ်သည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောသည်။

“မပြေလည်တာတွေကို ပြေလည်အောင် ဆွေးနွေးနေရတဲ့ အပိုင်းလေးတွေ ရှိနေတာကိုး။ အဲဒီ အတွက်လည်း ဒီနေ့ နောက်ကျသွားတာပါ။ ဘယ်အပိုင်းလဲဆိုတော့ အဓိက ကတော့ နှစ်ဦးနှစ်ဖက် ညှိနှိုင်းမှု အပိုင်းလေးတွေပေါ့။ နှစ်ဦးနှစ်ဖက် ညှိနှိုင်းတယ်ဆိုတာကတော့ အများကြီး ပါတာပေါ့။ ဒါလေးတွေကို ဆက်လက်ပြီး ညှိနှိုင်းနေတဲ့ အတွက်ကြောင့် ဒါ နည်းနည်းလေး ကြာသွားတာပါ”ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောသည်။

မူတစ်ခုကိုဦးစွာချပြီးအချက်များကို ဆွေးနွေးရသဖြင့် နောက်ကျခြင်းဖြစ်ကြောင်းနှင့် တစ်နှစ်ကြာ ဖြစ်ပွား ခဲ့သော တိုက်ပွဲများကို ဆွေးနွေးရာတွင် တစ်ရက်နှင့် တစ်ည ကုန်လွန်သွားခဲ့ခြင်းမှာ ကြာသည်ဟု မပြောနိုင်ကြောင်း ဗိုလ်ချုပ် ဂွမ်မော်က ပြောပါသည်။

တရုတ်အစိုးရ၏ စီစဉ်ပေးမှုဖြင့် ထပ်မံ တွေ့ဆုံခဲ့သော မတ်လ ၁၁ ရက်နေ့ ဆွေးနွေးပွဲတွင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အပြင် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်နှင့် ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ကျော်စိုးဝင်းတို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

KIO/KIA ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆွမ်လွတ်ဂမ်က ဦးဆောင်ခဲ့ပြီး KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် အက်စ် ဂွမ်မော်၊ ဗိုလ်မှူးကြီး ဇော်ရော်၊ ဗိုလ်မှူးကြီး လဖိုင်လ၊ ဗိုလ်မှူးကြီး ခွန်နောင်၊ ဆလန်ကဘာ ခွန်နောင်၊ ဗိုလ်မှူးကြီး ဇော်တောင်၊ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူ၊ ဗိုလ်မှူး ဆင်းခေါနှင့် ဦးနော်ထွဲ တို့ ပါဝင်ခဲ့ကြပါသည်။

ဆွေးနွေးပွဲသို့ အသိသက်သေများ အနေဖြင့် တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သံမှူးကြီး Mr.Wang Zongying နှင့် အဖွဲ့ဝင် နှစ်ဦး၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့၏ ကိုယ်စားလှယ်များအဖြစ် ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ဒေးဗစ်သာကပေါ မွန်ပြည်သစ် ပါတီ (MNSP) ၏ ဥက္ကဋ္ဌ နိုင်ထောမွန်၊ ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO ) ဥက္ကဋ္ဌဦးခွန်ဥက္ကာနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)မှဦးခူဦးရယ်တို့တက်ရောက်ခဲ့ကာ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA) မှ ဗိုလ်မှူးကြီး စိုင်းတူးနှင့် ဗိုလ်မှူး ဘထွန်း၊ ရှမ်းပြည် တပ်မတော် (RCSS/SSA) မှ ဗိုလ်မှူးချုပ် စိုင်းလူနှင့် ဗိုလ်မှူး စိုင်းဦး၊ အမျိုးသားဒီမိုကရက် တစ်မဟာမိတ်တပ်မတော်(ရှမ်းပြည်နယ် အရှေ့ပိုင်း) (NDAA/ESS) မှ ဦးအိုက်ရှားလနှင့် ဦးခမ်းမောင် တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ ထို့အပြင် မြစ်ကြီးနား အခြေစိုက် ကချင်ပြည်နယ် ငြိမ်း ချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) မှ ဦးယွပ်ဇော်ခေါင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲ မစတင်မီ ရက်ပိုင်းအလိုက “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSP/UWSAမှဒုတိယစစ်ဦးစီးချုပ် ကျောက်ကျုံးတန်းနှင့် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် လီးကျူးလျဲ့(ခေါ်) ဦးအောင်မြင့်တို့ တက်ရောက်မည်ဟု သတင်းထွက် ပေါ်ခဲ့သော်လည်း တရုတ်အစိုးရမှ ပြည်ဝင်ခွင့် မပေးခဲ့သည့်အတွက် ၎င်းတို့နှစ်ဦး တက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း စုံစမ်း သိရှိရပါသည်။

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့်KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ သည် ဖေဖော်ဝါရီလ၄ရက်နေ့က နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ပြီးထိုသို့ တွေ့ဆုံဆွေးနွေးခဲ့စဉ်က နှစ်ဖက်ခိုင်မာသည့်စစ်ပြေငြိမ်းရေးကိုအလျင်အမြန်အကောင်အထည်ဖော်ရန်သဘောတူညီကြကြောင်း
ဆွေးနွေးမှုအပြီး ထုတ်ပြန်ခဲ့သော ပူးတွဲ ကြေညာချက်တွင် ဖော်ပြခဲ့ပါသည်။

ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့များသည် ဖေဖော်ဝါရီလ မတိုင်မီအချိန်တွင် ထပ်မံတွေ့ဆုံရန်အတွက် ကြိုတင် စီစဉ်ခဲ့သော်လည်း အစိုးရဘက်မှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသများတွင် စစ်အင်အား တိုးချဲ့မှုများ ဆက်လက် ပြုလုပ်နေသည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ပြီး ထိုသတင်း များကြောင့် ဆွေးနွေးပွဲရက် နောက်ဆုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO တို့သည် တရားဝင်နှင့် အလွတ်သဘော (၁၂) ကြိမ်ခန့် တွေ့ဆုံခဲ့ပြီး ထိုသို့ တွေ့ဆုံခဲ့သည့်အကြိမ်တိုင်းတွင် အပစ်အခတ်ရပ်စဲရေး ထက် နိုင်ငံရေး ဆွေးနွေးပွဲများ ဖော်ဆောင်ရန်KIOဘက်မှအကြိမ်ကြိမ် တောင်းဆိုမှုများ ပြုလုပ်ခဲ့ပါသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့်KIO/KIAကိုယ်စားလှယ်အဖွဲ့တို့တရုတ်နိုင်ငံ ရွှေလီ မြို့၌ တွေ့ဆုံခဲ့စဉ်က နှစ်ဖက်တပ်များ နေရာ ပြောင်းရွှေ့ရေး ကိစ္စရပ်များကို ဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း KIO/KIA ဘက်မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် အက်စ်ဂွမ်မော် တက်ရောက်ခဲ့ခြင်း မရှိသည့်အတွက် ကာကွယ်ရေး ၀န်ကြီးဌာနမှ အထူးစစ်ဆင်ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးလည်း တက်ရောက်ခြင်း မပြုခဲ့သဖြင့် စစ်ရေး အဖြေထွက်ပေါ်ခဲ့ခြင်း မရှိသည့်အပြင် ဒီဇင်ဘာလအတွင်း၌ စစ်ရေးအရှိန်များ မြင့်တက်ခဲ့ပါသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ၂၀ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဒုတိယ အကြိမ် တွေ့ဆုံခဲ့ပြီး UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၁) ဖွဲ့နှင့် နိုင်ငံရေး ဆွေးနွေးရန် ခြေလှမ်း စတင်နိုင်ခဲ့ပါသည်။

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO အဖွဲ့တို့၏ နောက်တစ်ကြိမ် တွေ့ဆုံမှုကို ဧပြီလ (၁၀) ရက်နေ့ မတိုင်မီ ကျင်းပရန် သဘောတူထားပြီး ထပ်မံ တွေ့ဆုံမှုတွင်လည်း စစ်ဘက်ဆိုင်ရာ အရာရှိများ ပါဝင်မည်ဟု သိရှိရပါသည်။

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO တို့၏ ဆွေးနွေးပွဲနှင့် ပတ်သက်သော သဘောထား အမြင်များ

ငြိမ်းချမ်းရေး ရဖို့အတွက်ဆိုရင် တပ်မတော် မပါဘဲနဲ့ မရဘူးပေါ့။ တပ်မတော်က မပါလို့ မရတဲ့ အတွက်ကြောင့် မလို့ ဒီနေ့ တာဝန်ရှိတဲ့ လူတွေ ပါလာတယ်။တကယ်တွေ့တဲ့အခါမှာ အကောင်း ဆုံး ဖြစ်မယ်လို့ မျှော်လင့်တယ်။ အခုကတော့ လတ်တလော ဖြစ်နေတဲ့ အခြေအနေပေါ်မှာ ကျွန်တော် တို့က အပစ်အခတ် ရပ်စဲ နိုင်ဖို့အတွက် ကြိုးစားတာ ဖြစ်ပါတယ်။ တပ်ရွေ့ဆိုင်းရေး ကိစ္စတွေကတော့ ကျန်တဲ့အပိုင်းတွေ ပြီးသွားပြီဆိုရင် ဆက်လက် ဆောင်ရွက်မှာပါ။

ခိုင်မာတဲ့အပစ်အခတ်ရပ်စဲရေး ဖြစ်ဖို့ဆိုတာက နှစ်ဦးနှစ်ဖက် ညှိနှိုင်းမှုတွေ ဆက်လုပ်ရမှာ။ ဥပမာ အားဖြင့် နှစ်ဖက် နီးကပ်စွာရှိတဲ့ တပ်တွေ၊ အဲဒီ တပ်တွေ အပိုင်းပါ ဆက်လက်ပြီးတော့ ညှိနှိုင်းမှုတွေ လုပ်ရမှာ ဖြစ်တယ်။ လတ်တလောက နှစ်ဖက်အပစ်အခတ်ရပ်စဲရေးကိုဦး တည်ပြီးတော့ ဆောင် ရွက်တာ ဖြစ်တဲ့ အတွက်ကြောင့် (ညှိနှိုင်း စောင့်ကြပ်ရေး ရုံးများကို) ဘယ်နေရာတွေမှာ အရေးကြီး တဲ့ ရှေ့တန်းနေရာတွေမှာ ဦးစားပေးပြီးတော့ ဒီကနေ့ ဆောင်ရွက်မှာပါ။ နောက်ပိုင်းမှာတော့ ဆက်ဆံရေး ရုံးတို့ ဘာတို့ ဖြစ်လာနိုင်ပါတယ်။

လတ်တလောအနေအထားမှာတော့ ရှေ့တန်းနေရာတွေ ဦးစားပေးပြီးတော့ ဘယ်နေရာတွေမှာထားသင့် သလဲဆိုတာဆက်လက်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နှစ်ဖက်တပ်တွေ နယ်မြေခွဲခြားဖို့ ဆိုတာကတော့ ဥပမာအားဖြင့် ထိတွေ့နေတဲ့ နေရာတွေ ရှိတာပေါ့။ ဒါတွေကတော့ နောက်ပိုင်းတွေမှာ ဆက်လက်ပြီးတော့ ဆွေးနွေးတဲ့ အပိုင်းတွေမှာ ပါသွားပါမယ်။

(ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး)

တပ်မတော်ကလည်း ငြိမ်းချမ်းရေးကို လိုလားတယ်။ ထိုနည်းလည်းကောင်းပဲ KIO ကလည်း ငြိမ်းချမ်းရေး ကို လိုလားတယ်။ ဖြစ်အောင် လုပ်ကြမယ်ဆိုတဲ့ သဘောထားပေါ့လေ။ မူအရကို ဆွေးနွေးပြီးမှပဲ လက်တွေ့ကို ကျွန်တော်တို့ သွားရမယ်။ ကျွန်တော်တို့ ဘယ်လောက် နားလည်ကြသလဲ။

ဘယ်လောက် မြန်မြန်ပြန်ပြီး ဆွေးနွေးနိုင်မလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်။ ဒီနေ့ ရလဒ်ကတော့ နိုင် ငံရေး ဆွေးနွေးပွဲတွေ ဖြစ်လာတဲ့ အထိ လုပ်သွားမယ်။ ပြီးတော့ ခိုင်မာတဲ့ အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူညီချက် ရတဲ့အထိ ဆက်လက် ဆောင်ရွက်သွားမယ်ဆိုတဲ့ အချက်က အရေးကြီးပါတယ်။ ယုံကြည်မှုဆိုတာ လက်တွေ့မှာ တစ်ဆင့်ချင်း လုပ်သွားရင်းနဲ့ လက်တွေ့ အကောင်အထည် ဖော်ရင်းနဲ့ ယုံကြည်မှု တည်ဆောက်သွားဖို့ မျှော်လင့်ပါတယ်။ အခု လောလောဆယ်တော့ လုပ်ကြမယ်ဆိုတဲ့ ကတိက၀တ် ဖြစ်ပါတယ်။ ဒီကတိက၀တ်တွေ တစ်ဆင့်ချင်း လုပ်ကြရင်းနဲ့ ကျွန်တော်တို့က ယုံကြည်မှုတွေ တည်ဆောက်သွားမယ်။

ပိုပြီးမှလည်းခိုင်ခိုင်မာမာ ဖြစ်သွားမယ်လို့ မျှော်လင့်တာပါ။ တပ်ကိစ္စကတော့ အပစ်အခတ် ရပ် ဆိုင်းရေး ကို ရောက်နိုင်ဖို့အတွက် ကျွန်တော်တို့က ကြိုးစားသွားမယ်။ ဒီတစ်ကြိမ်ထဲမှာပဲ လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ တိုက်ပွဲတွေကိုအရှိန်လျော့နိုင်သလိုပဲဆက်လက်ပြီးတော့ ဆွေးနွေးရင်း ဆွေးနွေးရင်းနဲ့ ကျွန်တော်တို့က တိုက်ပွဲတွေကို လျော့သွားမယ်။ ခိုင်မာတဲ့ အပစ်အခတ်ရပ် စဲရေး ရောက်အောင် သွားကြမယ်ဆိုတဲ့ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုဖို့အတွက် သဘော တူညီချက်တွေ လုပ်ဆောင်ချက်တွေ နားလည်မှုတွေ လိုတယ်။ တပ်ဘက်ကနေ ပြောတာက အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ချင်တယ်။

ကျွန်တော်တို့ ပြောတာကလည်းအပစ်အခတ်ရပ်စဲရေးစာချုပ် ရောက်ဖို့အတွက် ပြင်ဆင်ရဦးမယ်။ တစ်ချိန် ချိန်မှာတော့ ဒီအဆင့်ကို ရောက်သွားမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ ကတော့ ကောင်းမွန် တဲ့အဖြေကိုရှာမယ်။ ပြီးတော့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ကျွန်တော်တို့ အမြဲပဲ စဉ်းစားပါတယ်။

(KIO/KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်)

အခုချိန်မှာတော့ အားလုံးကို ထိတွေ့မှု နည်းပါးအောင် အခြေအနေတွေကို ထိန်းသိမ်းထားပါတယ်။ ထိန်းသိမ်းထားတယ် ဆိုတာက သွားတာ လာတာ လှုပ်တာ ရှားတာ အကုန်လုံး ကျွန်တော်တို့ လမ်းကြောင်းတွေကအစ စနစ်တကျ သတ်မှတ်ပြီးတော့ သွားခိုင်းထားပါတယ်။ ပုံမှန်အတိုင်း လမ်းကြောင်းတွေ လည်း ကျွန်တော်တို့ သွားနေတာပါပဲ။ လျော့ပါးအောင် လုပ်တဲ့ အပိုင်း မှာတော့ တော်တော်လေး ထိရောက်မှု ရှိပါတယ်။

သူတို့ဘက်ကလည်း ကျွန်တော်တို့ကို ပစ်ခတ်တိုက်ခိုက်တာတွေ မရှိသလောက် နည်းသွားပါပြီ။ ထပ်ပြီးတော့ အမိန့် ညွှန်ကြားချက် ထုတ်ဖို့ဆိုတာ ဒီရလာဒ် အပေါ်မှာပဲ မူတည်ပါတယ်။ ဆွေးနွေးပွဲ ရလဒ်ကို မူတည်ပြီးတော့ သွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကိစ္စတွေ၊ ဒါတွေလည်း ကျွန်တော်တို့ က ပြန်ပြီးတော့ ပြောစရာလည်း အကြောင်းတော့ မရှိပါဘူး။

သို့သော်လည်း အပစ်အခတ် တကယ်မရပ်ဘဲနဲ့တော့ မြေပြင်မှာ တကယ်ဖြစ်ပေါ်နေတဲ့ အနေအထားမှာ ဘယ်သူမှားတယ် ဘယ်သူ မှန်တယ် ဆိုတာတော့ နှစ်ဖက်လုံး ပြောလို့ မရဘူး။ ပြောလို့ မရတဲ့ အတွက်ကြောင့် ဒါလေးတွေတော့ရှိတော့ရှိခဲ့တယ်။ ပြီးခဲ့တဲ့အရာတွေကိုတော့ ပြန်ပြီးတော့ ဆွေးနွေးစရာ အကြောင်းမရှိပါဘူး။ ရှေ့ဆက်သွားဖို့ပဲ။ ဒါကိုပဲ ဦးတည်ပြီးတော့ လုပ်ရမှာပါ။ကျန်တဲ့ဟာတွေတော့ ကန့်လန့်ကာချပြီးတော့ ရှေ့ဆက်သွားရမှာတွေ လုပ်ရမှာပါ။ ဒါတွေ ဆွေးနွေးလို့လည်း အကျိုး မရှိပါဘူး။

(မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်)

နှစ်ဦးနှစ်ဖက် နားလည်မှု ရှိပြီးတော့ နောက်ဆုံး ကျွန်တော်တို့ အပစ်ရပ်စဲတာ မဟုတ်ဘဲနဲ့ ကျွန်တော်တို့ လုံးဝ ငြိမ်းချမ်းသွားတဲ့အထိ ဆွေးနွေးချင်လို့ အဆင့်ဆင့် ဆွေးနွေးနေခဲ့တာပေါ့။

ကျွန်တော်တို့KIOအနေနဲ့ တွေ့ဆုံ ဆွေးနွေးရေးအတွက် အမြဲတန်း ကြိုးပမ်းနေတယ်။ ဆွေးနွေးသွားရင်း နဲ့ပဲ ပစ်ခတ်တိုက်ခိုက်မှုတွေ လျော့နည်း သွားမယ့် အခြေအနေ လုပ်မယ်။ နောက်ဆုံး လုံးဝ ငြိမ်းချမ်း သွားတဲ့ အခြေအနေထိရောက်အောင် တစ်ဆင့်ချင်းစီ ဆွေးနွေးချင်တယ်ပေါ့။

(KIA စစ်ရေးချုပ်ရုံး၊ ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဇော်တောင်)

ကျွန်တော့် အမြင်ကတော့ အပစ်အခတ်ရပ်ဖို့ဆိုတဲ့ သဘောတူညီချက် တစ်ခု ရဖို့ဆိုတာအဲဒီအထဲ မှာအသေးစိတ်ဘယ်လိုဆက်လက် ဆောင်ရွက်ရမယ်ဆိုတဲ့ အပိုင်းတွေက တော်တော်လေး ဆွေးနွေးရ မှာ ဖြစ်တယ်ခင်ဗျ။ ဒါကြောင့် KIO ကလည်းပဲ ဗဟိုကို ပြန်တင်ပြထားတယ်ဆိုတော့ ဟိုကနေ ဘယ်လို အကြောင်းပြန်လာမလဲဆိုတဲ့ အပေါ်မှာပဲ ကျွန်တော်တို့ ပြန်ပြီး ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ နံပါတ်တစ်အနေနဲ့ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ ကိစ္စအပေါ် ဆွေးနွေးတယ်။ အဲဒီ အပေါ်မှာ KIO ဘက်က မူအရတော့ လက်ခံတာပေါ့။ ဒုတိယ အချက်အနေနဲ့က ဆက်သွယ်ရေး လမ်းကြောင်းပေါ့။ ထားရှိဖို့ ကိစ္စ၊ ဒါကတော့ ဟိုတစ်ခေါက်က ပြောတဲ့ အတိုင်းပဲ ဆက်သွယ်ရေးကို ဘယ်လို ဆက်သွယ်ကြမယ်။ ဒါကတော့ ပြီးသွားပြီ။ နောက် နှစ်ဦးနှစ်ဖက် ဆက်သွယ်နိုင်ဖို့အတွက် ဆက်ဆံရေးရုံး ထားရှိဖို့အတွက် နေရာ ဘယ်နေရာ ဖြစ်ဖြစ် ထားဖို့ ဆိုတာ ဆွေးနွေးတယ်။ ပြီးလို့ရှိရင် IDP တွေနဲ့ ပတ်သက်ပြီးတော့ ပြန်လည်ထူထောင်ဖို့အတွက်သူတို့ ပြောတယ်။ ဆွေးနွေးကြ တယ်။ နောက်ပြီးတော့ မြစ်ကြီးနား-န်းမော်လမ်းကို ပြည်သူလူထုအားလုံး သွားလာနိုင်ဖို့အတွက် ဖွင့်လှစ်ဖို့ အဲတာကို ဆွေးနွေးကြတယ်။

(ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာ)

Eleven Media Group

KIO/KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး

No comments: