Thursday, June 27, 2013

လစ်လပ်မဲဆန္ဒနယ် ၁၅ နေရာ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည် မဟုတ်ဟုဆို


Thursday, June 27, 2013


ပြည့်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့တွင် လစ်လပ်လျက် ရှိသော မဲဆန္ဒနယ် ၁၅ နေရာတွင် ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်ပေးရန် အစီအစဉ်မရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ပြောကြားသည်။

ဇွန်လ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က လစ်လပ် မဲဆန္ဒနယ် ၁၅ နေရာတွင် ဒုတိယအကြိမ်မြောက် ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်ပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းရာ ၎င်းက ယင်းကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။


ဒုတိယအကြိမ် ကြားဖြတ် ရွေးကောက်ပွဲအတွက် လစ်လပ်လျက် ရှိသော မဲဆန္ဒ နယ်မြေများမှာ ပြည်သူ့ လွှတ်တော်တွင် ခြောက်ဦး၊ အမျိုးသားလွှတ်တော်တွင် လေးဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် တို့တွင် ငါးဦးတို့ ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေနှင့် ၂၀၁၅ ခုနှစ်တွင် ပါတီစုံ ရွေးကောက်ပွဲကျင်းပနိုင်ရန် အတွက် အဓိက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေခြင်း၊ မဲဆန္ဒရှင်များကို အသိပညာပေးရေး၊ မဲဆန္ဒရှင် စာရင်းပြုစုနေခြင်းကြောင့် လစ်လပ်လျက်ရှိသော မဲဆန္ဒ နယ်မြေများတွင် ရွေးကောက်ပွဲများမကျင်းပနိုင် ရခြင်း ဖြစ်သည်ဟု ဦးတင်အေးက ကထပ်လောင်း ပြောကြားသည်။

“နိုင်ငံသား အခွင့်အရေးတွေ မဆုံးရှုံးရအောင် ရွေးကောက်ပွဲများ ကျင်းပပေးရန် လိုအပ်တယ်” ဟု ဦးဝင်းမြင့် က ဆိုသည်။ ကြားဖြတ် ရွေးကောက်ပွဲများကို မည်သည့် အချိန်တွင် ပြုလုပ်ရမည်ဆိုသည့် ဥပဒေမရှိသော ကြောင့် လွှတ်တော်က အချိန်ကာလ သတ်မှတ်၍ ရွေးကောက်ပွဲ ဥပဒေများတွင် ထည့်သွင်းပေးလျှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကောက်မရှင်မှ ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်ပေးနိုင်မည် ဖြစ်ကြောင်း ဦးတင်အေး က ပြောကြားသည်။

နိုင်ငံတကာတွင် ကြားဖြတ် ရွေးကောက်ပွဲကို မည်သည့်အချိန်တွင် ကျင်းပရ မည်ဆိုတာကိုသတ်မှတ် ပေးထားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်က ဆိုသည်။

၂၀၁၀ ပြည့်နှစ် ပါတီစုံ ရွေးကောက်ပွဲ ကျင်းပပြီးသည့်နောက် ပထမအကြိမ် ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ရက်နေ့တွင် ပြုလုပ်ခဲ့ရာ လစ်လပ်လွှတ်တော် ကိုယ်စားလှယ် ၄၅ နေရာအနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၄၃ နေရာ ရရှိခဲ့သည်။

The Voice Weekly

No comments: