Monday, June 17, 2013

သင်္ကန်းကျွန်းမြို့နယ်၊ မိကျောင်းကန် (၁/၂/၃) ရပ်ကွက်ရှိ ကျူးကျော်နေထိုင်သူများအား ဖယ်ရှားမှု



 ဒဂုံမြို့သစ်တောင်ပိုင်း၊ အမှတ် (၁၅၅) ရပ်ကွက်တွင် မိကျောင်းကန်မှ ဖယ်ရှားခံရသူများ အား နေရာချထားပေးခဲ့ပါသည်။ 

     သင်္ကန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း(၁/၂/၃)တွင် ကျူးကျော်နေထိုင်သူများအား ဇွန်လ (၁၆) ရက်နေ့ ညနေ (၃) နာရီခန့်မှစတင်ကာ ရန်ကုန်မြို့တော်စည်ပင်မှ ကား(၆)စီးဖြင့် ယာယီတဲ (၃၆)လုံးဖြင့် နေထိုင် လျက်ရှိသည့် လူဦးရေ (၂၁၀)ဦးတို့အား ဒဂုံမြို့သစ်တောင်ပိုင်း (၁၅၅)ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် ပြောင်းရွှေ့ နေရာချထားပေးခဲ့ကြောင်း သိရသည်။

          ကျူးကျော်နေထိုင်သူများအား ဖယ်ရှားမှုနှင့်ပတ်သက်ပြီး ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ပြည်တွင်းသတင်းမီဒီယာဌာနများမှ သတင်းထောက်များအပါအ၀င် အင်အား (၅၀) ဦးခန့် တက်ရောက်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ခဲ့ကြောင်း သိရှိရပါသည်။
          အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေမှ သင်္ကန်းကျွန်းမြို့နယ်၊ မိကျောင်းကန်အပိုင်း (၁/၂/၃)ရှိ မြေဧရိယာစုစုပေါင်း (၃၃.၈၅၅)ဧက သည် တပ်မတော်ပိုင်မြေဖြစ်ကြောင်းနှင့် ၎င်းမြေနေရာ တွင် နေထိုင်သူများအား ဇွန်လ(၂၃)ရက်နေ့တွင်မှ ရန်ကုန်တပ်မြို့ စည်ပင်အဖွဲ့မှ ဦးစီးပြီး ၁၉၅၅ခုနှစ်၊ အိမ်ဥပစာ နှင်ထုတ်ခြင်းပုဒ်မကိုသုံးစွဲပြီး ဖယ်ရှား ခဲ့သည့်အခြေအနေများကိုလည်း ရှင်းလင်းပြောကြားကြောင်း သိရှိရ ပါသည်။
သင်္ကန်းကျွန်းမြို့နယ်၊ မိကျောင်းကန်အပိုင်း(၁/၂/၃) ဖယ်ရှားခြင်းခံခဲ့ရသူများထဲမှ ကိုဝင်းမြင့် ဆိုသူ၏ ပြောဆိုချက်အရ အခုလိုဖယ်ရှားခြင်းမပြုမီ စစ်တပ်က ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလအတွင်း စိုက်ပျိုးမွေးမြူသူ တွေကို ခေါ်ယူဆွေးနွေးခဲ့ပြီးတော့ စစ်တပ်ပိုင်မြေက ဖယ်ရှားပေးဖို့ပြောဆိုရာမှာ စိုက်ပျိုးမွေးမြူသူတွေက အခု ကာလ ပြောင်းရွှေ့ပေးရရင် ကျောင်းသားတွေအနေနဲ့ တစ်ဝက် တစ်ပျက်ဖြစ်ပြီး အခက် အခဲရှိနိုင်ကြောင်းနဲ့ တစ်နေရာ မှာ အခြေချနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နိုင် ရန် အချိန် (၅)လ (၆)လ စောင့်ပေးဖို့နဲ့ ၂၀၁၃ ခုနှစ် မတ်လ (၃) ရက်နေ့မှာ ရွှေ့ပြောင်း လိုကြောင်း တောင်းဆိုတာကြောင့် စစ်တပ်ဘက်က လိုက်လျောခဲ့ပြီး ၂၀၁၃ ခုနှစ်၊ မတ်လ (၃) ရက်နေ့မှာ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပါတယ်။ မတ်လ (၃၁)ရက်နေ့မှာလဲ ဖယ်ရှားပေးခြင်း မပြုတဲ့အတွက် စစ်တပ်က ဧပြီလ(၂၂) ရက်နဲ့ (၂၃)ရက်နေ့တွေမှာ တစ်ကြိမ်ခေါ်ယူ အကြောင်းကြား ပါတယ်။ မေလ(၁)ရက်နေ့ မှာတော့ စိုက်ပျိုးမွေးမြူသူတွေကိုခေါ်ယူပြီး အသိပေးအကြောင်းကြားပြီး ဖယ်ရှားခြင်းမပြုပါက ဥပဒေအရ ဆက်လက်ဆောင် ရွက်မှာဖြစ်ကြောင်း ပြောကြား ပါတယ်။ မေလ (၉)ရက်နေ့မှာတော့ စစ်တပ်ကနေပြီး မေလ(၂၄) ရက်နေ့ နောက်ဆုံးထားပြီး ရွှေ့ပြောင်းဖို့ ထပ်ပြီးအကြောင်းကြားပါတယ်။ ဖယ်ရှားခြင်းမပြုပါက တပ်မြို့စည်ပင် အစီအစဉ်နဲ့ ဖျက်သိမ်း မှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ မေလ (၂၄) ရက်နေ့မှာလည်း မဖယ်ရှားပေးတဲ့အတွက် ဇွန်လ (၂)ရက်နေ့မှာ နောက်ဆုံးဖယ်ရှားဖို့ပြောပြီး ဇွန်လ (၁၃)ရက်နေ့မှာတော့ ဖယ်ရှားခြင်းခံရကြောင်း ပြောပြခဲ့ ပါသည်။

ကိုဝင်းမြင့်က ဆက်လက်ပြောကြားရာမှာ ကျွန်တော်တို့ ရန်ကုန်ကို ရောက်လာစဉ် လုပ်ကိုင်စားသောက် စရာမရှိခင်မှာ စစ်တပ်မှ လုပ်ကိုင်စရာနေရာပေးပြီး စီးပွားရှာခွင့်ပေးခဲ့တာ ဆယ်စုနှစ်တစ်စုကျော် ကြာခဲ့ပါပြီ။ လုပ်ကိုင်ခွင့်မပြုခင်ကတည်းကလဲ စစ်တပ်က အလိုရှိရင် ဖယ်ပေးဖို့ သဘောတူထားတာရှိတော့ ဘာပဲပြောပြော ဖယ်ပေးရမှာပဲလေ။ တစ်လုပ်စားဖူး သူ့ကျေးဇူး ဆိုတဲ့စကားလဲရှိတော့ ဘာမှမရှိခင်ကတည်းက လုပ်ကိုင်စား သောက်ခွင့်ပြုထားတာ၊ ကလေးတွေတောင် အထက်တန်းကျောင်းသားတွေဖြစ်နေပြီပဲ။ အေးအေးချမ်းချမ်း ဖယ်ပေး သင့်ပါတယ်လေ။ ယခုဆိုရင် ဖယ်ပေးခံရတဲ့အထဲမှာပါတဲ့ သက်ကြီးရွယ်ကြီးတွေ၊ ကလေးတွေကို ဆေးဝါးကုသ ပေးတယ်။ ဒဂုံမြို့သစ်တောင်ပိုင်း ပလပ်မြေမှာလဲ တစ်အိမ်ထောင် ပေ(၂၀x၃၀) မြေကွက်တွေလဲချပေးဖို့ စီစဉ် ထားတော့ ဘာပဲပြောပြော လက်ချည်းဗလာကနေ ကိုယ်ပိုင်မြေကွက် တစ်ခုရမယ်ဆိုလဲ အမြတ်ပါပဲ။ သူများပစ္စည်း ကို မတရား မယူကောင်းပါဘူး ဟု၎င်းက ပြောပြခဲ့ပါတယ်။

No comments: