Thursday, June 27, 2013

လူငယ် ၈ ဦး တက္ကသိုလ်တက်ဖို့ အရှင်ဆေကိန္ဒ ကူညီမယ်


Thursday, June 27, 2013



အထင်ကရ ဆရာတော်တပါးဖြစ်သည့် အရှင်ဆေကိန္ဒသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိမြန်မာစာသင် ကျောင်းတကျောင်းသို့ ယနေ့ ရောက်ရှိလာပြီး အထက်တန်းအောင်မြင်ပြီးသူများ တက္ကသိုလ်ပညာ ဆက်လက် ဆည်းပူးနိုင်ရန် အကူအညီပေးမည်ဟု မိန့်ကြားလိုက်သည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူ ၈ ဦး ရှိကြောင်း သိရသည်။

မဲဆောက်ရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတချို့ ပြင်ဆင်ရန်အတွက် ဆရာတော်က အလှူငွေများ ပေးအပ်ခဲ့သည်။
ဗုဒ္ဓဟူးနေ့ကလည်း မဲဆောက်မြို့ မြန်မာရွှေ့ပြောင်းကျောင်းများမှ ကလေးငယ်တို့အတွက်ဒေါက်တာအရှင် ဆေကိန္ဒ၏ အထူးတရားပွဲ ကျင်းပရာ ကျောင်းသူကျောင်းသား ၁,၀၀၀ ကျော် တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

ဆရာတော်ကမြန်မာကလေးငယ်များကို ၅ ပါးသီလနှင့် ပတ်သက်၍ အလွယ်တကူ သိရှိနားလည်စေမည့် အကြောင်းအရာများကို ဟောကြားခဲ့သည်။

အထူးတရားပွဲတွင် အထွေထွေဗဟုသုတဆိုင်ရာ အမေးအဖြေကဏ္ဍများကိုလည်း ထည့်သွင်းကျင်းပခဲ့ သည်။

မဲဆောက် CDC အထက်တန်းကျောင်းမှ မောင်အောင်အောင်က ”ကျွန်တော်တို့က ဗုဒ္ဓဘာသာကို မိရိုးဖလာ အနေအထားလောက်ပဲ သိထားတယ်၊ဒီတရားပွဲကျမှ ဆရာတော်နဲ့ ကျွန်တော်တို့ ပွင့်ပွင့် လင်းလင်း ဆွေးနွေးလိုက်မှ အနှစ်သာရအချို့ကို အခြေခံကျကျသိခဲ့ရတယ်။အထူးသဖြင့် ၅ ပါးသီလ နဲ့ ပတ်သက်ပြီး သိခဲ့ရတယ်။

ဒီလိုမြန်မာနိုင်ငံကဆရာတော်ကြီးတွေနဲ့ ဆွေးနွေးခွင့်ရတဲ့အခွင့်အရေးမျိုး နောက်ထပ်ရချင်ပါသေးတယ်” ဟု ဧရာဝတီသတင်းဌာနကိုပြောသည်။

တရားပွဲနှင့်အတူ ပူးတွဲပြုလုပ်သည့် ဆရာတော်နှင့် ဆွေးနွေးခြင်း အစီအစဉ်တွင် ပါဝင်ခွင့်ရသည့်အတွက် မိမိကိုယ်ကိုယုံကြည်မှု ပိုမိုဖြစ်ပေါ်စေသည်ဟုလည်း ကျောင်းသားများက ဆိုသည်။

သွေးသစ်ကျောင်းမှ ကျောင်းအုပ်ကြီးဆရာဇော်လွင်ဦးက ”ဆရာတော်အရှင်ဆေကိန္ဒရဲ့ ကလေးတရားပွဲ တွေက ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး ကလေးတွေကို ဆုံးမ သွန်သင်ပေးတာ အချိန်တိုတိုအတွင်းမှာ တကယ် ထိရောက်မှုရှိပါတယ်” ဟု သုံးသပ်ပြောဆိုသည်။

ကလေးတရားပွဲဖြစ်မြောက်ရေးအတွက် မဲဆောက်ကျောက်ဝိုင်းနှင့်မဲဆောက်ဈေးရှိမနောဖြူ စင်ရေလှူ အသင်းတို့မှ ကမကထပြုခြင်းဖြစ်ပြီး တရားပွဲလာ ကလေးငယ်များကိုနေ့လယ်စာ ထမင်းဟင်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

မဲဆောက်အပါအ၀င် ဆက်စပ် ၄ မြို့နယ်တွင် တာ့ခ်ခရိုင်ထိုင်းပညာရေးဌာနက အသိအမှတ်ပြုမြန်မာရွှေ့ ပြောင်းစာသင်ကျောင်း ၇၂ ကျောင်း ရှိကြောင်း၊ လက်ရှိတွင်မြန်မာကလေးငယ်နှစ်သောင်းခန့် ပညာသင် ကြားနေကြောင်း၊ အရွယ်ရောက်သော်လည်း ပညာသင်ကြားခွင့်မရသည့် ကလေးငယ်များအရေအတွက်မှာ သုံးသောင်းခန့်ရှိကြောင်း မြန်မာရွှေ့ပြောင်းပညာရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် NGO အဖွဲ့များက ပြောသည်။

ဧရာဝတီblog

No comments: