Sunday, 30 June 2013
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ၊ ငြိမ်းချမ်းရေး၊ ငွေကြေးဖောင်းပွမှု၊ မီဒီယာ လွတ်လပ်ခွင့်၊ နိုင်ငံရေး အကျဉ်းသားများနှင့် ဘင်္ဂါလီ အရေးကိစ္စများအားနှင့် ပတ်သက်၍ ပြည်ထောင်စု ၀န်ကြီးများနှင့် ဒုတိယ ၀န်ကြီးများသည် မီဒီယာများကို ဇွန် ၂၉ ရက်တွင် တွေ့ဆုံရှင်းလင်းခဲ့သည်။
နေပြည်တော်၊ စက်မှုဝန်ကြီး ဌာနတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲသို့ သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့်စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်း၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနနှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိများ တက်ရောက်ခဲ့ ကြသည်။ခင်ဗျားတို့ မီဒီယာတွေကလည်း ဒီမိုကရေစီ နိုင်ငံရောက်အောင် move လုပ်ပေးရမယ်။ အဲဒါဆိုရင် ကျွန်တော်တို့က ပိုခိုင်မာမယ်။ နောက်ပြန်လှည့်စရာလည်း အကြောင်းမရှိတော့ဘူး . . . . .
သတင်းစာ ရှင်းလင်းပွဲသို့ ပြည်တွင်း၊ ပြည်ပမီဒီယာများတက်ရောက်ခဲ့ပြီး မီဒီယာတွေ့ဆုံပွဲ အဖွင့်မိန့်ခွန်းတွင် သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက "အကြောင်းအရာတစ်ခုကျွန်တော်ပြောချင်တာက ဒီကနေ့ ကျွန်တော်တို့ အစိုးရအသစ် အနေနဲ့ ရွှေ့ပြောင်းလာတာ နှစ်နှစ်နဲ့ခြောက်လ၊ ခုနစ်လ ဖြစ်လာပြီ။ နောက်ထပ်လည်း လပေါင်း ၃၀၊ ၃၁ လ စသည်ဖြင့် ကျန်တဲ့အတွက်ကြောင့် ကြိုးပမ်းပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံဖြစ်အောင် ကြိုးပမ်းဆောင်ရွက် နေပါတယ်။ နောက်တစ်ချက်က လူမှုစီးပွားရေးဖွံ့ဖြိုးတိုး တက် အောင်ပေါ့။ အဓိကက ပြည်သူတွေ ၀င်ငွေတိုးအောင်၊ ပြည်သူတွေ နေမှုထိုင်မှု မြင့်မားလာအောင်၊ ပြည်သူတွေ ပျော်ရွှင်အောင် ဆောင်ရွက်နေပါတယ်။ တတိယ တစ်ခုက ငြိမ်းချမ်းရေး ရရှိအောင်ဆောင်ရွက် နေတယ်။ ဒါတွေကို တစိုက်မတ်မတ် ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ အစိုးရ တစ်ခုတည်းနဲ့ဒါတွေလုပ် လို့ မရပါဘူး။ ဖြစ်နိုင်ရင် မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ သန်း ၆၀ လုံး ၀ိုင်းတွန်းရင် ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်မှာပေါ့။ သန်း ၆၀ ရွှေ့ဖို့အတွက် Civil Society လို့ခေါ်တဲ့ လူမှုအဖွဲ့အစည်း တွေကလည်း move လုပ်ပေး ရမယ်။ အလားတူ ခင်ဗျားတို့ မီဒီယာတွေကလည်း ဒီမိုကရေစီ နိုင်ငံရောက်အောင် move လုပ်ပေးရမယ်။ အဲဒါဆိုရင် ကျွန်တော်တို့က ပိုခိုင်မာမယ်။ နောက်ပြန်လှည့်စရာလည်း အကြောင်းမရှိတော့ဘူး။ ဒါ့ကြောင့် ကျွန်တော်မေတ္တာ ရပ်ခံချင်တာက အခု မီဒီယာတွေ၊ အခု Freedom of Media တွေ ဖြစ်ပေါ်နေပါပြီ။ အဲဒီအဖွဲ့တွေ ကျွန်တော်တို့ကို ကူညီပါ။ move လုပ်ပေးပါ။ ကူညီပါဆိုတာ မှားတာကို မှန်တယ်လို့ ပြောဖို့ မဟုတ်ပါဘူး။ မှားတာမှန်သမျှ ခင်ဗျားတို့ ထောက်ပြရမယ်။ ဒီမိုကရေစီ အစိုးရဖြစ်အောင် ထောက်ပြရမယ်။ တွန်းအားပေးရမယ်။ ဒါ့ကြောင့် မီဒီယာတွေ အခန်းကဏ္ဍက အရေးကြီးပါတယ်" ဟု ပြောကြားခဲ့သည်။
မီဒီယာ တွေ့ဆုံပွဲတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ၊ ငြိမ်းချမ်းရေး၊ ငွေကြေးဖောင်းပွမှု၊ မီဒီယာ လွတ် လပ်ခွင့်၊ နိုင်ငံရေးအကျဉ်းသားများနှင့် ဘင်္ဂါလီ အရေးကိစ္စများအားနှင့် ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။
eleven media group

No comments:
Post a Comment