Thursday, June 27, 2013

စွမ်းအင်ဆိုင်ရာ မူဝါဒ ချမှတ်ပြီးပါက CNG အရောင်းဆိုင်များကို ပုဂ္ဂလိကနှင့် ပူးတွဲလုပ်ကိုင်ခွင့် ပေးဖွယ်ရှိနေ

Thursday, 27 June 2013


မြန်မာနိုင်ငံအတွက် နိုင်ငံတကာ စံနှုန်းနှင့် ကိုက်ညီသော စွမ်းအင်ဆိုင်ရာ မူဝါဒများ ချမှတ်ပြီးစီးပါက CNG အရောင်းဆိုင်များကို ပုဂ္ဂလိကနှင့် ပူးတွဲလုပ်ကိုင်ခွင့်ပေးရန် စီစဉ်ဖွယ် ရှိနေသည်ဟု National Energy Development Committee မှ ဦးသောင်းဝင်းက ပြောကြားသည်။

"CNG က မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ အဆပေါင်းများစွာ တိုးချဲ့ထုတ်လုပ်ဖို့ ရှိနေတယ်။ နိုင်ငံတော် မူဝါဒ ကလည်း ပြည်တွင်း၊ ပြည်ပ ပူးတွဲလုပ်ငန်းတွေကို အကောင်အထည်ဖော်မှာ ဖြစ်တဲ့အတွက် ပုဂ္ဂလိက လုပ်ငန်းတွေကို အားပေးနေတာဖြစ်တယ်။ ဒီတော့ ဓာတ်ငွေ့အရောင်းဆိုင်လုပ်ငန်းကိုလည်းသေချာပေါက် အားပေးမှာ ဖြစ်တယ်။ သို့ပေမယ့် ပြည်တွင်းက အရင်းအနှီးရှိတဲ့သူနဲ့ တွဲလုပ်ရမှာဖြစ်လို့ ဖက်စပ် (Joint Venture) လုပ်ဖို့ ဖြစ်နိုင်ခြေ များပါတယ်" ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် CNG ဖြည့်ပေးသည့် Station ၄၅ ခုလုံးသည် အစိုးရပိုင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် CNG ကို စီးတီးဘတ်စ်များနှင့် တက္ကစီများအတွက် အများဆုံး ထောက်ပံ့ပေးနေပြီး နောင်တွင် အခြားယာဉ်များကိုပါ တိုးချဲ့ပေးသွားရန် မျှော်မှန်းထားကြောင်း သိရသည်။

"လက်ရှိရေးဆွဲနေတဲ့ စွမ်းအင်မူဝါဒမှာ မြစ်တွင်းသွား သင်္ဘောတွေ အတွက်လည်း ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါပေမဲ့ CNG က သိုလှောင်ရတဲ့ ပမာဏက အကန့်အသတ် ရှိပါတယ်။ မြစ်တွင်းသွား သင်္ဘော တွေက ခရီးအကွာအဝေးနဲ့ ဓာတ်ငွေ့ဖြည့်ပေးမယ့် Station တွေ အဆင်ပြေရင် တဖြည်းဖြည်း ပေးသွားဖို့ အစီအစဉ် ရှိပါတယ်" ဟုမြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးညီညီစိန် က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏စွမ်းအင်ထုတ်လုပ်မှု ရည်မှန်းချက်အရ ကာလတို ငါးနှစ်စီမံကိန်းအဖြစ် ၂၀၁၁-၁၂ ခုနှစ်မှ ၂၀၁၅-၁၆ ခုနှစ်အတွင်း ရေနံစိမ်းကို ကုန်းတွင်းကမ်းလွန် နှစ်ရပ်ပေါင်းတွင် ရေနံစိမ်းစည် သန်းပေါင်း
(၆ ဒသမ ၆ သန်း) မှ (၆ ဒသမ ၆၁၂ သန်း) အထိ ၀ ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့်ထုတ်လုပ် သွားမည်ဟု သိရသည်။

ကာလတို ငါးနှစ်စီမံကိန်းတွင် သဘာဝဓာတ်ငွေ့ကို ကုန်းတွင်းကမ်းလွန်နှစ်ရပ်ပေါင်း ကုဗပေသန်းပေါင်း ၄၆၅၂၈၀ မှ ၇၉၁၈၇၄ သန်း၊ ၇၀ ဒသမ ၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ထုတ်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

eleven media group

No comments: