Thursday, June 27, 2013

ဝန်ကြီးချုပ် ဖြစ်လာဖို့ Kevin Rudd ဒီနေ့မှာ ကျမ်းကြိမ်မယ်

Thursday, 27 June 2013


သြစတြေးလျ နိုင်ငံမှာ လက်ရှိအာဏာရအုပ်ချုပ်ရေး ပါတီခေါင်းဆောင်နေရာအပြောင်းအလဲ တာဆူနေတာ ကြာပြီ ဖြစ်ပေမယ့် မနေ့က ည ၅ နာရီလောက်မှာ ဝန်ကြီးချုပ် ဟောင်းဖြစ်သွားပြီဖြစ်တဲ့ Julia Gillard က မဲပေးဆုံးဖြတ်ဖို့ စိန်ခေါ်လိုက်ပြီးတဲ့နောက် ဝန်ကြီးချုပ်သစ်ဖြစ်လာတော့မည့် Kevin Rudd ဟာ ခေါင်း ဆောင် နေရာကို ည ၇ နာရီ ကျော် မိနစ်ပိုင်း အတွင်းမှာပဲ ၅၇ မဲ ၄၅ မဲနဲ့ အနိုင်ရခဲ့ တဲ့အတွက် ဒီကနေ့ မနက်မှာ Kevin Rudd ဟာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကြိမ်ဆိုမှာ ဖြစ်ပါတယ်။

Julia Gillard ကတော့ ညတွင်းချင်း ရာထူးကနေ တရားဝင်နှုတ်ထွက်ခဲ့ပါတယ်။ Kevin Rudd ကို စိန်ခေါ် ရာမှာ Julia Gillard ကလည်း မဲရှုံးသူက နိုင်ငံရေးလောက ကနေ နှုတ်ထွက်ကြေးဆိုတဲ့ စိန်ခေါ်မှုပြုခဲ့တဲ့ အတိုင်း Julia Gillard ကလာမည့် ရွေးကောက်ပွဲမှာလည်း သူ့ရဲ့မဲဆန္ဒနယ်မြေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ မရှိတော့ဘူးလို့ကြေညာပြီး သူ့ရဲ့ နိုင်ငံရေးဘဝကို ဇာတ်သိမ်းခဲ့ပါတယ်။

သြစတြေးလျနိုင်ငံက ရွေးကောက်ပွဲကို ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ Julia Gillard က စက်တင်ဘာ ၁၄ အဖြစ်သတ်မှတ် ကြေညာထားခဲ့ပေမယ့် အခုအခါမှာ ဝန်ကြီးချုပ်အသစ် တက်လာမည့် Kevin Rudd က
ရွေးကောက်ပွဲနေ့ကို အတည်ပြုမလား ရွေ့ဆိုင်းမလားဆိုတာကို အများကစောင့်ကြည့် နေပါတယ်။

မနေ့က ဝန်ကြီးချုပ်ဟောင်း Julia Gillard ကို ဖြုတ်ချဖို့ လွှတ်တော်ရဲ့ နောက်ကွယ်မှာကြွက်ကြွက်ဆူ နေသလို မီဒီယာ သတင်းတွေလည်း အဆက်မပြတ် သတင်းတွေ ပွနေပါတယ်။

လွှတ်တော် အစည်းအဝေး ထဲမှာတော့ အိနြေ္ဒမပျက် တခြား ကိစ္စတွေကို ဆက်လက် ဆွေးနွေးနေကြ တော့ အတိုက် အခံခေါင်းဆောင်ကနေစတင်ပြီး လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ချက်ချင်း ကျင်းပဖို့ အဆိုတင်သွင်းခဲ့ရာမှာ လွတ်တော်တွင်း မဲပေးဆုံးဖြတ်မှု လိုအပ်တဲ့ အရည်အတွက်မရတဲ့အတွက် အဆို တင်သွင်းချက် ရှုံးနိမ့်သွားပါတယ်။

လေဘာပါတီအတွင်း ခေါင်းဆောင် အပြောင်းအလဲမှာ အရေး ရှုံးနိမ့်သွားခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း ဂျူလီယာဂေးလ်လဒ်နဲ့ ဒု ၀န်ကြီးချုပ်ဟောင်း Wayne Swan တို့က ရာထူးကနေ နှုတ်ထွက်ခဲ့တဲ့အပြင် အကြီးတန်းဝန်ကြီး ၆ ဦးလည်း နှုတ်ထွက်ခဲ့ပါတယ်။

အဲဒီ အထဲမှာ ကုန်သွယ်ရေး ၀န်ကြီးဟောင်း Craig Emerson၊ ပညာရေးဝန်ကြီး Peter Garrett၊ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာဝန်ကြီး၊ ဆက်သွယ်ရေးဝန်ကြီး နဲ့ စိုက်ပျိုးရေးဝန်ကြီးတို့လည်း ပါဝင်ခဲ့ပါတယ်။ အခုလို ဝန်ကြီး ရာထူးတွေကနေ နှုတ်ထွက်ခဲ့တဲ့အတွက် ရွေးကောက်ပွဲမှာ ပြန်လည် အရွေးခံရမယ်ဆိုရင် ပါတီ တွင်း နောက်တန်းမှာ နေရာယူမှာ ဖြစ်ကြပါတယ်။

သြစတြေးလျ လေဘာပါတီကို အရင်ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးသူ Kevin Ruddပြန်လည်ဦးဆောင်တော့မယ့် အတွက် လာမယ့်ရွေးကောက်ပွဲမှာအနိုင်ရဖို့အတွက် လေဘာပါတီရဲ့ ယှဉ်ပြိုင်နိုင်စွမ်းပိုတက်လာမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Bob Carr က ပြောလိုက်ပါတယ်။

မကြာသေးခင်အချိန်အထိ လေဘာပါတီခေါင်းဆောင်ဖြစ်ခဲ့တဲ့ Julia Gillard က လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲလုပ်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် Mr Rudd ကတော့ ဘယ်တော့ရွေး ကောက်ပွဲလုပ်မယ်ဆိုတာ ထုတ်ဖေါ်ပြောဆိုထားခြင်း မရှိသေးပါဘူး။

ဒါပေမယ့် Mr Rudd ရဲ့လက်ထောက်ဖြစ်သူ Anthony Albanese ကတော့ ရွေးကောက်ပွဲလုပ်ဖို့က လအတော်ကြာလိမ့်ဦးမယ်လို့ ပြောပါတယ်။

Mr Rudd ဦးဆောင်တဲ့နောက်မှာတော့ လေဘာပါတီအနေနဲ့ လာမယ့်ပြည်ထောင်စုရွေးကောက်ပွဲမှာ အနိုင်ရဖို့ အခွင့်အလမ်းပိုများလာပြီဖြစ်တယ်လို့လည်း Bob Carr က ပြောခဲ့ပါတယ်။

ABC Radio Australia

No comments: