Monday, July 01, 2013

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ ဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ဇူလိုင် ၁ ရက် (ယနေ့) တွင် စတင်ပို့လွှတ်မည်


Monday, 01 July 2013


ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ဇူလိုင် ၁ ရက်တွင် စတင်ပို့လွှတ်မည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

အရှည် ၇၉၃ ကီလိုမီတာ ရှည်လျားသည့် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ကျောက်ဖြူမှ စတင်၍ မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည် နယ်များကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ရွှေလီမြို့မှ တစ်ဆင့် တရုတ်နိုင်ငံတွင်းသို့ အသီးသီးဝင်ရောက်မည်ဖြစ် ကြောင်း၊ အဆိုပါပိုက်လိုင်းဖြင့် ကနဦး ကာလပိုင်းတွင် တစ်နှစ်လျှင်ကုဗမီတာ ၅ ဒသမ ၂ ဘီလျံပို့ဆောင်နိုင်
မည်ဖြစ်ပြီး နောက်ပိုင်းတွင် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလျံ ပို့ဆောင်နိုင်မည်ဖြစ်ပြီး Process Station ခြောက်ခု တည်ဆောက်ထားမည် ဖြစ်ကြောင်းလည်း CNPC မှ ထုတ်ပြန်ချက်များအရ သိရသည်။


''မြန်မာ-တရုတ် ရေနံစိမ်း ပိုက်လိုင်းကနေပြီးတော့ တစ်နှစ်မှာ ရေနံစိမ်း တန်ချိန်ပေါင်း ၂၂ သန်း ပို့လွှတ် နိုင်မှာ ဖြစ်ပြီးတော့ Process Station ငါးခုနဲ့ တန်ချိန် သုံးသိန်း အဆင့်ရှိတဲ့ ရေနံစိမ်း ဆိပ်ကမ်းတစ်ခုကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့ပိုက်လိုင်း အနေနဲ့တော့ တစ်နှစ်မှာ သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလျံ ပို့လွှတ်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကနဦး အဆင့်မှာတော့ တစ်နှစ်ကို ကုဗမီတာ ၅ ဒသမ ၂ ဘီလျံပဲ ပို့ဆောင်နိုင်မှာ ဖြစ်ပြီး Process Station ခြောက်ခု တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီအထဲ ကမှ ရေနံစိမ်းတန်ချိန် နှစ်သန်းနဲ့ သဘာဝဓာတ်ငွေ့ ကုဗမီတာ နှစ်ဘီလျံကို မြန်မာနိုင်ငံအတွက် ပေးသွား မှာပါ'' ဟုမြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း အကောင်အထည် ဖော်နေ သော SEAOP & SEAGP မှ Deputy Director ဖြစ်သူ Mr.Zhang က ပြောပြသည်။

မြန်မာ-တရုတ် ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့များ စတင်ပို့လွှတ်ပြီ ဖြစ်သော်လည်း ပိုက်လိုင်းတစ်လျှောက် တွင် သိမ်းယူထားသည့် မြေယာများအပေါ် လျော်ကြေး ပြန်လည်ပေးအပ်မှုနှင့် ပတ်သက်ပြီး အချို့ဒေသ
များ၌ ပြေလည်မှု ရရှိသော်လည်း အချို့ဒေသများ၌မူ လက်ရှိအချိန်ထိပြေလည်မှု မရှိသေးကြောင်း...

အဆိုပါ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၏ Offloading Point မှာ ကျောက်ဖြူ၊ ရေနံချောင်း၊ တောင်သာနှင့် မန္တလေးတို့ဖြစ်ကြောင်းနှင့် ရေနံစိမ်းပိုက်လိုင်းအတွက် Offloading Point မှာ စကုမြို့ဖြစ်ကြောင်း သိရ သည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွင်လည်း မြန်မာနိုင်ငံကို ပိုက်လိုင်းဖြတ်သန်းသွယ်တန်း ရသည့်အတွက် ပိုက်လိုင်း လမ်းကြောင်းဖြတ်သန်းခ (Right of Way) အဖြစ် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၆ ဒသမ ၉၀၅ သန်း ရရှိမည်ဖြစ်သည်။ မြန်မာ-တရုတ် ရေနံပိုက်လိုင်း စီမံကိန်းတွင်လည်း ပိုက်လိုင်း လမ်းကြောင်း ဖြတ်သန်းခ (Right of Way) အဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၀၅ သန်း ရရှိမည့်အပြင် မြန်မာနိုင်ငံကို ဖြတ်သန်း ပို့ဆောင်ရသည့်အတွက် (Transit Fee) အဖြစ် ရေနံပမာဏ တစ်တန်လျှင် အမေရိကန် တစ်ဒေါ်လာ ရရှိမည်ဖြစ်ကြောင်း သိရသည်။

စွမ်းအင်ဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ ပြည်တွင်းသုံးစွဲမှု ပမာဏမှာ တစ်ရက်လျှင် သန်းပေါင်း ၅၉၀ mmcfd (cubic feet per day) လိုအပ်ကြောင်းနှင့် လက်တလောတွင် တစ်နေ့လျှင် ၂၄ mmcfd သာပေး နိုင်သေးကြောင်း၊ အလားတူ ရေနံစိမ်းလိုအပ်ချက် တစ်နေ့လျှင် စည်ပေါင်း ၆၀၀၀၀ လိုအပ်နေပြီး လက်ရှိ အနေအထားတွင် စည် ၂၀၀၀၀ သာ သုံးစွဲနိုင်သေးကြောင်း၊ ထို့အတွက် မြန်မာနိုင်ငံတွင် ရှိနေသော လူဦးရေ ၏ ၇၅ ရာခိုင်နှုန်းမှာ လျှပ်စစ်မီး ရရှိမှု အပိုင်းတွင် အခက်အခဲများစွာ ရှိနေသေးကြောင်း သိရသည်။

မြန်မာ-တရုတ် ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့များ စတင်ပို့လွှတ်ပြီ ဖြစ်သော်လည်း ပိုက်လိုင်းတစ်လျှောက် တွင် သိမ်းယူထားသည့် မြေယာများအပေါ် လျော်ကြေး ပြန်လည်ပေးအပ်မှုနှင့် ပတ်သက်ပြီး အချို့ဒေသ
များ၌ ပြေလည်မှု ရရှိသော်လည်း အချို့ဒေသများ၌မူ လက်ရှိအချိန်ထိပြေလည်မှု မရှိသေးကြောင်းလည်း ပိုက်လိုင်းစောင့်ကြည့်ရေး အဖွဲ့မှ သိရသည်။

''ပိုက်လိုင်း ဖြတ်သန်းသွားတဲ့ ဒေသအချို့မှာ ခုချိန်ထိ မြေယာနဲ့ ပတ်သက်ပြီးလျော်ကြေးမရတာတွေ ရှိနေ ပါသေးတယ်။ တချို့နေရာတွေက အပြည့်အ၀ မရသေးတာတွေလည်း ရှိတယ်။ လျော်ကြေးကို သုံးရစ် ခွဲပေး မယ်ပေါ့။ ပထမတစ်ရစ်ပေးတယ်။ လက်မှတ်တွေထိုးခိုင်းတယ်။ နောက်ထပ် ပေးဖိုကိုကျတော့ဒေသအာဏာ ပိုင်တွေက ငါတို့တွက်တာ မှားသွားလို့ မင်းတို့ ဒီဟာအပြီးပဲဆိုပြီး ထပ်မပေးတော့ တာတွေလည်း ရှိတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေမှာ အဖြစ်များပါတယ်။ လျော်ကြေးတွေက တချို့ဒေသတွေမှာ တစ်ဧကကို သုံးသိန်းရတယ်။ တချို့ဒေသတွေမှာ ၁၀ သိန်းရတာတွေ ရှိတယ်။ ဒါပေမဲ့ နမ့်ခမ်းလို ဒေသတွေမှာတော့ တစ်ဧကကို သိန်း ၁၀၀ ၀န်းကျင်၊ ၁၀၀ ကျော်ကျော်လောက်ရတယ်။ ဒါပေမဲ့ တရုတ်ပြည်ထဲမှာကျတော့ တစ်ဧကကို အနိမ့်ဆုံး မြန်မာငွေနဲ့တွက်ရင် ကျပ်သိန်း ၃၀၀ လောက်ရတယ်'' ဟု မန္တလေး စိမ်းရောင်စိုအဖွဲ့မှ ကိုသော်က ပြောကြားသည်။

ယင်းသို့ ဓာတ်ငွေ့များ စတင် ပို့လွှတ်ရာ၌ ဓာတ်ငွေ့ပိုက်လိုင်း အတွင်းရှိ လေထုကို နိုက်ထရိုဂျင် ဓာတ်ငွေ့ ထည့်သွင်း၍ ဖယ်ရှားရခြင်းကြောင့် ထိုသို့ ဓာတ်ငွေ့ပို့လွှတ်စဉ် လေရှူပေါက်များမှ အသံမြည်ခြင်း၊ မီးညွန့် များထွက်ပေါ်ခြင်းတို့ ဖြစ်တတ်ပြီး စိုးရိမ်စရာမရှိကြောင်း၊ထိုသို့ ဖြစ်ပေါ်ပါက အန္တရာယ်မရှိကြောင်း၊ထိတ်လန့် စရာမလိုကြောင်း ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုဖြစ်ပေါ်ခြင်း မဟုတ်ကြောင်းလည်း မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ သိရသည်။

eleven media group

No comments: