Friday, 19 July 2013
ဒေါ်အောင်ဆန်းစုကြည်မှ ၂၀၁၅ ခုနှစ်တွင် သမ္မတ နေရာအတွက် ယှဉ်ပြိုင်ကြရာ၌ တစ်ကယ်တမ်း သတ္တိရှိ သည်ဆိုပါက တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း မှဆောင်ရွက်ပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ဇူလိုင် ၁၈ ရက်က လွှတ်တော်အတွင်းရှိ ဇဗ္မူသီရိဆောင်၊ မီဒီယာခန်းမတွင်ကျင်းပသည့် တွေ့ဆုံပွဲတွင် မီဒီယာများ၏ မေးမြန်းချက် အပေါ် ပြောကြားသွားခဲ့သည်။
အကယ်၍ လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေအား မပြင်ဆင်နိုင်သည့်အတွက် မိမိအနေဖြင့် ဒုတိယသမ္မတသာ ဖြစ်ခဲ့မည်ဆိုပါက တရားမျှတမည် မဟုတ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြီးပါကလည်း နိုင်ငံတော် သမ္မတနေရာ အတွက် ပြည်သူမှ ရွေးချယ်သည့် မည်သူ့ကိုမဆို လက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်းမျှတစွာ ယှဉ်ပြိုင်နိုင်ရေး အတွက် ၎င်းအနေဖြင့် အဖြစ် နိုင်ဆုံး၊ အမျှတဆုံးဖြစ်အောင် ကြိုးစားပေးသွားမည်ဟု ပြန်လည် ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်မှ ''၂၀၁၅ ရွေးကောက်ပွဲအတွက် အားလုံးတော့ပြင်ဆင်လို့ မပြီးသေးပါဘူး။ အခုမှ
စပြီးတော့ ပြင်ဆင်မှာပါ။ ဒါပေမဲ့ အန်တီတို့ကတော့ နိုင်မှာပေါ့နော်။ တကယ်ပဲ သတ္တိရှိတယ် ဆိုလို့ရှိရင် ဒီရွေးကောက်ပွဲမှာ ကျွန်မတို့က တကယ်ကိုညီညီမျှမျှအခြေအနေပေါ်မှာ ရွေးကောက်ပွဲကို ကျင်းပနိုင်အောင် ဥက္ကဋ္ဌကြီးအနေနဲ့ အစွမ်းကုန်အောင် ဆောင်ရွက်ပေးလိမ့်မယ်လို့ ကျွန်မက ယုံကြည်ပါတယ်'' ဟု အဆိုပါ တွေ့ဆုံပွဲတွင် ပြောကြားသွားခဲ့သည်။
ထပ်မံ၍ ''ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြောင်းလို့ အန်တီက ဒုသမ္မတပဲ ဖြစ်မယ်ဆိုရင် မတရားဘူးလို့ ပြောရ မှာပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပြောင်းပြီးလို့ရှိရင် ဘယ်သူပဲဖြစ်ဖြစ် ပြည်သူက ရွေးချယ်တဲ့သူကို ကျွန်မတို့ လက်ခံမှာပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
သူရဦးရွှေမန်းကလည်း ၎င်းအနေဖြင့် တရားမျှတစွာ ယှဉ်ပြိုင်မှုကို လိုလားကြောင်း၊ လာမည့် ရွေးကောက်ပွဲ တွင် တစ်ဖက်မှ အနိုင်ရအောင် လုပ်မည်ဟု ပြောကြားလာသည့်အတွက် ၂၀၁၅ ယှဉ်ပြိုင်မှုအပေါ် ပိတ်ကား ပေါ်တွင်သာ ကြည့်ပါဟု ပြောလိုကြောင်း ထည့်သွင်း ပြောကြားသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ''လာမယ့် ရွေးကောက်ပွဲမှာ တစ်ဖက်က မိမိအနိုင်ရအောင် လုပ်မယ်လို့ ပြောပါတယ်။ ဥက္ကဌအနေနဲ့ပြောချင်တာကတော့ ပိတ်ကားပေါ်မှာ စောင့်ကြည့်ပါ။ ခုနက
ဒေါ်အောင်ဆန်းစုကြည် ပြောတယ်။ လာမယ့် ရွေးကောက်ပွဲမှာ အမျှတဆုံး ဖြစ်အောင် လုပ်ပေးပါ။ ဥက္ကဌကြီး စီစဉ်ပေးပါ ဆိုပေမယ့်လို့ အဖြစ်နိုင်ဆုံး။ အမျှတဆုံး ဖြစ်အောင် ဥက္ကဌ အနေနဲ့ ကြိုးစားပါမယ်။ ဥက္ကဌ ငယ်စဉ်ကတည်းက အမြဲတမ်း ပြိုင်ပွဲတွေကို သဘောကျပါတယ်။ ဒါပေမယ့် မျှတတဲ့ ပြိုင်ပွဲတွေကို သဘောကျပါတယ်။ တိုင်းမှူးဘ၀တုန်းက စပြီးပြောပါတယ်။ အားပေးတာက ပြိုင်ရင် နိုင်ရမယ်။ နောက်ပိုင်း
ကျတော့ ပြိုင်ရင်နိုင်ရမယ်ဆိုတော့ ကလေးတွေစိတ်ထဲမှာ နိုင်ရင်ပြီးရော ကြိုက်သလို ပြိုင်မယ်ဆိုတာဖြစ်
သွားမှာ စိုးတဲ့အတွက် တရားသဖြင့် ယှဉ်ပြိုင်နိုင်အောင် ကြိုးပမ်းဆိုပြီး ဒီလိုဆောင်ပုဒ် ချပါတယ်။ အခုလည်း ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကား မှန်ပါတယ်။ ဖြစ်နိုင်သမျှ တရားသဖြင့် ယှဉ်ပြိုင်တာ အကောင်းဆုံး
ပါပဲ။ အနိုင်အရှုံးဆိုတာ ရှိကြတာပဲ။ တရားသဖြင့် ယှဉ်ပြိုင်လို့ နိုင်တဲ့သူက ၀မ်းသာသလို ရှုံးတဲ့ သူကလည်း ဒီလိုတရားသဖြင့် ယှဉ်ပြိုင်တာပဲဆိုတဲ့ ဂုဏ်ပုဒ်ကိုရရှိမှာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော် ကြိုးစား
ပါမယ်'' ဟု ပြန်လည် ပြောကြားခဲ့သည်။
eleven media group

No comments:
Post a Comment