Wednesday, 10 July 2013
အစ္စလာမ္မစ်သမ္မတ မိုဟာမက် မော်စီကို တပ်မတော်က ဖြုတ်ချခဲ့ပြီးနောက် ရာထူး ရရှိလာသော ဥပဒေခုံရုံး တရားသူကြီးဟောင်း အီဂျစ် ကြားဖြတ် သမ္မတ အက်ဒ်လီမန်ဆောက ၂၀၁၄ အစောပိုင်းတွင် ပါလီမန် ရွေးကောက်ပွဲများ ပြုလုပ်ပေးမည်ဟု အချိန်ဇယားထုတ်ပြန်ပေးခဲ့ပြီး သမ္မတ ရွေးကောက်ပွဲကို ထိုကာလ နှောင်းပိုင်းတွင် ကြေညာပေးမည်ဟု အစိုးရမီဒီယာကတစ်ဆင့် ထုတ်ပြန်ကြောင်း AFP သတင်းတစ်ရပ်က ရေးသား ဖော်ပြသည်။
မိုဟာမက် မော်စီကို ဖြုတ်ချလိုက်ခြင်းနှင့်အတူ ရပ်ဆိုင်းလိုက်သော အစ္စလာမ္မစ် အသားပေး အခြေခံဥပဒေ ကို ပြန်လည် ပြင်ဆင်ရန် ငါးလခန့် အချိန်ယူရမည်ဖြစ်ပြီး ပြည်သူ့ဆန္ဒ ခံယူပွဲနှင့်လည်း အတည်ပြုရမည် ဖြစ်
သည်ဟု အစိုးရက ထုတ်ပြန်သော အမိန့်ကြေညာစာတွင် ထည့်သွင်းဖော်ပြထားသည်။
အီဂျစ်သမ္မတ မိုဟာမက် မော်စီ နုတ်ထွက်ပေးရေး ဆန္ဒပြပွဲများနှင့် ၎င်းကို ထောက်ခံဆန္ဒပြသူများထိပ်တိုက် တွေ့နေမှုများ ဖြစ်ပြီးနောက် သမ္မတကို ဖြုတ်ချကာ ကြားဖြတ်သမ္မတ မန်ဆောကို တင်ပေးခဲ့သည့် စစ်တပ် က အရပ်သား အုပ်ချုပ်ရေး လက်သို့ တိုင်းပြည်အာဏာ အမြန်ဆုံး လွှဲအပ်ပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့ သည်။
အမိန့် ကြေညာစာတွင် ဖော်ပြထားသော စကားလုံးများအရ ကြားဖြတ် အစိုးရသည် ပါလီမန် ရွေးကောက်ပွဲ ကို ပြန်လည် ပြုလုပ်ရန် စီစဉ်နေကြောင်း အခြေခံဥပဒေရေးရာ ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။
“ဖော်ပြထားတဲ့ အတိုင်းဆိုရင် ရွေးကောက်ပွဲကြီး တစ်ခုလုံးကို ဒီအချိန် အတိုင်းအတာအတွင်းမှာပဲ ပြုလုပ် မယ်လို့ စီစဉ်ထားပုံပဲ” ဟု အခြေခံဥပဒေ ရှေ့နေ ဇိတ်အယ်အလီက ပြောကြားသည်။
သို့သော် စာပိုဒ် ၃၃ ခုပါ အခြေခံဥပဒေ အမိန့်ကြေညာစာသည် တိကျ ရှင်းလင်းမှု မရှိသေးဘဲ ကြားဖြတ် သမ္မတကို ကိုယ်စားလှယ်လောင်း စာရင်း တင်သွင်းခြင်း ကိစ္စရပ်များကိုပါ ဝင်ရောက် စွက်ဖက်နိုင်ရန် ပြုလုပ်ထားသည် ဟုလည်း အချို့က သုံးသပ်ကြသည်။
အမိန့်ကြေညာစာအရ ၂၀၁၄ အစောပိုင်းတွင် ပါလီမန် ရွေးကောက်ပွဲပြုလုပ်ပေးမည်ဟု ဆိုထားသော်လည်း ကိုယ်စားလှယ်လောင်းများ စာရင်း တင်သွင်းခြင်းနှင့် ရွေးကောက်ပွဲ အချိန်ဇယား ဆွဲရန်အတွက် နောက်
ထပ် နှစ်လကျော် အချိန် ထပ်မံ ယူနိုင်ဖွယ်ရှိသည်။
မိုဟာမက်မော်စီကို ထောက်ခံသူများက ၎င်းကိုဖမ်းဆီးထားသည်ဟုယူဆကြသော စစ်တပ်အဆောက်အအုံ ၏ အပြင်ဘက်တွင် ဝိုင်းဝန်း အုံကြွကြရာမှ ၅၁ ဦး သေဆုံးသွားခဲ့ရပြီးနောက် အစ္စလာမ္မစ်များက တော်လှန် ရေး ဆင်နွှဲရန် ပြောဆိုလာစဉ် ထိုသို့ ရွေးကောက်ပွဲ အချိန်ဇယား ထွက်ပေါ်လာခြင်း ဖြစ်သည်။
ခေါင်းဆောင်ကို ရာထူးမှဖယ်ရှားသောကြောင့် ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်နေကြသည့် ထောက်ခံသူများ အပေါ် စစ်တပ်နှင့် ရဲက အစုလိုက် အပြုံလိုက် သတ်ဖြတ်ကြောင်း မွတ်ဆလင် ညီနောင်များ အဖွဲ့အစည်းက ထုတ်ပြန် ပြောဆိုခဲ့သေးသည်။
The Voice Weekly

No comments:
Post a Comment